ဘီဂျင်း တွင် မင်း အောင်လှိုင် ကို တရားဝင် ကြိုဆိုသည့် အခမ်းအနား ကျင်းပပြီးနောက် သမ္မတ ရှီကျင့်ဖျင်သည် ၎င်းအား လက်ခံတွေ့ဆုံခဲ့ရာမှ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် “ပြည်သူ့ထောက်ခံမှုရရှိမည့် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း” ကို ရှာဖွေသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘီဂျင်းမြို့တွင် အင်္ဂါနေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ရလဒ်ကို အာဆီယံက အသိအမှတ် မပြုသော်လည်း ရှီကျင့်ဖျင်က ထွက်ပေါ်လာသော စစ်တပ် ကျောထောက် နောက်ခံပြု အစိုးရကို ထောက်ခံ အားပေးခဲ့သည့် အတွက် ယခုလို ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ၎င်း၏ လုပ်ရပ်များကို သဘောကျ နှစ်ခြိုက်မှု မရှိ မချစ်သော်လည်း အောင့်ကာနမ်းနေရသည် ဆိုသော သဘောထားက အထင်အရှား ပေါ်လွင် နေပေသည်။
“ပြည်သူ့ထောက်ခံမှုရရှိမည့် လမ်းကြောင်းကို ရှာဖွေသင့်သည်” ဟု ထည့်သွင်းပြောကြားခြင်းမှာ လက်ရှိ မြန်မာ့အကျပ်အတည်းတွင် စစ်အုပ်စု အပေါ် ပြည်သူလူထု၏ ဆန့်ကျင်မှု ပြင်းထန်နေခြင်းကို တရုတ်က သတိပြုမိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
တနည်းအားဖြင့် နိုင်ငံရေးအရ ရေရှည်တည်ငြိမ်ရန်အတွက် ရွေးကောက်ပွဲကျင်းပရုံမျှဖြင့် မလုံလောက်ဘဲ ပြည်သူလူထု အမှန်တကယ် လက်ခံလာအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း မင်း အောင်လှိုင် ကို လူသိရှင်ကြား သံတမန်နည်းလမ်းဖြင့် "သတိပေး" လိုက်ခြင်းလည်း ဖြစ်သည်။ လက်ရှိသွားနေသော ပုံစံသည် လုံးဝပြီးပြည့်စုံခြင်း မရှိသေးဘဲ တိုးတက်မှုနှင့် တည်ငြိမ်မှုရလဒ်များကို လက်တွေ့ပြသနိုင်ရန် မြန်မာခေါင်းဆောင်ပိုင်းထံမှ မျှော်လင့်နေကြောင်း ပြသခြင်းဖြစ်သည်။
မင်းအောင်လှိုင် အတွက် တော့ ထိုသို့ လူသိရှင်ကြား ပြောဆိုခံရခြင်းသည် အထိနာဆုံး ဖြစ်ပြီး ၎င်း၏ ခေါင်းဆောင်မှု ကို ထောက်ခံ နေခြင်းအား အချိန်မရွေး ရုပ်သိမ်းသွားနိုင် သည်ဟူသော အပြောမျိုးလည်း ဖြစ်နေသည်။
ရှီကျင့်ဖျင်၏ စကားအသွားအလာသည် "မျှခြေဖမ်းကစားခြင်း" ဖြစ်သည်။ တဖက်တွင် အထီးကျန်ဖြစ်နေသော စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ပြီး ဆက်ဆံရေးကို "ဦးစားပေး" အဖြစ် သတ်မှတ်ကာ အကာအကွယ်ပေးထားကြောင်း ပြသနေသော်လည်း၊ တဖက်တွင်မူ တရုတ်စီမံကိန်းများ ဘေးကင်းစေရန်အတွက် ပြည်တွင်းစစ်ကို ထိန်းချုပ်ရန်နှင့် ပြည်သူ့ထောက်ခံမှုရအောင် လုပ်ရန်ဟူသော တရုတ် အစိုးရ၏ မူဝါဒသည် မြန်မာပြည်သူလူထု တရပ်လုံးကို ဦးတည်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ "မျှော်လင့်ချက်/တောင်းဆိုချက်" များကို လိမ္မာပါးနပ်စွာ ဖိအားပေး ပြောဆိုသွားခြင်း ဖြစ်သည်။
ပြဿနာ က မင်းအောင်လှိုင်က ထိုသို့ မယူဆခဲ့ခြင်းပင် ဖြစ်သည်၊ ၎င်း၏ ရှင်သန်ရပ်တည်နိုင်မှုသည် ငွေကြေး၊ သံတမန်ရေးနှင့် လက်နက်ခဲယမ်း အပိုင်းတို့တွင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီနေလျင် ရပြီ၊ လိုတာ ထုတ်ပေးမည် ဟူ၍ ခံယူထားခြင်း ဖြစ်နေသည်။
မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ ပိုမိုချမ်းသာကြွယ်ဝဖို့နှင့် အာဏာ တည်မြဲဖို့အတွက် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ပြည်သူ့အသက်ပေါင်းများစွာကို ကစားကွက်ရွှေ့သလို ကစား နိုင်ရန် ကြံစည်နေကြသူများ ဖြစ်သည်။
ဤသည်ကပင် တရုတ်၏ မျှော်လင့်ချက် နှင့် ၎င်းတို့ ၏ ခံယူချက် ကွဲပြားနေသည်။ တရုတ်အစိုးရက မင်းအောင်လှိုင်ကို ထောက်ခံရမည် ဆိုလျင် နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာရှိရှိသာ ထောက်ခံလိုသည်။ ယခုလည်း ၎င်းတို့ အကျိုးစီးပွားများ ကြောင့် မဖြစ်၍ နောက်ဆုံး အကြိမ် လိုက်လျောသည့် အနေဖြင့် အိန္ဒိယလို အဆင့် နှိမ့်ချထားခြင်းမရှိဘဲ နိုင်ငံတော် အဆင့် ဖြင့် ဂုဏ်ပြု ပေးခဲ့ခြင်း ဖြစ်သည်၊ မင်းအောင်လှိုင် အား ထိုသို့ ကြိုဆိုပေးခြင်းသည် နောက်ဆုံးအကြိမ်သာ ဖြစ်ပေလိမ့်မည်။
