နိုင်ငံခြားကုန်သွယ်မှု ပြုပြင် ပြောင်းလဲရေး
နိုင်ငံတကာစီးပွားရေးနှင့် ပေါင်းစည်းခြင်း— သို့မဟုတ် တိန့်ရှောင်ဖိန်၏ “တံခါးဖွင့်ဝါဒ”— ကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ အကယ်၍ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၌ရှိသော လုပ်အားခသက်သာမှုဟူသည့် အားလုံးထက် သာလွန်ကောင်းမွန်သော အနေအထားကို အသုံးချပြီး၊ လုပ်အားအခြေပြု ကုန်ထုတ်လုပ်မှုများကို ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် မြှင့်တင်နိုင်မည် ဖြစ်သည်။
သို့သော်လည်း မော်စီတုန်း ခေတ်အတွင်းက တရုတ်နိုင်ငံသည် မိမိတို့၏ အားသာချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော လေးလံသည့် စက်မှုလုပ်ငန်းများကို ဦးစားပေးပြီး၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုကိုသာ အာရုံစိုက်သည့် ဖွံ့ဖြိုးရေးဗျူဟာကို ကျင့်သုံးခဲ့သည်။ ပို၍ ဆိုးသည်မှာ တရုတ်နိုင်ငံသည် မိမိဘာသာ သီးခြားခွဲထွက်နေထိုင်ခဲ့ခြင်း၊ အရင်းရှင်အနောက်အုပ်စုနှင့် ဆိုဗီယက်အုပ်စု နှစ်ခုစလုံးအပေါ် ရန်လိုသောသဘော ထားရှိခဲ့ခြင်းတို့ကြောင့် ၎င်း၏ စီးပွားရေးသည် နိုင်ငံတကာကုန်သွယ်မှုနှင့် လုံးဝကင်းကွာခဲ့ရသည်။
ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်မီ ၁၉၇၈ ခုနှစ် အကြိုကာလတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၎င်း၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၁၀ ရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။ တရုတ်ငွေကြေးတန်ဖိုးကို အဆမတန် အကဲဖြတ်သတ်မှတ်ထားခဲ့ခြင်းကြောင့် ဤ ၁၀ ရာခိုင်နှုန်းဆိုသည့် ကိန်းဂဏန်းသည်ပင် တရုတ်နိုင်ငံ၏ ကုန်သွယ် ရေး တွင် တံခါးဖွင့်ထားမှုကို အမှန်တကယ်ထက် ပိုမိုဖောင်းပွပြနေခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ GDP ကိုယ်နှိုက်ကလည်း အမှန်တကယ်ထက် လျှော့တွက်ထားခြင်း ခံခဲ့ရသည်။
အကယ်၍ GDP နှင့် ငွေလဲလှယ်နှုန်း နှစ်ခုစလုံးကို စျေးကွက်အခြေပြု တိုင်းတာမှုများဖြင့်သာ ပြုပြင်ညှိနှိုင်းတွက်ချက်မည်ဆိုပါက၊ ပြုပြင်ပြောင်းလဲမှု စတင်ချိန်၌ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၎င်း၏ GDP ၏ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းခန့်သာ ရှိမည်ဖြစ်ရာ၊ ယင်းမှာ အမည်ခံ ဖော်ပြထားသည့် ကိန်းဂဏန်း၏ ထက်ဝက်နီးပါးမျှသာ ရှိ ပေတော့မည်။
ထိုသို့ ဖြစ်နေသည်မှာ—တရုတ်နိုင်ငံ၏ စီးပွားရေးစနစ်မှာ ပိတ်ဆို့ထားသည့် သဘောရှိနေခြင်းနှင့် ငွေလုံးငွေရင်း အမြောက်အမြား စိုက်ထုတ်ရသည့် အကြီးစားစက်မှုလုပ်ငန်းများကိုသာ ဦးစားပေးခဲ့သော ၎င်းတို့၏ ထိရောက်မှုမရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကြောင့်ပင် ဖြစ်သည်။ ဤအခြေအနေက တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှုစနစ်ကိုသာ ပြုပြင်ပြောင်းလဲနိုင်ခဲ့လျှင် ကုန်သွယ်မှုကို မြှင့်တင်နိုင်မည့်အပြင် ကုန်ထုတ်စွမ်းအားကိုလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာစေနိုင်သည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေသည်။
