ဗိုလ်မှူး ဘတ်ခ်၏ အင်အားနည်းပါးလှသော တပ်ဖွဲ့သည် ရှည်လျားပြီး ပင်ပန်းခက်ခဲဖွယ်ရှိသော တိုက်ပွဲကြီးတခုကို ဆင်နွှဲရန် အဆင်သင့်မဖြစ်သေးပေ။ ထို့ကြောင့် သူသည် ပညာရှိစွာပင် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပြီး မိမိတပ်ဖွဲ့နှင့် မြန်မာတပ်များအကြား ဝေးနိုင်သမျှဝေးအောင် အမြန်ဆုံး ဆုတ်ခွာခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် အခြားသော ကံဆိုးမိုးမှောင်ကျမှုများက ထပ်မံဆိုက်ရောက်လာခဲ့ပြန်သည်။ မြေပြန့်ဒေသများတွင် မိုးရာသီ စတင်နေပြီဖြစ်ရာ ၎င်းနှင့်အတူ ငှက်ဖျားရောဂါပါ ကပ်၍လိုက်လာခဲ့သည်။ ဗိုလ်မှူး ဘတ်ခ်အနေဖြင့် ဗိုလ်ချုပ် မော်ရစ်ဆင် ၏ တပ်မကြီးနှင့် ပြန်မပူးပေါင်းနိုင်မီမှာပင် ၎င်း၏ စစ်သည်အများစုသည် ပြင်းထန်လှသော ငှက်ဖျားရောဂါပိုး ကူးစက်ခံရပြီး သေဆုံးခဲ့ကြရသည်။
ရခိုင်ဒေသရှိ မော်ရစ်ဆင်နှင့် သူ၏ တပ်ဖွဲ့ဝင်များမှာလည်း အခြေအနေ ပိုမကောင်းခဲ့ပေ။ ငှက်ဖျားရောဂါနှင့် သွေးဝမ်းကိုက်ရောဂါများက ၎င်းတို့ကို ကူးစက်ပြန့်ပွားနေပြီး ရာသီဥတု ဆိုးရွားမှုကြောင့် ရောဂါဖြစ်ပွားနှုန်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း မိုးရေချိန် ၁၀၃ လက်မအထိ စံချိန်တင် ရွာသွန်းခဲ့ပြီး ရံဖန်ရံခါတွင် အပူချိန်မှာ ဖာရင်ဟိုက် ၉၂ ဒီဂရီ (၃၃.၃ ဒီဂရီစင်တီဂရိတ်) မှ ၇၈ ဒီဂရီ (၂၅.၅ ဒီဂရီစင်တီဂရိတ်) သို့ ရုတ်ချည်း ထိုးဆင်းသွားလိုက်၊ ပြန်တက်လာလိုက်နှင့် ရာသီဥတုမှာ အပြောင်းအလဲ မြန်လှပေသည်။
အပူပိုင်းဒေသ၏ ပြင်းထန်လှသော အိုက်စပ်စိုထိုင်းမှုအောက်တွင် ဝါးတဲများထဲ၌ ပိတ်လှောင်မိနေပြီး ရမ် သို့မဟုတ် Arak အရက်များကို သောက်ယုံ မှ တပါး အခြားလုပ်စရာမရှိသည့် စစ်သည်များသည် သောက်စားမူးယစ် ကုန်ကြသည်၊ ဤသည်က ရှောင်လွှဲမရနိုင်သော အခြေအနေကို ပိုမိုဆိုးရွားသွားစေသည့် အချက် ဖြစ်ခဲ့သည်။
ဝမ်းကိုက်ရောဂါနှင့် ငှက်ဖျားရောဂါတို့သည် ကပ်ရောဂါအသွင် ပျံ့နှံ့လာခဲ့ပြီး၊ ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ကောင်းမွန်သော မာန်အောင်)၊ ရမ်းဗြဲကျွန်းနှင့် သံတွဲတို့ရှိ တပ်စိပ်ငယ်အချို့မှလွဲ၍ ကျန်တပ်ဖွဲ့အားလုံးကို ရုတ်သိမ်းလိုက်သည့် စက်တင်ဘာလကုန်ပိုင်းအထိ ဗြိတိသျှစစ်သည် အင်အား ၁,၅၀၀ အနက် ၆၀၀ နီးပါး သေဆုံးခဲ့ကာ၊ အိန္ဒိယ စစ်ဗာရီ စုစုပေါင်း ၈,၀၀၀ အနက် ၉၀၀ သေဆုံးခဲ့သည်။ ထို့အပြင် ဗြိတိသျှစစ်သည် ၄၀၀ ခန့်နှင့် စစ်ဗာရီ ၃,၆၀၀ ခန့်မှာလည်း ဆေးရုံတက်ခဲ့ရသည်။ တပ်မှူးဖြစ်သူ မော်ရစ်ဆင် သည်လည်း ငှက်ဖျားရောဂါ ကူးစက်ခံရသဖြင့် ကျန်းမာရေးကြောင့် အင်္ဂလန်သို့ နေရပ်ပြန်ခွင့်ပြုခဲ့သော်လည်း ရေကြောင်း လမ်း ခရီးအတွင်းမှာပင် သေဆုံးသွားခဲ့သည်။
