သမိုင်းရဲ့ ဓားသွားပေါ်က "အမေစု" ရဲ့ မျက်ရည်မရှိတဲ့ ရွေးချယ်မှုကြီး (၅) ခု

by Hla Soewai - Jun 22 2026

ကျွန်တော်တို့ "အမေစု" လို့ ခေါ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် ဘဝခရီးလမ်းဆိုတာ သာမန်လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ မဟုတ်ပါဘူး။ မိမိကိုယ်ပိုင် ပျော်ရွှင်မှုမှန်သမျှကို တစဆီ ဖဲ့ခြွေပြီး တိုင်းပြည်အတွက် စစ်ဗိုလ်ချုပ် တွေ နဲ့ ယဇ်ပလ္လင်ပေါ် စီးချင်းထိုးခဲ့ရသည့် ရှည်လျားလွန်းတဲ့ "အနစ်နာခံမှု သမိုင်းကြောင်း" ဖြစ်ပါတယ်။

 

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ သူမ ဖြတ်သန်းခဲ့တဲ့ ရင်နင့်စရာ ရွေးချယ်မှုကြီး (၅) ခုကို ပြန်ကြည့်ပြီး ရင်ထဲ က လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။

 

───

 

၁။ ချစ်ရတဲ့ မိသားစုကို ခွဲခွာခြင်း (၁၉၈၈)

 

အောက်စဖို့ဒ်ရဲ့ လှပတဲ့ခြံဝန်း၊ ကမ္ဘာကျော်တက္ကသိုလ်က ပညာတတ်ဘဝ၊ ချစ်ရတဲ့ ခင်ပွန်းနဲ့ သားငယ်နှစ်ယောက်။ အရာရာ ပြည့်စုံနေတဲ့ အင်္ဂလန်က သာယာ လှပတဲ့ မိသားစု ဘဝ ကို ကျောခိုင်းပြီး ပြည်သူတွေရဲ့ သွေးနဲ့ မျက်ရည်တွေ ကြားထဲကို သူမ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲဒီနေ့ကစလို့ သူမဟာ မိခင်ကောင်းတယောက်ရဲ့ ပျော်ရွှင်ခွင့်ကို တိုင်းပြည်အတွက် စတေးခဲ့ရပါတယ်။

 

၂။ ချစ်သူရဲ့ နောက်ဆုံးထွက်သက်ကို စွန့်လွှတ်ခြင်း (၁၉၈၉ - ၂၀၁၀)

 

စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်က ထွက်သွားရင် လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမ ခြေလှမ်းမပျက်ခဲ့ဘူး။ ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ သေလုမြောပါး ဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ကို တွေ့ဖို့ အင်္ဂလန်ကို မပြန်ဘဲ ပြည်သူတွေအတွက် နေအိမ်အကျယ်ချုပ်ဘဝကိုပဲ ရွေးခဲ့ပါတယ်။ ချစ်သူရဲ့ နောက်ဆုံးနှုတ်ဆက်စကားကိုတောင် ဖုန်းထဲကနေပဲ နားထောင်ပြီး အခန်းကျဉ်းထဲမှာ မျက်ရည်မြိုသိပ်ခဲ့ရသူပါ။

 

၃။ သက်သောင့်သက်သာ အိုင်ကွန်ဘဝထက် ညစ်ထေးတဲ့ နိုင်ငံရေးထဲ ဆင်းခြင်း (၂၀၁၅)

 

နေအိမ်အကျယ်ချုပ်က လွတ်လာချိန်မှာ ကမ္ဘာက ကိုးကွယ်တဲ့ ဒီမိုကရေစီနတ်သမီးအဖြစ် အိန္ဒြေရရ ထိုင်နေလို့ ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို တကယ်ကယ်တင်ချင်လို့ စစ်တပ်က စိတ်ကြိုက်ဆွဲထားတဲ့ ဖွဲ့စည်းပုံအောက်ထဲ ကိုယ်တိုင်ဆင်းပြီး ကံကြမ္မာကို စိန်ခေါ်ခဲ့ပါတယ်။ မိမိ ဂုဏ်သိက္ခာအနာခံပြီး တိုင်းပြည်ကို အရပ်သားအစိုးရလက်ထဲ အရောက် ဆွဲတင်ပေးခဲ့ပါတယ်။

 

၄။ ကမ္ဘာ့အမုန်းကို တစ်ဦးတည်း ရင်ဆိုင်ခြင်း (၂၀၁၉)

 

ICJ နိုင်ငံတကာတရားရုံးရဲ့ တရားခွင်မှာ တကမ္ဘာလုံးရဲ့ ဝေဖန်ပြစ်တင်မှုတွေကို သူမ တစ်ကိုယ်တော် မတ်မတ်ရပ်ပြီး ရင်ဆိုင်ခဲ့ပါတယ်။ ကမ္ဘာက ပေးထားတဲ့ နိုဘယ်လ်ဆုရှင်ဆိုတဲ့ သရဖူထက် #"ငါ့တိုင်းပြည်နဲ့ငါ့ပြည်သူ့သိက္ခာ" က ပိုအရေးကြီးတယ်ဆိုပြီး မိမိရဲ့ ကိုယ်ပိုင်ဂုဏ်သတင်းကို အမှိုက်လို စွန့်ပစ်ပြီး တရားခွင်ထဲ လျှောက်လဲခဲ့ပါတယ်။

