မင်းအောင်လှိုင် ၏ တရုတ် ခရီးစဉ် နှင့် ပတ်သက်ပြီး အတော်လေး ရေးပြီး ခဲ့ပြီး ဖြစ်၍ ထပ်ပင် ရေးစရာ မရှိတော့။ မင်းအောင်လှိုင်အား အာဆီယံ ထိပ်သီး အစည်း အဝေး လုပ်မည့် ကာဇန် သို့ လာရန် ရုရှား ၏ ဖိတ်ခေါ်ခြင်း မခံခဲ့ရမှု အတွက် အရှက်တကွဲ ဖြစ်ရမည့် အရေး ကို တရုတ်က ဝင်ရောက်ကယ်တင် ပေးလိုက်သလို ဖြစ်သွားသည်။
သို့သော် အမေရိကန်အား မြန်မာ နှင့် ဆက်ဆံရေး လမ်းကြောင်း ဖွင့်ရန် လော်ဘီ လုပ်နေသည့် အမေရိကန် နိုင်ငံခြားသား အဖြစ် ခံယူထားသူ မင်းဇင် အား တရုတ် မှ ၎င်းတို့၏ အကျိုးစီးပွား နှင့် လုံခြုံ ရေး ကို အန္တရာယ် ကျ ရောက် စေသည် ဆိုကာ သူလျို လုပ်မှု ဖြင့် ဖမ်းဆီးလိုက်သည့် သတင်းက အရိပ်မိုး နေပြီ ဖြစ်သည်။
ထိုခရီးစဉ် မှ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်မည့် အလားအလာတို့သည် လက်ရှိမြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အလွန်နက်ရှိုင်းစွာ ဆက်စပ်နေသည့် ပထဝီနိုင်ငံရေး ကစားကွက်များ ဖြစ်လာသည်။ တရုတ်၏ မြန်မာ့အရေး ချဉ်းကပ်ပုံ အပြောင်းအလဲနှင့် ထိုကိစ္စအပေါ် သက်ရောက်လာနိုင်ခြေများ ရှိနေသည်။
အာရက္ခတပ်တော် သည် စစ်တွေ၊ ကျောက်ဖြူ တို့ တွင် ထိုးစစ်ကြီး ဆင်နွှဲလာသည်ကို ကြည့်က တရုတ်သည် အာရက္ခ တပ်တော် အပေါ် ဝ၊ ကိုးကန့်၊ တအာင်း တို့ကဲ့သို့ လက်အောက်ခံ အဖြစ် ဆက်ဆံ၍ မရတော့မှန်း သိလာပြီး ရခိုင်ရှိ ၎င်းတို့ အကျိုးစီးပွား အား ကာကွယ်ရန် စစ်အုပ်စု ဘက်သို့ ပွင့်လင်းစွာ ပြန်လည်အမှီပြုလာသည့် သဘောရှိသည်။
၎င်းတို့၏ လက်ရှိအကျပ်အတည်းတွင် "အဓိက ကစားသမား" တဦးအဖြစ် ဆက်လက် ထိန်းညှိပေးလိုသည့် သဘောကို ပြသရာရောက်သည်။ စစ်အုပ်စု ပြိုလဲသွားပါက နိုင်ငံ အတွင်း ပရမ်းပတာ ဖြစ်ကာ ၎င်းတို့ ရင်းနှီးမြုပ်နှံ ထားသမျှ ရေစုံမျောသွားမည့် အရေး ကို ကာကွယ်ရမည် ဟု ခံယူထားသည်။
အမေရိကန် နိုင်ငံခြားရေး မာကို ရူဘီယို ကတော့ "လက်ရှိ ဖြစ်တည်နေတဲ့ အခြေအနေတွေအရ... အပြောင်းအလဲတခု ဖန်တီးပေးနိုင်မယ့် အခွင့်အရေးရှိတဲ့သူတွေ၊ အဲဒီအပြောင်းအလဲကို ဖော်ဆောင်ခွင့်ရမယ့်သူတွေနဲ့ ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ဖို့အတွက် ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။" ဟု ပြောသွားသည်၊ ဆိုလိုသည်က မင်းအောင်လှိုင်ကို ဖြုတ်ချရဲသူ မှန်သမျှ ထောက်ခံ ပေးသွားမည် သဘော သွယ်ဝိုက် ပြောဆိုသွားခြင်း ဖြစ်သည်။
ထိုသို့ ဆူပါပါဝါ နှစ်နိုင်ငံ၏ သဘောထား များ တောင်နှင့် မြောက် ဖြစ်နေချိန် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်မည့် အလားအလာ ကို သုံးသပ်ရဖို့ ဖြစ်လာသည်။
ဖြစ်နိုင်ခြေ အရှိ ဆုံးက လွန်ခဲ့သည့် နှစ်များနည်းတူ ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီသည် မြန်မာနိုင်ငံ ကိုယ်စားပြုမှုကိစ္စကို "အဆုံးအဖြတ်မပေးဘဲ ဆိုင်းငံ့ထားရန်" (Defer) သဘောတူညီမှု ရယူသွားခြင်း ဖြစ်သည်။
ဤသည်ကလည်း တရုတ်သည် စစ်အုပ်စု ကို ထောက်ခံနေသော်လည်း၊ နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့၏ သံအမတ်ကို အတင်းအဓမ္မ ထိုင်ခိုင်းပါက အနောက်အုပ်စုနှင့် ထိပ်တိုက်တွေ့နိုင်ခြေရှိသည်။ ထို့ကြောင့် စစ်အုပ်စု ကိုလည်း မျက်နှာပျက်အောင်မလုပ်၊ အနောက်အုပ်စုနှင့်လည်း အခြေအတင်မဖြစ်စေမည့် "လက်ရှိအတိုင်း ဆိုင်းငံ့ထားရေး" ဗျူဟာကို တရုတ်က ဆက်သုံးနိုင်သည်။ ယင်းအခြေအနေတွင် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