ယင်းသည် အိန္ဒိယရှိ ဗြိတိသျှ အစိုးရက ၎င်းတို့ မည်သို့မျှ ကြိုတင် သိရှိ မထားဘဲ၊ စစ်တပ်အား ယခုလို အမည်မသိ အပူပိုင်းဒေသ ငရဲခန်းအတွင်းသို့ မျက်ကန်း တစ္ဆေမကြောက် စေလွှတ် အမိန့်ပေးခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်တော့သည်။
ယခုအခါ စစ်ဆင်ရေးကြီးတခုလုံးကို အောင်ပွဲရသည်အထိ ဆင်နွှဲရမည့် လေးလံလှသော တာဝန်ကြီးမှာ ကမ်းဘဲလ် တဦးတည်းအပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ရန်ကုန်တိုက်ပွဲတွင် စစ်ရှုံးခဲ့ရသည့် အရှက်ရမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဟန်တူသော မဟာဗန္ဓုလသည် အခိုင်အမာ ခံတပ်တည်ဆောက်ထားပြီးဖြစ်သည့် ဓနုဖြူမြို့တွင် အင်အားအတန်အသင့်ရှိသော စစ်သည်များကို ပြန်လည်စုစည်းထားခဲ့သည်။
ကမ်းဘဲလ်အနေဖြင့် မြောက်ဘက် (အင်းဝနေပြည်တော်) သို့ ရေကြောင်း၊ ကုန်းကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ မချီတက်မီ ဓနုဖြူခံတပ်ကို ပထမဦးစွာ အောင်နိုင်ရမည် ဖြစ်သည်။
အကယ်၍သာ သူ့တွင် သယ်ယူပို့ဆောင်ရေး တိရစ္ဆာန် (လား၊ နွား၊ မြင်း) လုံလောက်စွာ ရှိခဲ့မည်ဆိုပါက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြန်မာတို့၏ ခံစစ်စခန်းအားလုံးကို ရှောင်ကွင်းသွားနိုင်မည့် ပဲခူးနှင့် တောင်ငူတို့ကို ဖြတ်သန်းသွားသော အတိုဆုံးနှင့် အကောင်းဆုံး လမ်းမကြီးမှတစ်ဆင့် နေပြည်တော်သို့ ချီတက်ခဲ့ကောင်း ချီတက်ခဲ့ပေလိမ့်မည်။
သို့သော် ရိက္ခာထောက်ပံ့မှုပိုင်းတွင် ဧရာဝတီမြစ်ကိုသာ အဖက်ဖက်မှ မှီခိုနေရသဖြင့် ထိုသို့ချီတက်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့ရာတွင် သူရွေးချယ်ခဲ့သည့် စစ်ဗျူဟာအစီအစဉ်၌ ဧရာဝတီမြစ်နှင့် ယှဉ်ပြိုင်စီးဆင်းနေသော စစ်တောင်းမြစ်ဝှမ်းဒေသ ကာကွယ်ရေးအတွက် ထည့်သွင်းစဉ်းစားထားခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဗြိတိန်၏ မဟာမိတ်ဖြစ်သော ယိုးဒယား တို့ကို တောင်ငူသို့ စစ်ကြောင်းဖွင့် ချီတက်ပေးရန် တောင်းဆိုခဲ့သော်လည်း ယိုးဒယားတို့ အဖို့ ထိုသို့လုပ်ဆောင်လိမ့်မည်မှာမူ မဖြစ်နိုင်သလောက်ပင် ဖြစ်တော့သည်။
ဗိုလ်ချုပ် ကမ်းဘဲလ်သည် ၎င်း၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ဗြိတိသျှခြေလျင်စစ်သည် ၁,၃၀၀၊ စစ်ဗာရီ (အိန္ဒိယလူမျိုး) စစ်သည် ၁,၀၀၀၊ မြင်းစီးတပ်ခွဲ နှစ်ခွဲ၊ မြင်းဆွဲအမြောက်တပ်တတပ်နှင့် ဒုံးကျည်တပ်ခွဲတခု ပါဝင်သည့် ကြည်းကြောင်းဖြင့် ချီတက်လာခဲ့သည်။
