ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက်
ကျူးဘားပြည်သူတို့၏ ရေရှည်လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေး အထွတ်အထိပ်သို့ ရောက်ရှိပြီး အာဏာရှင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်မှာ ယခုဆိုလျှင် တနှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ အစိုးရအနေဖြင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ရရှိခဲ့သော အောင်မြင်မှုများမှာ အလွန်ပင် ကြီးမားလှသည်။
သို့သော်ငြားလည်း ကျွန်ုပ်တို့ ကျူးဘားတော်လှန်ရေး၏ တိကျပြတ်သားသော အတိုင်းအတာ ပမာဏကို ပြည်သူလူထုထံ ချပြနိုင်ရန်အတွက် ထိုအောင်မြင်မှုများကို ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်ပြီး၊ ကောက်ချက်တိုင်းကိုလည်း ပြန်လည်သုံးသပ်ရမည် ဖြစ်သည်။
အခြေခံအားဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အဓိကထားသော ဤအမျိုးသားတော်လှန်ရေးသည် အလုပ်သမားများ၊ လူလတ်တန်းစားများနှင့် ယနေ့ခေတ်တွင် စက်မှုလုပ်ငန်းရှင်များ၏ စိတ်အားထက်သန်သော ထောက်ခံမှုကိုပင် ရရှိထားသည်။ ထို့အပြင် ပြည်သူလူထု၏ မယိမ်းမယိုင်သော သန္နိဋ္ဌာန်နှင့် တော်လှန်ရေးကို တွန်းအားပေးနေသည့် ထူးခြားသော ဝိသေသလက္ခဏာများကြောင့် ဤတော်လှန်ရေးသည် ကျုးဘားကဲ့သို့ နိုင်ငံလေး မှ နိုင်ငံတကာအဆင့်အထိပါ သာလွန် ထူးကဲစွာ လွှမ်းမိုးနိုင်ခဲ့ပြီ ဖြစ်သည်။
လူထုအတွက် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့သည့် ပြဋ္ဌာန်းသမျှ ဥပဒေအားလုံးကို ဤနေရာတွင် အကျဉ်းချုပ်၍ပင် ဖော်ပြရန် ကြိုးစားမည်မဟုတ်ပါ။ ကျူးဘားပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး တိုးတက်ပြောင်းလဲလာသော၊ မဖြစ်မနေ လိုအပ်သော လုပ်ငန်းစဉ်အလိုက် အစမှအဆုံး တစိုက်မတ်မတ် ဖွံ့ဖြိုးတိုးတက်လာပုံကို သက်သေပြနိုင်ရန်အတွက် ဥပဒေအချို့ကိုသာ အလေးပေး ဖေါ်ပြလျှင် လုံလောက်ပါလိမ့်မည်။
တိုင်းပြည်၏ ကပ်ပါးရပ်ပါး လူတန်းစားများအတွက် ပထမဆုံး သတိပေးခေါင်းလောင်းသံမှာ—အိမ်ငှားခဆိုင်ရာဥပဒေ ပြဋ္ဌာန်းခြင်း၊ လျှပ်စစ်မီတာခနှုန်းထားများ လျှော့ချခြင်း၊ ဖုန်းကုမ္ပဏီကို နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်ခြင်း နှင့် ထိုမှတဆင့် ဖုန်းခေါ်ဆိုခနှုန်းထားများကို လျှော့ချပေးခြင်းတို့ ဖြစ်ပြီး၊ ယင်းတို့အားလုံးကို တခုပြီးတခု အရှိန်အဟုန်ဖြင့် ဆက်တိုက် ဆိုသလို အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဖီဒယ် ကက်စထရို နှင့် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသူများကို ယခင်က လို နိုင်ငံရေးသမားများသာ ဖြစ်ပြီး မုတ်ဆိတ်မွေး ထားခြင်းမှတပါး အခြားထူးခြားချက်မရှိဘဲ အလွယ်တကူ ကြိုးကိုင်၍ရမည့် အူတူတူ အတတ များဟု မြင်ခဲ့ကြသူများသည် ယခုအခါတွင် ကျူးဘားလူထု၏ ရင်ထဲမှနေ၍ ပိုမိုနက်ရှိုင်းသော အရာတခု ရုန်းကြွထွက်ပေါ်လာနေပြီး မိမိတို့၏ အခွင့်ထူးခံ နယ်ပယ်များ ပျောက်ကွယ်တော့မည်ကို စတင်ရိပ်စား မိ လာကြပြီ ဖြစ်သည်။
“ကွန်မြူနစ်ဝါဒ” ဆိုသည့် စကားလုံးသည် တော်လှန်ရေးခေါင်းဆောင်များနှင့် အောင်ပွဲခံ ပြောက်ကျားရဲဘော်များ၏ ပါးစပ်ဖျား တွင် ရစ်ဝဲ လာခဲ့သည်။ ထို့ကြောင့်ပင် ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော “ကွန်မြူနစ်ဆန့်ကျင်ရေး” ဆိုသည့် စကားလုံးသည်လည်း မတရားရရှိထားသည့် အခွင့်ထူးခံ အခွင့်အရေးများ ဆုံးရှုံးသွားသူများ သို့မဟုတ် မကျေမနပ် ဖြစ်နေသူများအားလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့သည်။
မြေလွတ်မြေရိုင်း ဥပဒေနှင့် အရစ်ကျငွေပေးချေမှုဆိုင်ရာ ဥပဒေများသည် အဆမတန် အတိုးကြီးစား အရင်းရှင်များအကြား မငြိမ်မသက်ဖြစ်မှု များ ပိုမိုပြင်းထန်လာစေခဲ့သည်။
သို့သော် ဤအရာများသည် တန်ပြန်တော်လှန်ရေးသမားများနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲငယ်လေးများသာ ရှိသေးသည်။ အရာအားလုံးသည် ယခင် အတိုင်း ပြန် ဖြစ်အောင် ပြင်ဆင်၍ ရနိုင်သေးသည်ဟု ယူဆ နေကြသည်။ “ဒီရူးကြောင်ကြောင် ကောင်လေး” ဖီဒယ် ကက်စထရိုကို ဒူးဘွိုင်းစ် ဒါမှမဟုတ် ပေါ်တာ တို့လို လူမျိုး တွေက အကြံဉာဏ်ပေးပြီး “ဒီမိုကရေစီ” လမ်းမှန်ပေါ်သို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ထင်နေကြသည်။ လူတိုင်းသည် ကိုယ့် အတွေး နှင့် ကိုယ် အနာဂတ်အပေါ် ယုံကြည်ချက် ထားရှိခဲ့ကြရသည်။
(ဂျူးလ်စ် ဒူးဘွိုင်းစ်သည် အမေရိကန်အခြေစိုက် Chicago Tribune သတင်းစာ၏ နာမည်ကျော် လက်တင်အမေရိကဆိုင်ရာ နိုင်ငံခြားသတင်းထောက်တဦး ဖြစ်သည်။ ကက်စထရို တောခိုပြီး ပြောက်ကျားစစ်ဆင်နွှဲစဉ်ကတည်းက တောထဲအထိ လိုက်လံသတင်းယူကာ ကက်စထရိုနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ ချားလ်စ် အို ပေါ်တာသည် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် (ဒီမိုကရက်ပါတီဝင်) တဦး ဖြစ်သည်။ တော်လှန်ရေးအောင်မြင်ပြီးစအချိန်တွင် အမေရိကန်အစိုးရနှင့် ကျူးဘားတော်လှန်ရေးအစိုးရတို့အကြား ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ကျူးဘားတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ် ထူထောင်နိုင်စေရန်အတွက် ဟာဗားနားမြို့အထိ ကိုယ်တိုင်သွားရောက်ကာ ကက်စထရိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ဖြစ်သည်။)