နောက်တချက် စဉ်းစားရဖို့ ရှိလာသည်က စစ်အုပ်စုကိုယ်စားလှယ်ကို အစားထိုးရန် ရုရှားနှင့် ပူးတွဲကာ တရားဝင် ကြိုးပမ်းလာနိုင်သည်။ ထိုသို့ ဖြစ်လာကကော်မတီအတွင်း မဲခွဲဆုံးဖြတ်ဖို့ ရှိလာပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ၏ တန်ပြန်တွန်းအားပေးမှု မည်မျှ အားကောင်းသလဲဆိုသည့်အပေါ် မူတည်သွားမည် ဖြစ်သည်။ သို့သော်လည်း ကုလသမဂ္ဂအထွေထွေညီလာခံကြီး ၏ အတည်ပြုချက် လိုအပ်သဖြင့် စစ်အုပ်စု ဘက်က ထိုင်ခုံရရန်မှာ နိုင်ငံတကာထောက်ခံမှု လုံလောက်စွာ မရှိသေး၍ ခက်ခဲနေဦးမည် ဖြစ်သည်။
နောက်တကြောင်းက တရုတ်၏ အပြင်းအထန် ဖိအားကြောင့် ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကိုလည်း ဆက်လက်အသိအမှတ်မပြု၊ စစ်အုပ်စု ကိုလည်း ပေးမထိုင်ဘဲ မြန်မာ့ထိုင်ခုံကို ယာယီဆိုင်းငံ့ ထားလိုက်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။
မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကြောင့် ဘီဂျင်း အဖို့ ပြည်သူများကို ဗုံးကြဲ သတ်ဖြတ် နေသော သွေးအလိမ်းလိမ်း နှင့် ပုဂ္ဂိုလ်အား ပြည်သူ့ ခမ်းမ ကြီးတွင် ကော်ဇော်နီ ခင်း၍ ကြိုဆိုရဖို့ ရှိလာ၍ ကိုယ်ကျင့် သိက္ခာပိုင်းအရ အရှက်တကွဲ ဖြစ်ရ သော်လည်း စစ်အုပ်စု အဖို့က သံတမန်ရေးအရ အသက်ရှူချောင်ရာ ရရှိသွားသည်ဟု မှတ်ယူမည်သာ ဖြစ်သည်။
သို့သော်လည်း ကုလသမဂ္ဂ၌ ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရ ၏ သံတမန်ရေးရာ တက်ကြွမှု၊ အနောက်နိုင်ငံများ၏ တရုတ်အပေါ် တန်ပြန်ဖိအားပေးနိုင်မှု နှင့် မြေပြင်စစ်ရေးအခြေအနေ တို့အပေါ်တွင် တိုက်ရိုက် မူတည်နေပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးတွင် "ကြက်ဥလည်းမကွဲ၊ စေတီလည်းမပျက်" စည်းကမ်းကို ကျင့်သုံးလေ့ရှိရာ၊ စစ်အုပ်စု ကို ပြည်တွင်း၌ ကူညီနေသော်လည်း ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့မျက်နှာစာတွင် ၎င်းတို့ အတွက်နှင့် မိမိ၏ ပုံရိပ်ကို အထိခိုက်ခံပြီး ရင်းနှီးပေးရန် တွန့်ဆုတ် နေမည်သာ ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုက မြေပြင်အခြေအနေကို သိသာထင်ရှားစွာ ပြန်လည်မထိန်းချုပ်နိုင်သရွေ့ ဦးကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂတွင် ဆက်လက်ရပ်တည်နိုင်မည့် အလားအလာသည် သံတမန်ရေးရာ ဆိုင်းငံ့မှုနည်းဗျူဟာအရ ပိုမို အခွင့်အလမ်းများနေဆဲ ဖြစ်သည်ဟု ယူဆရပေသည်။
ပြဿနာ ဖြစ်နေသည်က မင်းအောင်လှိုင်ဖက်က စစ်ရေး အကူအညီများ ရနေသော်လည်း မိမိတို့ဖက်က မည်သူ့ဆီကမှ မရ ဖြစ်နေခြင်းပင်၊ သို့သော် ကျူးဘား တော်လှန်ရေးသည် အမေရိကန်တို့ ဘာစစ်စတာ အာဏာရှင်အား မားမားမတ်မတ် ရပ်တည် ပေးနေသည့် ကြားမှ မည်သည့် အကူအညီမှ မပါဘဲ ပြည်သူများ၏ ထောက်ခံ ပံ့ပိုးမှု ဖြင့် အောင်မြင်မှု ရခဲ့ခြင်းပင် ဖြစ်သည်။
ပြည်သူများ ဖက်ကလည်း လက်ရှိ တွင် တော်လှန် ရေး မအောင်မြင် သေးဟု ဆိုက မိမိတို့ ဝင်ပါဖို့ လိုအပ်လာပြီ ဖြစ်သည်ဟု ခံယူကြရတော့မည် ဖြစ်သည်၊ မင်း အောင်လှိုင် လက်အောက် တသက်လုံး နေသွားရမည့် အရေးက မိမိတို့၏ အနာဂတ် အတွက် ပို၍ပင် ရင်လေးစရာ ကောင်းနေ၍ မိမိတို့တွင် မိမိတို့သာ ရှိသည်ဟူသော စိတ်ဖြင့် အားစိုက် ရုန်းကန်ကြဖို့ လိုအပ်လာပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!