၎င်း၏ စစ် ကြောင်း အတွက် ၁၂ ရက်မှ ၁၅ ရက်စာအထိ လောက်ငှမည့် ရိက္ခာများကို ရနိုင်သမျှ ဝန်တင်တိရစ္ဆာန်များ၊ လှည်းများဖြင့် သယ်ဆောင်နိုင်သမျှ တင်လာခဲ့သည်။ အိန္ဒိယမှာရှိစဉ် အရာရှိများ၊ စစ်သည်များ အတွက် ပေးထားသည့် အစားအသောက်နှင့် အဖျော်ယမကာများ၊ အသေးအဖွဲ ဇိမ်ခံပစ္စည်းများကို ထားရစ်ခဲ့ရသည်။ (ထိုဇိမ်ခံပစ္စည်းများ သယ်ဆောင်မည် ဆိုက နည်းနည်း နောနော မဟုတ်၊အတော်လေးကို များပြားလှ ပေသည်။ ဥပမာအားဖြင့် ၁၈၄၀ ပြည့်နှစ် အာဖဂန်နစ္စတန် စစ်ပွဲအတွင်း အရာရှိတဦး၏ ဖွင့်ဟချက်အရ ၎င်းတို့ တပ်ရင်း၏ ထမင်းစားဆောင်အတွက် အကောင်းစား မနီလာ ဆေးလိပ်များကို ကုလားအုတ် နှစ်ကောင်စာအပြည့် တင်ဆောင်လာခဲ့ဖူးသည်ဟု သိရသည်။)
ကမ်းဘဲလ် ၏ စစ်ကြောင်းသည် လှိုင်မြစ်နှင့်အပြိုင် ချီတက်ပြီးနောက် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက် လိုက်ပါသွားရန်ဖြစ်ပြီး၊ ဓနုဖြူမြို့သို့ မရောက်မီ ရေကြောင်းမှ ချီတက်လာ သော စစ်ကြောင်းနှင့် ပူးပေါင်းရန် ဖြစ်သည်။ ဗိုလ်မှူးချုပ် ဝီလပ်ဘီကော့တွန် ကွပ်ကဲသော ထိုရေကြောင်းချီစစ်ကြောင်းတွင် ဗြိတိသျှ ခြေလျင်တပ်သား ၈၀၀၊ စစ်ဗာရီ တပ်ရင်းငယ်တခုနှင့် စစ်ရေယာဉ် အစီး ၆၀ ဖြင့် တင်ဆောင်လာသော အင်အားပြင်း ထုထည်ကြီးမားသည့် အမြောက်ကြီးတပ်ခွဲများ ပါဝင်သည်။
ရေတပ်ဗိုလ်ကြီး အလက်ဇန်းဒါး က ယင်းတို့ကို ကွပ်ကဲပြီး ‘ဆက်တလိုက်တ်’ ၊ ‘ဒိုင်ယာနာ’ နှင့် ‘ပရင့်စ်အော့ဖ်ဝေးလ်စ်’ စသည့် စစ်သင်္ဘောကြီးများနှင့် အခြားသော စစ်ရေယာဉ်ငယ် အမြောက်အမြားက ဝန်းရံစောင့်ရှောက် လိုက်ပါလာခဲ့ကြသည်။
ဗိုလ်မှူးကြီး ဆေးလ် ကွပ်ကဲသော တတိယမြောက် စစ်ကြောင်းမှာမူ ရန်ကုန်မြို့၏ အနောက်ဘက် မိုင် ၁၀၀ ခန့်အကွာတွင်ရှိသော ပုသိမ်မြို့သို့ ရေကြောင်းခရီးဖြင့် သွားရောက်သိမ်းပိုက်ရန် ဖြစ်သည်။ ထို့နောက် ပုသိမ် တွင် တပ်စိပ်ငယ်တခုကို ချန်ထားခဲ့ကာ ဓနုဖြူမြို့သို့ ရောက်ရှိနိုင်ရန်အတွက် ရွှံ့နွံထူထပ်သော မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်ကျော်လျက် အရှေ့မြောက်ဘက်သို့ မိုင် ၆၀ ခန့် ကုန်းကြောင်းခရီးဖြင့် ချီတက်နိုင်မည့် ကုန်းလမ်းပို့ဆောင်ရေးယာဉ် သို့မဟုတ် တိရစ္ဆာန် အလုံအလောက်ကို စုဆောင်းရန် ကြိုးပမ်းရမည် ဖြစ်သည်။
ကမ်းဘဲလ် ၏ စစ်ကြောင်းသည် အင်ပါယာတခုလုံးကို နောက်ဆုံးတွင် သိမ်းပိုက်ရရှိတော့မည်ဟူသော ကြီးမားသည့် မျှော်လင့်ချက်များဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင်ချီတက်ခဲ့သည်။ ၎င်းတို့သည် လှိုင် မြစ် သို့ မည်သည့်အတားအဆီးမျှမရှိဘဲ ရောက်ရှိခဲ့ကြပြီး မြစ်ကြောင်းအတိုင်း ဆန်တက်လိုက်ပါလာသည့် လှေများပေါ်မှ ရိက္ခာများကို ရိက္ခာတင်လှည်းများပေါ်သို့ ပြန်လည်ဖြည့်တင်းခဲ့ကြသည်။
