ပေါ့စတစ် ထရန့်

by Hla Soewai - Oct 04 2020

အမေရိကန် သမ္မတ နှင့် ဇနီး ဖြစ်သူ တို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံသွားရပြီး စုစုပေါင်း ကူးစက်ခံရသူ ၇.၃ သန်း စာရင်းထဲ အတူပါဝင်သွားပြီ ဆိုတဲ့ သတင်းဟာ အမေရိကန် အစိုးရ၊ ဘဏ္ဍာရေး ဈေးကွက် နဲ့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။

 

ထို့အပြင် ကျန်ရှိနေတဲ့ ရွေးကောက်ပွဲ မဲဆွယ် သက်တမ်း အတွက် မရေရာ မသေချာမှုတွေ တိုးပွား လာနေပါတယ်။ သမ္မတ အနေနဲ့ သီးသန့်နေထိုင်ရမဲ့ကာလတွေ အတွင်း ကိုယ်တိုင် တက်ရောက်ရမည့် ပွဲမှန်သမျှ ဖျက်သိမ်း ရတော့မှာ ဖြစ်တဲ့ အတွက် မဲဆွယ် စည်းရုံးပွဲတွေ မှာ ပါဝင်လို့ မရတော့ပါဘူး။ အောက်တိုဘာ ၁၅ မှာ ပြုလုပ်ဖို့ ရှိနေတဲ့ ဒုတိယအချီ စကားစစ်ထိုးပွဲကိုလည်း ရွှေ့ဆိုင်းပြစ်ရဖို့ များနေပါတယ်။

 

ထရန့်နှင့်အတူ အဲယားဖို့ဝမ်း ဖြင့် မင်နီဆိုးတားရှိ မဲဆွယ် စည်းရုံးပွဲ သို့ ဗုဒ္ဓဟူးနေ့က ခရီးသွားခဲ့တဲ့ လူထု ဆက်ဆံရေး နဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေး ဖြစ်သူ အသက် ၃၁ နှစ်ရှိ မစ် ဟုပ် ဟစ်ခ် ကို (ပုံတွင်ရှု) ကူးစက်ခံရကြောင်း အတည်ပြုချက် ထွက်ပေါ်လာပြီး နောက် နာရီ ပိုင်း အတွင်းမှာပဲ သူလည်း ကူးစက်ခံရကြောင်း ထရန့်က တွစ်တာကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

မိမိနှင့် ဇနီး ဖြစ်သူတို့ ကွာရန်တင်း ဝင်တော့မှာ ဖြစ်ပြီး ပြန်လည် ကျန်းမာလာတဲ့ အထိ အတူတူ ဖြတ်ကျော် သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အိမ်ဖြူတော်မှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

 

အသက် ၇၄ နှစ်ရှိနေတာကြောင့် ထရန့်အတွက် စိုးရိမ်ရတဲ့ အသက် အပိုင်းအခြားထဲမှာ ပါနေတဲ့ အတွက် အိမ်ဖြူတော်ရှိ ကျန်းမာရေး အဖွဲ့က မျက်စိဒေါက်ထောက် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

 

ကြာသပတေးနေ့က ထရန့် သည် နောက်ဆုံး ပြင်ပ ခရီးအဖြစ် နယူးဂျာစီ ရှိ ဘက်မင်စတာတွင်ရံပုံငွေ စုဆောင်းရေး ပွဲသို့ တက်ရောက်ရန် ရောက်ခဲ့ပြီး ထောက်ခံသူများ နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ ပိုင် ဂေါက်ကလပ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး လူ တရာခန့်နဲ့ ထိတွေ့ ခဲ့မှု ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ပုဂ္ဂိုလ်များ အားလည်း စစ်ဆေးခံဖို့ နယူးဂျာစီ ပြည်နယ် အုပ်ချုပ်ရေးမှူးက တိုက်တွန်းခဲ့ပါတယ်။

 

သူနဲ့အတူ ခရီးသွားခဲ့တဲ့ သမီး နှင့် သားမက် ဖြစ်သူတို့ ကူးစက်ခြင်း မရှိတဲ့အပြင် ဒုသမ္မတ မိုက်ပင့်စ်လည်း ကူးစက်မှု မရှိသေးဖူး လို့ ဆိုပါတယ်။

 