လယ်ယာမြေပြုပြင်ပြောင်းလဲရေးဥပဒေသည် ကျုးဘား နိုင်ငံ တဝှမ်း မြေငလျင်ကြီး လှုပ်ခတ်သလို ဖြစ်သွားခဲ့သည်။ ထိုဥပဒေ၏ ရိုက်ခတ်မှုကို ခံရသူအများစုမှာ ယခုအခါ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်သွားကြပြီ ဖြစ်သည်။ ထိုအရေးကို ပထမဆုံး နားလည် သဘောပေါက်သူက ဂတ်စတွန် ဘာကေရို ဖြစ်သည်။ သူသည် ဘာဖြစ်လာမည်ကို တိတိကျကျ ဟောကိန်းထုတ်ခဲ့ပြီး ဖြစ်ကာ ပိုမိုငြိမ်းချမ်းဆိတ်ငြိမ်သော စပိန်အာဏာရှင်စနစ်၏ ရေပြင်ကျယ်ဆီသို့ အနားယူရန် ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
ကျူးဘားတော်လှန်ရေး မတိုင်မီကာလက နိုင်ငံတွင် သြဇာအရှိဆုံးနှင့် သက်တမ်းအရင့်ဆုံး သတင်းစာတစောင်ဖြစ်သည့် Diario de la Marina တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ကလောင်ထက်မြက်လှသော နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး ဖြစ်ခဲ့သည်။ တော်လှန်ရေး အောင်မြင်ပြီးနောက်တွင် ကွန်မြူနစ်ဝါဒနှင့် လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
အချို့သူများကမူ “ဥပဒေဆိုသည်မှာ ဥပဒေသာဖြစ်သည်” ဟု လည်းကောင်း၊ ယခင်အစိုးရများကလည်း ပြည်သူများကို ကူညီရန်ဟူသော သီအိုရီအယူအဆများဖြင့် ယခုကဲ့သို့သော ဥပဒေမျိုးကို ပြဋ္ဌာန်းခဲ့ဖူးကြောင်း လည်းကောင်း ယုံကြည်နေကြဆဲ ဖြစ်သည်။ သို့သော် ထိုဥပဒေများကို အမှန်တကယ် အကောင်အထည်ဖော်ခြင်း မဖေါ်ခြင်း မှာမူ တခြားစီပင် ဖြစ်၏။
INRA* ဆိုသည်ကို ရိုင်းစိုင်း ကြမ်းတမ်း သော ကလေးငယ်ကို အစပိုင်းတွင် ပညာတတ်အသိုင်းအဝိုင်းသည် ၎င်းတို့၏ မျှော်စင်များထက်မှနေ၍ အဖေလုပ်သူက ရင်နင့် ဖွယ်ရာ တွေ့နေရသည့် အမြင်မျိုးဖြင့် စောင့်ကြည့်ခဲ့ကြသည်။ ထိုမျှော်စင်မြင့်များထက်တွင် လူမှုရေးဝါဒများ၊ လေးစားဖွယ်ရာ ပြည်သူ့ဘဏ္ဍာရေး သီအိုရီများ လွှမ်းမိုးနေပြီး၊ ယင်းသီအိုရီများကို ပြောက်ကျားရဲဘော်တဦးအဖို့ ၎င်း၏ ပညာမတတ်၊ အဓိပ္ပာယ် မရှိသော အတွေးအခေါ်မျိုးဖြင့် နားမလည်နိုင်ဟု ယူဆထားကြလေသည်။
မှတ်ချက်။ *INRA ဆိုသည်မှာ ကျူးဘားတော်လှန်ရေးအပြီး လယ်ယာမြေပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းခဲ့သည့် "အမျိုးသား လယ်ယာမြေပြုပြင်ပြောင်းလဲရေးအဖွဲ့" (Instituto Nacional de Reforma Agraria) ကို ဆိုလိုခြင်း ဖြစ်သည်။
