အမေရိကန်အနေဖြင့် သံတမန်ရေးလမ်းကြောင်းကိုသာ ရွေးချယ်ရန်မှတစ်ပါး အခြားမရှိ

by Hla Soewai - Jun 22 2026

အမေရိကန်နှင့် အီရန်တို့အကြား ချုပ်ဆိုလိုက်သော သဘောတူညီချက်အသစ်သည် စစ်ပွဲမဖြစ်ပွားမီ တရက်အလို အခြေအနေသို့ အချိန်ပြန်လှည့်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု အစချီကာ The Atlantic မဂ္ဂဇင်းကြီးက ယခုလို သုံးသပ်ထားသည်။

 

အီရန်နှင့် “သဘောတူညီချက်အားလုံးကို လက်မှတ်ရေးထိုးပြီးပြီ” ဟု ယနေ့တွင် သမ္မတ ထရမ့် ကြေညာလိုက်ခြင်းသည်— ရည်းစား စ ဖြစ်သည့် နေ့မှာတင် မင်္ဂလာဝတ်စုံ သွားဝယ်သလို ဖြစ်နေသည်။

 

သဘောတူညီချက် (Deal) ဆိုသည်မှာ အပြီးသတ် ဆုံးဖြတ်ချက်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု သဘောသဘာဝမျိုး ပါဝင်သည်။ ဥပမာအားဖြင့် အီရန်နှင့်ချုပ်ဆိုမည့် နျူကလီးယား သဘောတူညီချက်တခုတွင် အပြန်အလှန် လိုက်နာရမည့် တာဝန်ဝတ္တရားများ၊ အလျှော့ပေး ဆောင်ရွက်ချက်များနှင့် နှစ်ဦးနှစ်ဖက် သဘောတူထားသည့် စစ်ဆေးရေးလုပ်ငန်းစဉ်များကဲ့သို့သော အတည်ပြု စိစစ်မှုဆိုင်ရာ အစီအမံများ လိုအပ်မည်ဖြစ်သည်။ 

 

လာမည့် သောကြာနေ့တွင် ဂျနီဗာမြို့၌ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရန် သတ်မှတ်ထားပြီး၊ ယခု အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဦးတည်ရွေ့လျားနေသည်က နောင်တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော သဘောတူညီချက်တခုအတွက် အခြေခံအချက်အလက်များကို သတ်မှတ်ပေးမည့် ပဏာမ နားလည်မှု မျိုးသာ ဖြစ်သည်။

 

ထိုအတောအတွင်း စစ်ပွဲ၏ မရေရာလှသော အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်မံ သက်တမ်းတိုးသွားမည်ဖြစ်ပြီး၊ ကုန်သွယ်ရေး သင်္ဘောများသည်လည်း ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်း၍ အဟန့်အတားမရှိ တကျော့ပြန် ပုံမှန် သွားလာနိုင်တော့မည်ဖြစ်သည်။ (သဘောတူညီထားသည့် စာသားအပြည့်အစုံကို မည်သည့်ဘက်ကမျှ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထရမ့်၊ ဒုတိယသမ္မတ ဗန့်စ် နှင့် အီရန်ပါလီမန်ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသည့် နေရာ၌ ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း အမေရိကန်အရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။)

 

ရည်မှန်း ထားသည့် အတိုင်းသာ အဆင်ပြေချောမွေ့သွားပါက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထရမ့် စစ်မီးမွှေးခဲ့စဉ်က လုပ်ဆောင်နေခဲ့ကြသည့်အတိုင်း— အီရန်၏ နျူကလီးယားအစီအစဉ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းမလဲဟူသော ပိုမိုရှုပ်ထွေးသည့် ကိစ္စရပ်များကို ဆွေးနွေးရန် နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် ယခုရရှိလာသည့် အသက်ရှူချောင်ရာ အချိန်ကာလကို အသုံးပြုကြမည်ဖြစ်သည်။ 

 

စစ်ပွဲကြောင့် အီရန်စစ်တပ် အားနည်းသွားခြင်း၊ ခေါင်းဆောင်အချို့ သေဆုံးခဲ့ခြင်းနှင့် အီရန်အစိုးရ အပေါ် ဖိအားများ ကျရောက်လာခဲ့သော်လည်း၊ ယခု နားလည်မှုစာချွန်လွှာသည် စစ်ပွဲဆင်နွှဲခြင်း သို့မဟုတ် စီးပွားရေးအရ ဖိအားပေးခြင်း နည်းလမ်းများဖြင့် အီရန်ပြဿနာကို အမေရိကန်က မဖြေရှင်းနိုင်ကြောင်း ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။ အကြိမ်ပေါင်း ထောင်ချီ၍ တိုက်ခိုက်ခဲ့ပြီး အီရန်၏ ရေနံပို့ကုန်အပေါ် အဓိကမှီခိုနေရသော စီးပွားရေးကို ပျက်စီးစေခဲ့သော်လည်း၊ အမေရိကန်အနေဖြင့် သံတမန်ရေးလမ်းကြောင်းကို ထပ်မံကြိုးပမ်းရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိသလောက် ဖြစ်နေသည်။

 

ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ချမှတ်ခဲ့သော ရည်မှန်းချက်များမှ အမေရိကန် မည်မျှအထိ သွေဖည်သွားခဲ့သလဲဆိုသည့် နောက်ထပ် သက်သေတစ်ခုမှာ ဟော်မုဇ် ရေလက်ကြား ၏ ကံကြမ္မာပင် ဖြစ်သည်။ ယခု နားလည်မှုစာချွန်လွှာသစ်တွင် ဤရေလက်ကြားက အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်းကို ကြည့်ခြင်းအားဖြင့်— အီရန်က ထိုကျဉ်းမြောင်းသော ရေလမ်းကြောင်းကို ပိတ်ဆို့ခဲ့ခြင်းကြောင့်သာ အမေရိကန်နှင့် အစ္စရေးတို့ ပထမဆုံး စစ်ကို စရခြင်းဖြစ်သည်ဟု ယူဆစရာ ရှိနိုင်ပါသည်။ သို့သော် အမှန်မှာ ထိုသို့မဟုတ်။ စစ်ပွဲစတင်သည့်နေ့တွင် ဤရေလက်ကြားမှာ ပွင့်နေခဲ့ပါသည်။ အီရန်သည် ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုကွင်းဆက်များကို ကမောက်ကမဖြစ်စေရန် ရေလက်ကြားကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ဆွေးနွေးပွဲစားပွဲဝိုင်းတွင် အသာစီး ရရန်အတွက်သာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

ပဋိပက္ခအစ၌ ထရမ့် ချမှတ်ခဲ့သော ကနဦးရည်မှန်းချက်များအနက် တခုတ‌ လေမျှ အောင်မြင်မှု မရရှိခဲ့ပေ။ ယခုဆွေးနွေးပွဲများကို နျူကလီးယားအစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း၊ အီရန်၏ ဒုံးကျည်ပစ်စင်များနှင့် ၎င်း၏လက်ဝေခံ လက်နက်ကိုင်အဖွဲ့များကို လျှော့ချရေးကိစ္စရပ်များအား ရက်ပေါင်း ၆၀ ကြာမည့် ဆွေးနွေးပွဲများတွင် (သို့မဟုတ်) ထိုဆွေးနွေးပွဲများအပြီး နောက်ဆက်တွဲ ထပ်မံပြုလုပ်လာရန် သေချာသလောက်ရှိသော ဆွေးနွေးပွဲအဆင့်ဆင့်တွင် အစီအစဉ်အဖြစ် ထည့်သွင်းဆွေးနွေးမည်လား ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ 

 

စစ်ပွဲ၏ ရလဒ်များမှာ ရေရေရာရာမရှိဘဲ ဝေဝါးလွန်းနေသည့်အတွက် နှစ်ဖက်စလုံးမှ စစ်လိုလားသူများ သည် ပြတ်သားသော အောင်ပွဲတခုကို မြင်တွေ့လိုကြပြီး၊ ထိုကဲ့သို့သော အောင်ပွဲရလဒ်မျိုးကို ရယူနိုင် သေးသည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။

 

စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ထောက်ခံခဲ့သည့် ထရမ့်၏ မဟာမိတ်၊ တောင်ကာရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် က— ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် စွမ်းအင်စျေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့သော်လည်း၊ ယင်းရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်သက်အတွက် အမေရိကန်အနေဖြင့် စောစီးစွာနှင့် အလျှော့ပေးမှုများ အလွန်များပြားစွာ လုပ်ဆောင်နေပုံရကြောင်း X (တွစ်တာ) လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

 

ထိုအတောအတွင်း အီရန်နိုင်ငံအတွင်းရှိ သဘောထားတင်းမာသူများ (၎င်းတို့အနက် အချို့မှာ စစ်ပွဲအတွင်း အခြားခေါင်းဆောင်များ သေဆုံးသွားချိန်တွင် အာဏာရလာသူများ ဖြစ်ကြသည်) အပြင် အီရန်ပါလီမန် အမတ်များနှင့် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဝင်များကလည်း— ရေလက်ကြားကို ပိတ်ဆို့ခြင်းဖြင့် ရရှိထားသော အသာစီး အနေအထားကို အီရန်ဘက်က အလျှော့ပေးလိုက်သည်မှာ မြန်ဆန်လွန်းလှသည်ဟု ပြောဆိုလျက် ရှိကြသည်။ ၎င်းတို့သည် မရေရာလှသော အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးခြင်းမျိုးကို မလိုလားဘဲ၊ ရေရှည်စီးပွားရေး သက်သာချောင်ချိမှု ရရှိစေမည့် အာမခံချက်မျိုးကိုသာ လိုလားနေကြသည်။

 