အိမ်ဖြူတော် ကျန်းမာရေး အရာရှိ ဒေါက်တာ ရှောင် ကွန်လေးက ထရန့်အနေနဲ့ သမ္မတ တာဝန်များကို အနှောက်အယှက် မရှိ ဆက်လက်တာဝန် ထမ်းဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒေါ်နယ် ထရန့်က ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဆေးဝါးများ နဲ့ သမားတော်များက ပြုစုစောင့်ရှောက်မှာ ဖြစ်တဲ့ အတွက် သေဖို့နှုန်းက ၃% ပဲ ရှိပြီး အပြင်းအထန် ဝေဒနာ ခံစားဖို့ က ၁၀-၁၅% သာ ရှိတယ်လို့ အမေရိကန် စီဒီစီ အကြီးအကဲဟောင်း တွမ် ဖရီဒင်က တွစ်တာ မှာ ရေးလာခဲ့ပါတယ်။

 

သမ္မတ ရဲ့ အခြေအနေ ဆိုးဝါးလာလို့ရှိရင် ၂၅ ကြိမ်မြောက် ဖွဲ့စည်းပုံ ပြင်ဆင်မှု အပိုဒ် (၃) အရ ဒုသမ္မတ ကို ယာယီ လွှဲပြောင်းပေးရဖို့ ရှိနေပါတယ်။ သမ္မတက သူကျန်းမာလာပြီလို့ ကွန်ဂရက်ကို အကြောင်းကြား လာတဲ့အခါမှာ ကွန်ဂရက် နဲ့ ဆီးနိတ်က ၄၈ နာရီ အတွင်း တကယ် ဟုတ်မဟုတ်ကို မဲခွဲ ဆုံးဖြတ်ပေးရရန်ရှိနေပြီး မဆောင်ရွက်နိုင်တော့ဖူးလို့ ဆုံးဖြတ်ရင် ဒုသမ္မတက ပဲ နောက် ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ ဆက်လက် တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။ ဒုသမ္မတပါ ကူးစက်ခံရပြီး တာဝန် မထမ်းဆောင်နိုင်တော့ဖူးဆိုရင်တော့ အောက်လွှတ်တော် ဥက္ကဌ က တာဝန်ယူရမှာ ဖြစ်ပါတယ်။ သူ့နောက်မှာ နိုင်ငံခြားရေးဝန်ကြီး ရှိနေပါတယ်။

 

ထရန့်သည် မဲဆွယ် ပွဲတွေ မှာနှာခေါင်းစည်း တပ်ဆင်ထားတာကို အမြဲလို မတွေ့ရကြောင်း လူမြင်ကွင်း နောက်ကွယ်မှာ တပ်မှာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ စကားစစ်ထိုးပွဲကို နှာခေါင်းစည်း တပ် ရောက်လာတဲ့ ဂျိုး ဘိုင်ဒင်ကိုတောင် သူနဲ့ ပေနှစ်ရာ အကွာလောက်ကနေ ပြောရမယ်မှန်း သိနေတာကို တခါမှတောင် မတွေ့ဖူးတဲ့ နှာခေါင်းစည်း အကြီးစားကြီးတပ်ပြီး ရောက်လာတယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။ သူ နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများကို အမြဲလို စစ်နေသည့် အတွက် နှာခေါင်းစည်း တပ်ဖို့ မလိုဟု မကြာခဏ ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

 

ရုရှားသမ္မတ ပူတင် မှ သံတမန် ကြေးနန်းကို သုံးပြီး အမြန် ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြောင်း သိရပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကတော့ တွစ်တာ ကနေ ဆုမွန်တောင်းခဲ့ပါတယ်။

 

လောလောဆယ် ကူးစက်ခံခဲ့ရတဲ့ ကမ္ဘာ ခေါင်းဆောင်များ မှာ ဘရာဇီး၊ ဘိုလစ်ဗီယား၊ ဒိုမီနီကန်။ ဂွါတီမာလာ၊ ဘဲလာရုစ်၊ ဟွန်ဒူးရပ်စ်မှ သမ္မတ များ၊ ရုရှား၊ ဗြိတိန် နဲ့ အာမေးနီးယား ဝန်ကြီးချုပ် တို့ ဖြစ်ပါတယ်။

 

(ကိုးကား - The Wall Street Journal / The New York Times)