မင်းအောင်လှိုင်သည် တိုင်းပြည် အုပ်ချုပ် နိုင်သည့် အရည်အချင်းဟူ၍ တစက်တလေးမျှ မရှိဘဲ ငါးနှစ် ကျော် အာဏာကို ဆုပ်ကိုင်လာနိုင်ခဲ့ရာမှ တဆင့်တက်ကာ "ရွေးကောက်ပွဲ" ဆိုသည်ကို ဖန်တီးပြီး ယခုအခါ ဘီဂျင်းရှိ ပြည့်သူ့ ရင်ပြင် ခမ်းမ၏ ကော်ဇော်နီ ပေါ်တွင် လျှောက်လှမ်းခွင့် ရသွားခဲ့ပြီ ဖြစ်သည်ဟု အမေရိကန် ၏ ဩဇာတက္ကိမ ကြီးမားလှသော Foreign Policy မဂ္ဂဇင်းကြီးက "Myanmar Is What Happens When China Fills a Vacuum" ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်ကို ကောက်နှုတ်ဖေါ်ပြသွားပါမည်။
သို့သော် ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသားများ နှင့် တော်လှန်ရေးအင်အားစုများအတွက်မူ ဘာမျှပြောင်းလဲသွားခြင်းမရှိသလို စစ်ပွဲသည်လည်း ပြီးဆုံးမသွားသေးပေ၊ ဤဖြစ်စဉ်သည် အနောက်အုပ်စုက လျစ်လျူရှုစွန့်ခွာသွားခြင်း၏ နောက်ဆက်တွဲ ပေးဆပ်ရမှုများကို ပြသနေသည့် စောစီးစွာပေါ်ထွက်လာသော သာဓကတစ်ခုအဖြစ် သင်ခန်းစာယူစရာ ဖြစ်နေသည်။ ဤရွေးကောက်ပွဲကို တရုတ်နိုင်ငံက နောက်ကွယ်မှ ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီး၊ ရိုးရာအစဉ်အလာ အနောက်နိုင်ငံ မိတ်ဖက်များက ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကို ရုပ်သိမ်းသွားသည့်အခါမျိုးတွင် တော့ မတည်ငြိမ်သော သို့မဟုတ် ပျက်စီးယိုယွင်းနေသော နိုင်ငံများ၌ ဘီဂျင်းက မည်သို့ပုံစံဖြင့် ဝင်ရောက်ဗျူဟာခင်း ကစားလေ့ရှိသည်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်၏ ကြားဝင်စွက်ဖက်မှုများသည် နိုင်ငံသားများ လိုလားနေသည့် တရားမျှတမှုရှိသော ငြိမ်းချမ်းရေးမျိုး ရရှိရန်ဆိုသည့် ဆန္ဒကို ဂရုစိုက်မှု လုံးဝမရှိဘဲ ၎င်းတို့ ၏ကိုယ်ပိုင် နယ်စပ်ဒေသများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ပြီး နိုင်ငံရေးအရတည်ငြိမ်မှုနှင့် အုပ်ချုပ်သူအစိုးရ သက်ဆိုးရှည်ရေးကိုသာ ဦးတည်ဖော်ဆောင်ထားခြင်း ဖြစ်သည်။
၂၀၂၁ နောက်ပိုင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် ၎င်းတို့၏ ပြည်ပအကူအညီများကို လူသားချင်းစာနာထောက်ထားမှု အတွက်သာ အကူအညီ ပေးခဲ့ကြတော့သည်ပြီး၊ နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ) ၂၀၂၄ ခုနှစ်သို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသို့ ပေးအပ်သည့် စုစုပေါင်းအကူအညီပမာဏမှာ ထက်ဝက်ကျော်အထိ ထိုးဆင်းသွားခဲ့ကာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိသာ ရှိတော့သည်။ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ဘောင်စနစ်များနှင့်ပါ ပေါင်းစည်းလိုက်သည့်အခါ ဤအခြေအနေသည် လုပ်ငန်းဆောင်တာများ လည်ပတ်နိုင်စွမ်းမရှိတော့ဘဲ ပျက်စီးနေသည့် စစ်အုပ်စု ထံသို့ တရားဝင်ဝင်ငွေများ စီးဆင်းမလာစေရန် ပိတ်ဆို့ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။