ထို့ကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်ရန် ကြိုးပမ်းမှုများနှင့်အတူ တရုတ်ခေါင်းဆောင်များသည် ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုစနစ်ကို ပိုမိုထိရောက်မှုရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို ဆက်တိုက်ချမှတ် လုပ်ဆောင်ခဲ့ကြလေသည်။
ယခင်က အစိုးရသည် အထူးပြုဖွဲ့စည်းထားသော ဗဟိုနိုင်ငံခြားကုန်သွယ်မှုအဖွဲ့ (FTOs) များကတဆင့် နိုင်ငံခြားကုန်သွယ်မှုကို တဦးတည်းအပိုင် ချုပ်ကိုင်ထားခဲ့ခြင်းကြောင့် ပြည်တွင်းကုမ္ပဏီများသည် ထိုသို့လက်ဝါးကြီးအုပ်ထားသည့် အဖွဲ့အစည်းများကတဆင့်သာ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြသည်။
ထို့အတွက် ပထမဆုံးခြေလှမ်းအဖြစ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်များကို ဗဟိုမှ ခွဲဝေပေးပြီး လက်ဝါးကြီး အုပ်ထားမှုများကို ဖျက်သိမ်း ပေးခဲ့သည်။ ဤသို့ဖြင့် ပြည်နယ်အစိုးရများနှင့် ပြည်နယ်အဆင့် ကုန်သွယ်မှုအဖွဲ့ (FTOs) များကို နိုင်ငံခြားကုန်သွယ်မှု များတွင် တိုက်ရိုက်ပါဝင်လုပ်ကိုင်ခွင့် ပြုလာခဲ့သည်။
ဗဟို၏ တဦးတည်းအပိုင် ချုပ်ကိုင်မှုကို ဖြိုခွဲလိုက်နိုင်သည် နှင့် တပြိုင်နက် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ကဏ္ဍ အလျင်အမြန် တိုးတက်လာပုံမှာ ချက်ချင်းဆိုသလို သိသာထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း နိုင်ငံခြားကုန်သွယ်မှု ပြုပြင်ပြောင်းလဲရေးခရီးသည် ချောမွေ့ဖြောင့်ဖြူးခဲ့သည်တော့ မဟုတ်ပေ။ ၁၉၈၁ မှ ၁၉၈၃ ခုနှစ်အတွင်း ချန်ယွန်း စတင်ခဲ့သည့် စီးပွားရေးအရပ်ရပ်ကို ချွေတာစုဆောင်းပြီး အသုံးစရိတ်တွေကို လျှော့ချပစ်မည့် ကမ်ပိန်းကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုကို ပါမစ်စနစ် ဖြင့် ဗဟိုအစိုးရလက်အောက်သို့ ပြန်လည်သွတ်သွင်းခဲ့သည်။
ယင်းမှာ တရုတ်နိုင်ငံ၏ ပို့ကုန်ဈေးနှုန်းများကို ကျဆင်းစေသည့် ပြည်နယ်အဆင့် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများအကြား လွန်ကဲစွာ ပြိုင်ဆိုင်မှုကို ထိန်းညှိရန်နှင့် အကာအကွယ်ပေးရန်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်သည်။
သို့သော် ထိုသို့သော ရှေးရိုးစွဲဝါဒီများ၏ တုံ့ပြန်မှုသည် မကြာမီမှာပင် အရှိန်အဟုန် ပျက်ပြယ်သွားခဲ့ပြီး၊ ၁၉၈၄ မှ ၁၉၈၆ ခုနှစ်အတွင်း ဈေးကွက်စီးပွားရေးစနစ်ကို ပိုမိုဦးတည်သည့် နိုင်ငံခြားကုန်သွယ်မှု ပြုပြင်ပြောင်းလဲရေးအသစ်များ တကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။
လုပ်ထုံးလုပ်နည်းအသစ်များအရ အဖွဲ့အစည်းကြီးများသည် နိုင်ငံတော်ပိုင် ကုန်သွယ်ရေးအဖွဲ့အစည်းများကို ကျော်ဖြတ်ကာ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ခွင့် ရရှိခဲ့ကြသည်။ ထို့အပြင် ‘နိုင်ငံခြား စီးပွားရေးဆက်သွယ်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန’ (MOFERT) အားလည်း ဒေသခံကုန်သွယ်ရေးအဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခွင့် အာဏာကို ရုပ်သိမ်းခြင်း ခံခဲ့ရသည်။ ထိုအခါမှသာ ယင်းဒေသခံအဖွဲ့အစည်းများသည် နိုင်ငံခြားကုန်သွယ်မှုလောကတွင် စစ်မှန်သော ပွဲစား (အကျိုးဆောင်) များအဖြစ်သို့ ကူးပြောင်းရောက်ရှိလာနိုင်ခဲ့ကြတော့သည်။