 

၅။ အသက် ၈၁ နှစ်၊ ဇရာအိုနဲ့ အကျဉ်းထောင်နံရံ (၂၀၂၁ - ယနေ့အထိ)

 

အသက် ၈၁ နှစ်ဆိုတာ မြေးတွေနဲ့အတူ သားသမီးရင်ခွင်ထဲမှာ အနားယူရမယ့် အရွယ်ပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ အမေစုဟာ လျှို့ဝှက်မှု များ ပြည့်နှက်စွာ နဲ့ ထိန်းသိမ်းခံရတဲ့ အခန်းကျဉ်းလေးထဲမှာ သူမကို ဖျက်ဆီးပစ်ရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့ စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရပြီး ဇရာအို ခန္ဓာကိုယ်နဲ့ မတရားမှုကို ကြံ့ကြံ့ခံနေရဆဲ ဖြစ်ပါတယ်။ 

 

သားဖြစ်သူ ကိုထိန်လင်းက အမေ အသက်ထင်ရှားရှိရဲ့လားဆိုတဲ့ "Proof of Life" လှုပ်ရှားမှု လုပ်ပြီး ကမ္ဘာကို လိုက်မေးနေရတဲ့အထိ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ရဲ့ နာကျင်စရာ ကံကြမ္မာကို ထိုင်ကြည့်နေရပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် အေးရှားတိုင်းမ် သတင်းစာမှာ ယခုလို ရေးသားထားသည်။

 

စစ်တပ်သည် ပြင်ပမှ ဖိအားများကို လျှော့ချရန်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ရံဖန်ရံခါ ကိုးကားပြောဆိုခြင်း သို့မဟုတ် သီးသန့်တွေ့ဆုံမှုများ ရှိခဲ့ကြောင်း အရိပ်အမြွက် ပြသခြင်းတို့ ပြုလုပ်ကြရစမြဲ ဖြစ်သည်။ သို့သော်လည်း စစ်ဗိုလ်ချုပ်များ၏ သူမအပေါ် ထားရှိသည့် အမြင်မှာ ကြောက်ရွံ့မှု၊ မကျေနပ်မုန်းတီးမှုနှင့် အထင်အမြင်သေးမှုတို့ဖြင့်သာ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ခြင်း ဖြစ်သည်။

 

၎င်းတို့ကိုယ်တိုင် မည်သို့မျှ ဖန်တီး၍ မရနိုင်သော ပြည်သူလူထု၏ တရားဝင် အသိအမှတ်ပြု ထောက်ခံမှုကို မနာလို မကျေနပ် ဖြစ် နေကြသည်။ ၎င်းတို့သည် သူမကို ဖမ်းဆီးချုပ်နှောင်ထားရန် သက်သက်သာ အလိုရှိခဲ့ကြခြင်း မဟုတ်ဘဲ၊ သူမ၏ နိုင်ငံရေးသြဇာကို အပြီးအပိုင် ချိုးနှိမ်ဖျက်ဆီးပစ်ရန်သာ အမြဲတစေ ရည်ရွယ် ခဲ့ကြခြင်း ဖြစ်သည်။

 

အနောက်နိုင်ငံများက သူမကို စံတန်ဖိုးတစ်ခုအနေဖြင့် ကိုးကားကြသည်။ အာဆီယံက သူမနှင့် တွေ့ဆုံခွင့်ရရှိရေးကို သံတမန်ရေးရာ စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ အိန္ဒိယက သူမကို ဖမ်းဆီးထားသူအား ကောင်းမွန်စွာ ဧည့်ခံကြိုဆိုနေစဉ်မှာပင် သူမ၏အရေးကိစ္စကို ထည့်သွင်းပြောဆိုသည်။ တရုတ်ကမူ သူမကို ပိတ်လှောင်ထားသည့် စစ်အုပ်စုကို ကျောထောက် နောက်ခံပြုပေးနေရင်း အခြားတစ်ဖက်တွင်လည်း သူမအား "မိတ်ဆွေဟောင်း" ဟု ခေါ်ဆိုနေပြန်သည်။

 

လူတိုင်းက သူမ၏အမည်နာမကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် အသုံးချနေကြဆဲ ဖြစ်သည်။ သို့သော် မည်သူတဦးတယောက်မျှ ထိုအမည်နာမကို သူမ၏ လွတ်မြောက်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပေ။

 

ဒေါ်အောင် ဆန်းစုကြည် သည် မြန်မာ နိုင်ငံရေးတွင် ကွေ့ကင်း ရှောင်လွှဲသွား၍မရသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် တည်ရှိနေဆဲ ဖြစ်သည်ဟု ရေးသားထားသည်။

 

သားဖြစ်သူ ကင်အဲရစ်၏ #81For81 (Proof of Life) ကမ်ပိန်း၊ ပြည်သူများ၏ #RoseMovement နှင်းဆီလှုပ်ရှားမှုများ နှင့် အတူ အမေစု အမြန်ဆုံး ကျန်းမာစွာ လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!