သို့သော်လည်း INRA သည် လယ်ထွန်စက်တစီးလို၊ တင့်ကားတစီးလို ရှေ့သို့ အရှိန်အဟုန်နဲ့ တိုးဝင်မောင်းနှင်ခဲ့သည်။ ဤသည်မှာလည်း IRNA သည် လယ်ထွန်စက်ရော တင့်ကားပါ နှစ်မျိုးစလုံး ဖြစ်နေလို့ပင်။ ဖြတ်သန်းသွားရာ လမ်းတလျှောက် တွင် ရှိသည့် မြေပိုင်ရှင်ကြီးများ၏ တံတိုင်းများကို ဖြိုဖျက်ပစ်ခဲ့ပြီး မြေယာပိုင်ဆိုင်မှု စနစ်တွင် လူမှုဆက်ဆံရေး ပုံစံသစ်များကို ဖန်တီးပေးလာခဲ့သည်။
ကျူးဘားမြေယာပြုပြင်ပြောင်းလဲရေးသည် အမေရိကတိုက်အတွက် အရေးပါသည့် ဝိသေသလက္ခဏာရပ် အဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျူးဘားစတိုင် မြေပိုင်ရှင်စနစ် ကို ဖျက်သိမ်းပေးခဲ့သည်၊ သီးနှံနှင့် မြေငှားခပေးရမည့် စာချုပ်အားလုံးကို ပယ်ဖျက်ပေးခဲ့သည်၊ ထို့အပြင် နိုင်ငံ၏ အဓိက စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည့် ကော်ဖီနှင့် ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှုများတွင် ရှိနေသေးသည့် ကျေးကျွန်စနစ်ကို ချေမှုန်းပေးနိုင်ခဲ့၍ ပဒေသရာဇ်ဆန့်ကျင်ရေး သဘောတရား ဆောင်လာခဲ့သည်။
ထို့အပြင် တဦးတယောက်ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ လူသားများ၏ စွမ်းဆောင်ရည်များကို ကန့်သတ်ချုပ်ချယ်ထားသည့် ဖြိုလှဲ ဖျက်ဆီးပစ်နိုင်ရန် အတွက် ဓနရှင်ဝါဒ ဘောင်အတွင်းကနေ ဖော်ဆောင်သည့် မြေယာပြုပြင်ပြောင်းလဲရေးလည်း ဖြစ်သည်။ ကျွနုပ်တို့၏ ပြုပြင်ပြောင်းလဲရေးသည် လယ်သမားများ အနေနှင့် မြေရှင်၊ အကြွေးရှင်များ၏ ရန်ကို ကြောက်ရွံ့စရာ မလိုတော့ဘဲ မိမိတို့၏ မြေယာပေါ်တွင် ဂုဏ်သိက္ခာရှိရှိ လုပ်ကိုင်စားသောက် နိုင်ခဲ့ကြပြီ ဖြစ်သည်။
အစကတည်းကပင် မြေဆီလွှာကို အမှီပြု၍ ရုန်းကန်လှုပ်ရှားနေကြရသော လယ်သမားများနှင့် စိုက်ပျိုးရေးအလုပ်သမားများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် စံနမူနာပြခဲ့သည်။ ထိုဖြည့်ဆည်းမှုများတွင် ကျွမ်းကျင်ပညာရှင်များထံမှ နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စက်ကိရိယာများ၊ INRA သို့မဟုတ် နိုင်ငံတော်ပိုင်ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးသော ချေးငွေများနှင့် ‘ပြည်သူ့ဆိုင်များအသင်း’ မှ ပေးအပ်သော ကြီးမားသည့် အကူအညီများ ပါဝင်သည်။ အဆိုပါအသင်းကို ‘အိုရီယန်တီ’ ပြည်နယ်တွင် အကြီးအကျယ် တိုးချဲ့တည်ထောင်ခဲ့ပြီး အခြားပြည်နယ်များတွင်လည်း ဆက်လက်တိုးချဲ့ တည်ဆောက်နေဆဲ ဖြစ်သည်။
အတိုးကြီးစားသော ကုန်သည်ပွဲစားဟောင်းများ၏နေရာတွင် အစားထိုးဝင်ရောက်လာသည့် နိုင်ငံတော်၏ ပိုင်ဆိုင်မှု များသည် လယ်သမားများအတွက် မျှတသော ငွေကြေးထောက်ပံ့မှုများကို ပေးအပ်ပြီး သီးနှံများကိုလည်း ထိုက်တန်သော ဈေးနှုန်းဖြင့် ဝယ်ယူကြသည်။