မြန်မာ၏ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံ ဆိုသည့်တရုတ်ဖက်က အကူအညီများသည်လည်း မရေမရာ သဘောမျိုး ဖြစ်နေသည်။ ၂၀၁၅ ခုနှစ်က ဘီဂျင်း သည် ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကဲ့သို့သော ကြွေးမြီဖြင့် အကောင်အထည်ဖော်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများ အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး သုံးစွဲခဲ့ပြီး အကူအညီ အများဆုံး ပံ့ပိုးပေးသည့် ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ချေးငွေပြန်လည်ပေးဆပ်ရန် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ခက်ခဲခဲ့ခြင်းတို့ ဖြစ်ပွားခဲ့ပြီးနောက်၊ ၂၀၂၃ ခုနှစ်သို့ ရောက်ရှိချိန်တွင်မူ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ရှစ်နှစ်တာကာလအတွင်း ၉၇.၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကာ အမေရိကန်ဒေါ်လာ ၃ သန်းမျှသာ ရှိတော့သည်။
သို့သော်လည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၌ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ အဆမတန် တိုးပွားလာခြင်းကြောင့် ဘီဂျင်းသည် မြန်မာ့ပြည်တွင်းစစ်ထဲ သို့ ဝင်ရောက်လာခဲ့သည်။ တရုတ်၏ နောက်ကွယ်က သဘောတူခွင့်ပြုချက်ဖြင့် အင်အား ၁၅,၀၀၀ ခန့်ရှိသော ၎င်းတို့၏ မွေးစား "တော်လှန်ရေး" အဖွဲ့ ဆိုသူများသည် နယ်မြေအချို့ကို သိမ်းပိုက်ရရှိခဲ့သော်လည်း အဆိုပါ အရှိန်အဟုန်ကို နေပြည်တော်ရှိ စစ်အုပ်ချုပ်ရေးယန္တရားအတွက် အစစ်အမှန် ခြိမ်းခြောက်မှုတခု ဖြစ်လာသည်အထိမူ ပြောင်းလဲဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
၂၀၂၄ သည် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများအတွက် အဆင့်သစ်တခုသို့ စတင်ကူးပြောင်းလိုက်သည့် နှစ်တနှစ် ဖြစ်ခဲ့သည်။ စီးပွားရေးအခွင့်အလမ်းသစ်လည်း ပေါ်ပေါက်လာခဲ့သည့် အတွက် တရားဝင်မှု (သို့မဟုတ်) အသိအမှတ်ပြုမှုကို ငွေပေး၍ ဝယ်ယူမည်လား (သို့မဟုတ်) ငှားရမ်းရမည်လား ဆိုသည့် ပုံစံမျိုး ဖြစ်လာသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှားပါးမြေဒြပ်စင် ထုတ်လုပ်မှု၌ တတိယအဆင့်ရှိကာ သဘာဝဓာတ်ငွေ့ သီးသန့်အရန်ပမာဏ ကုဗမီတာ ဘီလီယံ ၆၀၀ ခန့်ကိုလည်း ပိုင်ဆိုင်ထားသည်။
ဘီဂျင်း သည် မြန်မာလို ရှုပ်ထွေးဆိုးရွားလှသော ပြဿနာတခုအတွက် ငွေကြေးအမြောက်အမြား အကုန်အကျမခံဘဲ နောက်ကွယ်မှ စီမံဖန်တီးပေးနိုင်စွမ်း ရှိလာခဲ့သည်။