ပိတ်ဆို့ထားသော အီရန်၏ မည်သည့်ပိုင်ဆိုင်မှုကိုမျှ လောလောဆယ်တွင် ပြန်လည်ထုတ်ပေးခြင်း မရှိသေးကြောင်းနှင့် ကနဦး သက်သာခွင့်ပေးမှုမှန်သမျှသည် ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်သည့်၊ အပြန်အလှန် အကျိုးပြုသော အကန့်အသတ်ရှိ “အသေးအမွှား အလျှော့ပေး ဆောင်ရွက်ချက်များ” သာ ဖြစ်လိမ့်မည်ဟု အမေရိကန် အရာရှိများက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း ထရမ့် ပြောကြားခဲ့သည့် အချိန်ဝန်းကျင်မှာပင်၊ အစ္စရေးသည် အီရန်၏ လက်ဝေခံဖြစ်သော ဟစ်ဇဘိုလာအဖွဲ့ကို လက်တုံ့ပြန်သည့်အနေဖြင့် ဘေရွတ်မြို့အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

 

အီရန်အစိုးရ က မည်သည့်သဘောတူညီချက်ကိုမဆို လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ချိတ်ဆက်ထားခဲ့သည်။ သို့သော် အမေရိကန်အရာရှိများကမူ သဘောတူညီချက်တခုရရှိရန် လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးရေးအပေါ် မူတည်နေခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး၊ မည်သည့်အပစ်အခတ်ရပ်စဲရေးမဆို တစ်ဖက်သတ် ဖြစ်လိမ့်မည်မဟုတ်ကြောင်းနှင့် ဟစ်ဇဘိုလာတို့၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ပိုင်ခွင့်ရှိသည့် အစ္စရေး၏ အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းပေးထားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ အစ္စရေး၏ နောက်ဆုံး တိုက်ခိုက်မှုများသည်— ယာယီအစီအစဉ်မျိုးကိုပင် လက်ခံရန် အဆင်သင့်မဖြစ်သေးသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အမေရိကန်အစိုးရ အနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိဟူသော တီဟီရန်၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့ပုံရသည်။

 

အစ္စရေးအနေဖြင့် စစ်ရှိန်လျှော့ချရန် လိုအပ်သည်ဟူသော ပြောဆိုဆွေးနွေးမှုများကို နေတန်ယာဟုက တုံ့ပြန်လက်ခံလာဖွယ် မရှိပေ။ ထို့ကြောင့် ဝါရှင်တန် အနေဖြင့် လက်နက်ရောင်းချမှုများနှင့် အကူအညီပေးမှုများကို ဆိုင်းငံ့ခြင်းကဲ့သို့သော ပိုမိုထိရောက်သည့် ဖိအား ပေးမှု များကို ရှာဖွေရန် လိုအပ်လာမည် ဖြစ်သည်။ အကယ်၍ ထရမ့်အစိုးရအနေဖြင့် ထိုအဆင့်အထိ သွားရန် ဝန်လေးနေမည်ဆိုပါက— အီရန်၏ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးကာကွယ်မည်ဟူသော ထရမ့်၏ ကတိကဝတ်အပေါ် တီဟီရန် က သံသယဝင်လာနိုင်ပါသည်။

 

အဓိက အဆုံးအဖြတ်ပေးမည့် စမ်းသပ်ချက်မှာမူ— ပြည်တွင်း နိုင်ငံရေးအခြေအနေများ သို့မဟုတ် ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အဖြစ်သို့ လက်တွေ့ ကူးပြောင်းဖော်ဆောင်ပေးနိုင်မလား ဆိုသည့် အချက်ပင် ဖြစ်သည်။

 

 အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲများ နီးကပ်လာနေခြင်းကြောင့်—ထရမ့်သည် ဆွေးနွေးပွဲများ အဆင်မပြေပါက စစ်ပွဲပြန်စမည်ဟု ခြိမ်းခြောက်ထားခဲ့သော်လည်း ဖြစ်နိုင်ခြေ နည်းပါးလှပါသည်။ သို့သော် အမေရိကန်တပ်ဖွဲ့ဝင်များ မကြာမီကာလအတွင်း အိမ်ပြန်ရလိမ့်မည်ဟူ၍‌ တော့ မျှော်လင့်၍ မရသေး‌ ပေ။

 

 အမေရိကန်သည် လောလောဆယ်တွင် ဒေသတွင်းရှိ ၎င်း၏ လက်ရှိစစ်ရေးအင်အား ပြင်ဆင်ထားမှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ် အင်အားလျှော့ချခြင်း ရှိ၊ မရှိ ဆိုသည်မှာ— သဘောတူညီချက်ပါ ကတိကဝတ်များကို အီရန်ဘက်က မည်မျှအထိ လိုက်နာလုပ်ဆောင်သွားမလဲ ဆိုသည့်အပေါ်၌သာ မူတည်လိမ့်မည် ဖြစ်သည်။