သို့သော် ကမ်းဘဲလ်သည် ကော့တွန် ၏ စစ်ကြောင်းနှင့် ဆုံတွေ့ရန်အတွက် ဓနုဖြူမြို့အောက်ဘက်ရှိ ဧရာဝတီမြစ်ဝှမ်းသို့ ရောက်ရှိမည့် အနောက်ဘက်မျက်နှာစာသို့ ကြိုတင်စီစဉ်ထားသည့်အတိုင်း လှည့်ထွက်ရမည့်အစား မြောက်ဘက်သို့ ဆက်လက်ချီတက်ခဲ့သည်။ သူသည် ဓနုဖြူမြို့၏ အရှေ့ဘက်ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ဓနုဖြူမြို့အထက် မိုင်ငါးဆယ်ခန့်အကွာရှိ သာရဝေါ သို့ မတ်လ ၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
သူသည် ဤနေရာမှနေ၍ ပြည်မြို့သို့ နောက်ထပ် မိုင်တရာခန့် ဆက်လက်ချီတက်ရန် ရည်ရွယ်ထားပြီး၊ လမ်းခရီးတစ်နေရာရာတွင် ကော်တွန် ၏ ရေကြောင်းချီစစ်ကြောင်းတို့ လာရောက်ပူးပေါင်းလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
ထိုအတောအတွင်း ကော်တွန် ၏ တပ်ဖွဲ့များသည် လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်များအတိုင်း အထက်သို့ ဖြည်းညှင်းစွာ ဆန်တက်လာခဲ့ပြီး၊ လမ်းခရီးတလျှောက်တွင် ရန်သူ့တပ်ဖွဲ့များနှင့် ဟိုတစ်စ သည်တစ်စ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ ပန်းလှိုင်ရွာရှိ အခိုင်အမာ ဆောက်လုပ်ထားသော ခံတပ်ကြီးတစ်ခုကိုမူ ပြင်းထန်စွာ အပြန်အလှန် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဧရာဝတီမြစ်ဆုံသို့ ရောက်ရှိခဲ့သည်။
ဤနေရာတွင် ရေပြင်တိမ်လွန်းသဖြင့် အလေးချိန်စီးသော စစ်သင်္ဘောကြီးများ သောင်တင်ကုန်ကြရာ ‘ဒိုင်ယာနာ’ သင်္ဘောနှင့် အမြောက်တင်လှေငယ်များပေါ်မှ အထုပ်အပိုး ကုန်စည်များကို ပြန်လည်ချချခဲ့ရသည်။ ဗြိတိသျှစစ်သည်များနှင့် ရေတပ်သားများ ထိုသို့ အလုပ်ရှုပ်နေစဉ်အတွင်း မြန်မာ့တိုက်လှေတပ်စုတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ကို မောင်းထုတ်နိုင်ခဲ့သည်။
ထို့ပြင် ဗြိတိသျှ အမှတ် ၈၉ ရေတပ်မဟာမှ စစ်သည်တပ်ခွဲ နှစ်ခွဲသည် ကုန်းပေါ်သို့ တက်ရောက်ကာ မြန်မာတို့၏ ကင်းစခန်းတခုကို တိုက်ခိုက်မောင်းထုတ်ခဲ့ပြီး မြန်မာစစ်သည်အချို့ကို သုတ်သင်ကာ သုံ့ပန်းတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။
မတ်လ ၅ ရက်နေ့ ရောက်မှသာ ဗြိတိသျှစစ်ရေယာဉ်စု၏ နောက်ဆုံးသင်္ဘောသည် ဧရာဝတီမြစ်မကြီးထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး၊ နောက်တနေ့တွင်မူ ဓနုဖြူမြို့ရှိ အဖြူရောင်စေတီတော် (ဓနုဖြူ မဟာကရုဏာဘုရား) ၏ အောက်ဘက် နှစ်မိုင်ခန့်အကွာတွင် နေရာယူ တပ်စွဲလိုက်ကြလေသည်။