မြန်မာ တွင် မည်သည့် အတိုက်အခံမျှ မပါဝင်သောရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် သန်းကောင်စာရင်း ကောက်ယူမှု၊ စစ်တပ် အပေါ် ဆန့်ကျင်သူ များကို ထောက်လှန်း စောင့်ကြည့်သည့် နည်းပညာများ အပါအဝင် လုပ်ငန်းစဉ်များကို ဒေါ်လာ သန်း ၁၄၀ မျှ နှင့် စီစဉ် ပေးနိုင်ခဲ့သည်။
တချိန်တည်းမှာပင် တရုတ်သည် ကမ္ဘာတဝန်းရှိ ရွေးကောက်ပွဲများတွင်လည်း ငွေနဲနဲ ဖြင့် ဗျူဟာမြောက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာနေသည်။ ဒီမိုကရေစီဖြစ်စဉ်များကို ပံ့ပိုးကူညီပေးရန် အမေရိကန်က စွန့်ခွာသွားခဲ့သည့် လစ်ဟာချက်မှာမူ အလွန်ပင် ကြီးမားကျယ်ပြန့်လှသည်။ ဒီမိုကရေစီစနစ် ဆိုသည်က တကြိမ်တခါ ဖယ်ရှားခံလိုက်ရပြီဆိုပါက ပြန်လည်အသက်သွင်းရန် အလွန်ပင် ခက်ခဲလှသည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို ဝယ်ယူနေခြင်းမဟုတ်ဘဲ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့် နယ်စပ်ဒေသများကို ဘေးကင်းလုံခြုံစေရန်အတွက် လုံခြုံရေး၊ တည်ငြိမ်မှုနှင့် အသာစီးရယူ ကြိုးကိုင်နိုင်မည့် အခွင့်အာဏာ တို့ကိုသာ ဝယ်ယူနေခြင်း ဖြစ်သည်။
မြန်မာ နှင့် ပတ်သက်၍ ဘီဂျင်း ၏ လိုလားချက်မှာ "တည်ငြိမ်မှုရှိသော မတည်ငြိမ်မှု" အခြေအနေမျိုးသာ ဖြစ်သည်။ ဆိုလိုသည်မှာ အုပ်ချုပ်သည့် အစိုးရအဖွဲ့တွင် တော်လှန်ပုန်ကန်မှုများနှင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်စွမ်းရှိသည့် အရည်အချင်း အသင့်အတင့် ရှိနေရမည် ဖြစ်သော်လည်း၊ တရုတ်၏ ဩဇာအာဏာကို ပြန်လည်မေးခွန်းထုတ်နိုင်သည့်အဆင့် သို့မဟုတ် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို အန္တရာယ်ပြုနိုင်သည့်အဆင့်အထိမူ စွမ်းဆောင်ရည် အလွန်အမင်း မြင့်မားမနေစေရန် ဖြစ်သည်။
အနောက်နိုင်ငံ မိတ်ဖက်များထံမှ အကူအညီများ ခန်းခြောက်လာချိန်တွင် ရုရှား၊ အိန္ဒိယနှင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံအချို့သည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသင့်အတင့် လှုပ်ရှားဆောင်ရွက်လာကြသော်လည်း၊ မည်သည့်နိုင်ငံကမျှ နေပြည်တော်အတွက် တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချရန် (သို့မဟုတ်) အကာအကွယ်ရယူရန် လက်တွေ့ကျသည့် အခြားရွေးချယ်စရာ နိုင်ငံမျိုး ဖြစ်မလာခဲ့ပေ။
ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့သည် နိုင်ငံတကာ၏ လုံလောက်သော ပံ့ပိုးကူညီမှု မရရှိဘဲ မြန်မာပြည်တွင်းစစ်၏ ရှောင်လွှဲမရသော နောက်ဆက်တွဲ ဆိုးကျိုးဒဏ်များကို အဆိုးရွားဆုံး ခံစားနေကြရသည်။ ဂျပန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ အကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ သုံးစွဲခဲ့သော်လည်း အများစုမှာ ဂျပန်ကုမ္ပဏီများက လုပ်ကိုင်သည့် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်စီမံကိန်းများဆီသို့သာ ဦးတည်သွားခဲ့သည်။ ၎င်းတို့ပေးအပ်သည့် အကူအညီ၏ ၁၀ ရာခိုင်နှုန်းမျှသာလျှင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် သုံးစွဲခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင်မူ မြန်မာ့ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ဝေခွဲမရဘဲ စိတ်ကူးယဉ်နေသည့် ဒီမိုကရေစီနိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း တရုတ်အတွက်မူ ဤရွေးကောက်ပွဲသည် အကျိုးအမြတ်များစွာ ပြန်ရမည့် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာခဲ့သည်။
အာဆီယံသည်လည်း ၎င်းတို့ဖာသာ ချမှတ်ထားသော ဘုံရပ်တည်ချက် ကို ကိုယ်တိုင် ဖေါက်ဖျက်ပြီး စစ်အုပ်စု နှင့် ဆက်ဆံရေး ပြန်လည်ပြေလည်လာရန် ကြိုးစားလာသည့် အရိပ်အယောင်များ ပြလာသည်။စစ်အုပ်စုသည် ဤကဲ့သို့ သဘောထားပျော့ပျောင်းလာမှုအပေါ် အခွင့်ကောင်းယူလျက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို ပြန်လည်လွှတ်ပေးခြင်းနှင့် ရွေးကောက်ခံခေါင်းဆောင်ဟောင်း ဖြစ်သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (မှန်ကန်မှု ရှိမရှိ) အတည်မပြုနိုင်သေးသော ဓာတ်ပုံတပုံကို ထုတ်ပြခြင်းတို့ ဖြင့် မြူဆွယ်လာသည်။
စိတ်ဝမ်းကွဲပြားပျက်စီးနေသော မြန်မာနိုင်ငံ၏ အနာဂတ်သည် ရှင်းလင်းပြတ်သားစွာ မြင်နိုင်ရန် အလှမ်းဝေးလှသေးသည်။ မြန်မာ့ပဋိပက္ခသည် ရေရှည်ကြန့်ကြာနေပြီး အလွှာပေါင်းစုံ ရောထွေးရှုပ်ထွေးနေသည်။
ရေရှည်တည်တံ့မည့် မည်သည့် နိုင်ငံရေး ဖြေရှင်းချက်မျိုးမဆိုသည် (တိုင်းရင်းသား ခေါင်းဆောင်များနှင့် အင်အားစုအသီးသီးအကြား) အာဏာကို ညီတူမျှတူ ခွဲဝေ နိုင်ခြင်း၊ ပဋိပက္ခ၏ နောက်ဆက်တွဲဖြစ်ရပ်များနှင့် ယခင်က ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များ၏ ရိုက်ခတ်မှုများကို တရားမျှတ စွာ ဖြေရှင်း ရေး စသည် တို့ကို မလွဲမသွေ ထည့်သွင်းစဉ်းစား ဖြေရှင်းကြရမည် ဖြစ်သည်။
သို့သော်လည်း သေချာသည်ကတော့ ပြင်ပအာဏာရှင်နိုင်ငံကြီး တနိုင်ငံက ဒေါ်လာ သန်း ၁၄၀ စိုက်ထုတ်ပေးထားသည့် အတုအယောင် ရွေးကောက်ပွဲတခုသည် ငြိမ်းချမ်းရေးအတွက် တော့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်မလာနိုင်ဆိုခြင်းပင်။
ထို့ပြင် စစ်အုပ်ချုပ်ရေးယန္တရား၏ ပြည်တွင်းလုံခြုံရေး အာဏာစက်ကို ပိုမိုခိုင်မာအောင် ကျားကန်ပေးထားခြင်းနှင့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများကို ထိန်းချုပ်ဟန့်တားထားခြင်းတို့ထက်ကျော်လွန်၍ မြန်မာ့ရေးရာတွင် ဘီဂျင်း အနေဖြင့် ယခုထက်ပိုမို ကြားဝင်စွက်ဖက်ရန် တွန်းအား သို့မဟုတ် အကျိုးအမြတ် လုံးဝမရှိသလောက်ပင် ဖြစ်သည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!