အမေရိကတိုက် (လက်တင်အမေရိက) ၏ အခြားသော အဓိက စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုကြီး သုံးခု (မက္ကဆီကို၊ ဂွါတီမာလာ နှင့် ဘိုလီးဗီးယား) နှင့် မတူညီဘဲ ကျူးဘားပြုပြင်ပြောင်းလဲမှု၏ အရေးအကြီးဆုံးနှင့် အထူးခြားဆုံး ဝိသေသလက္ခဏာမှာ— မည်သည့်အလျှော့အတင်း သို့မဟုတ် မည်သည့်ခြွင်းချက်မျှမရှိဘဲ အဆုံးအထိ ပြတ်ပြတ်သားသား ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
ဤဘက်စုံ လယ်ယာမြေပြုပြင်ပြောင်းလဲရေးသည် ပြည်သူလူထု၏ ရပိုင်ခွင့် အခွင့်အရေးများမှ တပါး အခြားသော အခွင့်ထူးခံရပိုင်ခွင့်များကို လုံးဝအသိအမှတ်မပြုချေ။ လူတန်းစား သို့မဟုတ် လူမျိုးနွယ်အပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှုမျိုးလည်း မရှိပေ။ ဥပဒေ၏ အာဏာစက်သည် 'ယူနိုက်တက် ဖရု ကုမ္ပဏီ' နှင့် 'ကင်း ရန့်ချ်' တို့အပေါ်တွင်သာမက ခရီအိုး မြေရှင်ကြီးများအပေါ်တွင်လည်း တန်းတူညီမျှ သက်ရောက်စေရမည်။
ဤကဲ့သို့သော အခြေအနေများအောက်တွင်မှ မြေယာများကို နိုင်ငံတော်အတွက် တကယ်တမ်း လိုအပ်နေသည့် သီးနှံများဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံများနှင့် ဝါဂွမ်း များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ပြင်ဆင်ဖော်ဆောင်လျက် ရှိသည်။
သို့သော်လည်း နိုင်ငံတော်သည် ဤမျှနှင့် အားရတင်းတိမ်ခြင်းမရှိဘဲ မိမိတို့ထံမှ မတရားခိုးယူခံထားရသည့် ဓနဥစ္စာအားလုံးကို ပြန်လည်သိမ်းပိုက်သွားမည် ဖြစ်သည်။ လက်ဝါးကြီးအုပ်လိုသူတို့၏ လောဘဇောများဖြင့် စစ်တလင်းဖြစ်ခဲ့ရသော မြေအောက်သယံဇာတ ကြွယ်ဝမှုများကို 'ရေနံဥပဒေ' အားဖြင့် ထိရောက်စွာ ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
ဤရေနံဥပဒေသည် လယ်ယာမြေပြုပြင်ပြောင်းလဲရေးနှင့် တော်လှန်ရေးက ချမှတ်ခဲ့သော အခြားအစီအမံများကဲ့သို့ပင် ကျူးဘားနိုင်ငံ၏ ငြင်းပယ်၍မရသော လိုအပ်ချက်များနှင့် ကိုက်ညီနေပြီး၊ လွတ်လပ်ချင်သော၊ မိမိတို့၏ စီးပွားရေးကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲချင်သော၊ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝအဆင့်အတန်း ပိုမိုမြင့်မားသော ပန်းတိုင်များသို့ အရောက်လှမ်းချင်သော ပြည်သူလူထု၏ အရေးပေါ်တောင်းဆိုချက်များကို ထိရောက်စွာ တုံ့ပြန်ပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း ဤအချက်ကြောင့်ပင် ၎င်းသည် ရေနံလက်ဝါးကြီးအုပ်စုများ အလွန်ကြောက်ရွံ့နေရသည့် 'အမေရိကတိုက်ကြီးတခုလုံးအတွက် စံပြနမူနာ' တခု ဖြစ်နေရခြင်း ဖြစ်သည်။