ထို့ကြောင့် နိုင်ငံအတွင်းရှိ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းအဖွဲ့အစည်း (FTO) အရေအတွက်မှာ ရှစ်ရာခန့်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန်အတွက် မက်လုံးများ ပေးခဲ့ရာတွင် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ရှာဖွေရရှိသော နိုင်ငံခြားငွေ အမြတ်အစွန်းများထဲမှ ပို၍ များပြားသော ပမာဏကို ကိုယ်တိုင်ထိန်းသိမ်းထားခွင့် ပြုခဲ့သည်။ ထို့အပြင် ထိုထိန်းသိမ်းထားသော နိုင်ငံခြားငွေများကို တန်ဖိုးအလွန်အကျွံ သတ်မှတ်ထားသည့် တရားဝင်ငွေလဲနှုန်းဖြင့် လဲလှယ်စေမည့်အစား သတ်မှတ်ထားသော နိုင်ငံခြားငွေလဲလှယ်ရေးစင်တာ များတွင် ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုခဲ့သဖြင့် ကုမ္ပဏီများသည် ၎င်းတို့၏ နိုင်ငံခြားငွေများကို ပိုမိုတွက်ခြေကိုက်သည့် ငွေလဲနှုန်းများဖြင့် ပြောင်းလဲနိုင်ခဲ့ကြသည်။
၁၉၈၀ ပြည့်လွန်နှစ်များ၏ ဒုတိယပိုင်းတွင် တရုတ်နိုင်ငံသည် အဓိကကုန်စည်ကြီးများ (ဥပမာ- ရေနံစိမ်း၊ ဆန်စပါး၊ တွင်းထွက်သတ္တုများ၊ ကြက်ငှက်တိရစ္ဆာန်များနှင့် သံမဏိ) ကဲ့သို့သော ကဏ္ဍများတွင်သာ နိုင်ငံတော်၏ စီမံကိန်းချမှတ်မှုကို ကန့်သတ်ထားခဲ့ပြီး၊ အခြားသော ကုန်စည်အားလုံး (အများစုမှာ ကုန်ချောထုတ်ကုန်များ) ကိုမူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိန်းချုပ်မှုများမရှိဘဲ လွတ်လပ်စွာ ကုန်သွယ်ခွင့် ပြုခဲ့သည်။ အစိုးရအနေဖြင့် ယေဘုယျ ပို့ကုန်ရည်မှန်းချက်များကိုသာ ချမှတ်ပေးတော့ပြီး၊ MOFERT အနေဖြင့် သီးခြားပို့ကုန်စီမံကိန်းများ ရေးဆွဲထုတ်ပြန်ခြင်းကို ရပ်ဆိုင်းခဲ့သည်။
ယင်းနှင့်အတူ ဈေးကွက်စီးပွားရေးကို ဦးတည်သည့် ဖြည့်စွက်ပြုပြင်ပြောင်းလဲမှုများကိုလည်း ပူးတွဲအကောင်အထည်ဖော်ခဲ့သည်။ တန်ဖိုးအလွန်အကျွံ ဖြစ်နေသော တရုတ်ယွမ်ငွေ ကို အကြိမ်ကြိမ် တန်ဖိုးချခဲ့ပြီး၊ နိုင်ငံခြားကုန်သွယ်မှုအတွက် ပေးနေသည့် အစိုးရထောက်ပံ့ကြေးများကိုလည်း လျှော့ချခဲ့သည်။ ထို့အပြင် ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ရည်ရွယ်သည့် ကုန်ချောထုတ်လုပ်မှု ကုန်သွယ်ရေး (အကောက်ခွန်မဲ့ စက်ပစ္စည်း အစိတ်အပိုင်းများကို တင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ကာ ပြန်လည်တင်ပို့သည့် စနစ်) ကို အားပေးရန်အတွက် အခွန်ပြန်အမ်းသည့်စနစ် Tax Rebates ကိုလည်း မိတ်ဆက်ပေးခဲ့သည်။
ဤကဲ့သို့သော ကနဦးပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံခြားကုန်သွယ်မှုကို ချက်ချင်းဆိုသလို အရှိန်အဟုန်ဖြင့် တိုးတက်လာစေခဲ့သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်အကြားတွင် စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၀ ဘီလီယံမှ ၁၀၂ ဘီလီယံအထိ ငါးဆခန့် မြင့်တက်လာခဲ့သည်။ ပို့ကုန်ကဏ္ဍတွင်လည်း အလားတူ ပမာဏမျိုး တိုးတက်လာခဲ့သည်။ ကုန်ချောထုတ်ကုန်များသည် ပို့ကုန်ကဏ္ဍတခုလုံး၏ ပိုမိုများပြားသော ရာခိုင်နှုန်းကို စတင်နေရာယူလာနိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဖွဲ့စည်းပုံသည် သိသိသာသာ ကောင်းမွန်လာခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ကုန်ချောထုတ်ကုန်များသည် စုစုပေါင်းပို့ကုန်၏ ထက်ဝက်ခန့်သာ ရှိခဲ့သော်လည်း၊ ၁၉၈၉ ခုနှစ်သို့ ရောက်ရှိသောအခါတွင်မူ ကုန်ချောထုတ်ကုန်များသည် စုစုပေါင်းပို့ကုန်၏ ၇၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့လေသည်။