မင်းအောင်လှိုင် သည် သေနတ်ပြပြီး သမ္မတ တက်လုပ် နေရသည့် အဆင့်သာ ရှိပြီး တိုင်းပြည်က ဖရိုဖရဲ ဖြစ်နေသည်ကို သိပြီးသားဖြစ်သည်။
၎င်းတို့ ပိုက်လုံးကို မထိသရွေ့ ကိုယ်ထိ လက်ရောက် ဝင်ကူရဲမည် မဟုတ်ဆိုသည်ကို သိထားဖို့ သင့်သည်၊ ပိုက်လုံးကို ထိလိုက်ပြီ ဆိုသည်နှင့် တရုတ်တို့ ဝင်လာဖို့ အကြောင်းပြချက် ရသွားပေလိမ့်မည်။
ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာစောင့်ကြည့်သူ ဒေးဗစ် မက်သီဆန် က “တရုတ်နိုင်ငံရဲ့ စိတ်ဝင်စားမှုက ဖက်ဒရယ်စနစ်အပေါ်မှာ မဟုတ်ဘဲ မြေရှားသတ္တုတွေ၊ အခြေခံအဆောက်အအုံတွေ၊ သတ္တုတွင်းလုပ်ငန်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ဖြစ်တဲ့ စီးပွားရေးစင်္ကြံကို လုံခြုံအောင်လုပ်ဖို့အပေါ်မှာပဲ ရှိတာပါ” ဟု ပြောကြားခဲ့သည်။ “ဒါ့အပြင် အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးကနေ နောက်ဆုတ်သွားပြီလို့ တရုတ်က ယူဆထားပြီး မြန်မာနိုင်ငံအပေါ် သြဇာအာဏာအသစ်တရပ် ထူထောင် ပြီး နဖားကြိုး ထိုးဖို့ လုပ်ဆောင်လာမှာ ဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများတလျှောက် အရှိန်အဟုန်ဖြင့် အားကောင်းလာနေသော အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း အပါအဝင် ဖြတ်ကျော်ရာဇဝတ်မှုများကို ပို၍ နှိမ်နင်းသွားရန် သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုခဲ့ကြောင်းလည်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ တကယ်တမ်းတွင် အဆိုပါ ရာဇဝတ်ဂိုဏ်း များသည် တရုတ်နိုင်ငံသားများ ဦးဆောင်နေခြင်း ဖြစ်နေပြန်သည်။
၎င်းတို့ နှစ်ဦး သည် တနာရီပင် မကြာသည့် တံခါးပိတ်အစည်းအဝေး ပြုလုပ်ပြီး ထို့နောက် မဟာမဲခေါင်ဒေသခွဲအတွင်း ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး၊ လွတ်လပ်စွာကုန်သွယ်မှု၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန်တွင် ကူညီပံ့ပိုးပေးရေး၊ ကျန်းမာရေးနှင့် မီဒီယာကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာရွက်စာတမ်း (၁၈) စောင်ကို တရားဝင် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြသည်။
သို့သော် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော စစ်ဇုန်များအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိ နေ၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံဆည် စီမံကိန်းကိုမူ အပြည့်အဝ ပြန်လည်စတင်ရန် ဘီဂျင်း ဘက်က ဆိုင်းငံ့ထားခဲ့သည်ဟု သိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ ရိုက်ခတ်မှုများက နိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ အကျိုးသက်ရောက်မှုများကို ပိုမိုဆိုးရွားစေခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၅ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ မြင့်တက်သွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီ ဖြစ်သည်။
ငွေကြေး ဖေါင်းပွ လာမှု ကြောင့် ပြည်သူများ၏ ဝင်ငွေမှာ ပုံမှန်အတိုင်း ရှိနေသော်လည်း ကုန်ပစ္စည်းများကို ယခင်ကကဲ့သို့ များများစားစား မဝယ်ယူနိုင် တော့ပေ။ ထို့အပြင် ဆင်းရဲမွဲတေမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရပြီဖြစ်၍ အရေးကြုံလျင် သုံးရန် မစုဆောင်း နိုင်တော့ သည့်အတွက် နောက်ထပ် စီးပွားရေးရိုက်ခတ်မှု သို့မဟုတ် ဘေးဒုက္ခတခုခု ထပ်ကြုံရပါက လုံးဝမခံနိုင်တော့ဘဲ ဘဝပျက်သွားနိုင်သည့် အခြေအနေသို့ ရောက်နေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!