ခြုံငုံ၍ဆိုရသော် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် ဆယ်စုနှစ်တစု အကြာတွင် တရုတ်စီးပွားရေးသည် ယခင်ကထက် များစွာ ပိုမိုပွင့်လင်းလာခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ငွေလဲလှယ်နှုန်းအပေါ် အခြေခံတွက်ချက်ထားသည့် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏသည် နိုင်ငံစီးပွားရေးတစ်ခုလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း၊ ၁၉၈၈ ခုနှစ်အရောက်တွင် ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
ဤသို့ ပိုမိုတံခါးဖွင့်ပေးနိုင်ခဲ့ခြင်းက တရုတ်စီးပွားရေးကို လျှင်မြန်စွာ တိုးတက်လာစေခဲ့သည်။ သုတေသနလေ့လာမှုတခု၏ ခန့်မှန်းချက်အရ ၁၉၈၁ မှ ၁၉၈၈ အတွင်း ပို့ကုန်ကဏ္ဍကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း သည် တနှစ်လျှင် ၁ ရာခိုင်နှုန်း ခန့် ပိုမိုတိုးတက်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးထံ တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများအပေါ် သုတေသနပြုချက်များအရ— ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် ပြည်ပကုန်သွယ်မှု တိုးတက်လာခြင်းကြောင့် တက်ကြွလှုပ်ရှားပြီး အရှိန်အဟုန်ကောင်းသော ဒေသအလိုက် "ကုန်ထုတ်လုပ်မှု အစုအဖွဲ့များ" ပေါ်ထွက်လာခြင်း၊ နည်းပညာများ အဆင့်မြှင့်တင်နိုင်ခြင်းနှင့် ကုန်ထုတ်စွမ်းအား များ ပိုမိုတိုးတက်ကောင်းမွန်လာခြင်း စသည့် ခိုင်မာသော သက်သေအထောက်အထားများကိုလည်း တွေ့ရှိခဲ့ရသည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုစနစ် ပြုပြင်ပြောင်းလဲရေးသည် ပြီးပြည့်စုံရန် လိုအပ်လွန်းနေသေးသည်။ ထိုစဉ်က တရုတ်နိုင်ငံသည် ကုန်ပစ္စည်းစျေးနှုန်းများကို ပုံဖျက်စေသည့် ‘ငွေလဲလှယ်နှုန်း နှစ်မျိုးသုံးစနစ်’ (Dual-exchange-rate system) ကို ကျင့်သုံးနေဆဲဖြစ်သည် (ငွေလဲလှယ်နှုန်းကို တစ်မျိုးတည်းဖြစ်အောင် တစ်ပြေးညီ ပေါင်းစည်းခြင်းကို ၁၉၉၄ ခုနှစ်ကျမှသာ လုပ်ဆောင်နိုင်ခဲ့သည်)။
လုပ်ငန်းအများစုမှာလည်း နိုင်ငံခြားကုန်သွယ်မှုကို တိုက်ရိုက်လုပ်ကိုင်ခွင့် မရရှိကြသေးသဖြင့် ပြိုင်ဆိုင်မှုနှင့် စွမ်းဆောင်ရည်အပိုင်းတွင် အဟန့်အတား ဖြစ်နေခဲ့ရသည်။ ပို့ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သော စက်ယန္တရားများနှင့် ကုန်ကြမ်းပစ္စည်း တင်သွင်းမှု အများစုမှာ အခွန်ကင်းလွတ်ခွင့် ရရှိကြသောကြောင့် လက်တွေ့ကျသင့်သည့် အခွန်နှုန်းထား မှာ သက်သာသည်ဆိုသော်လည်း၊ သတ်မှတ်ထားသည့် အမည်ခံ အကောက်ခွန်နှုန်းထားများ မှာမူ မြင့်မားနေဆဲ ဖြစ်သည်။
ထို့အပြင် ပြည်တွင်းစက်မှုလုပ်ငန်းများကို (အဓိကအားဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း - SOEs များကို) ကာကွယ်ပေးရန်အတွက် သွင်းကုန်လိုင်စင် စနစ်များနှင့် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှု တွင်အတားအဆီးများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခဲ့ကြသည်။