ခင်ဗျားရဲ့ အထက်လူကြီးတွေက ကျုပ် မှာ အပြစ်ရှိတယ်လို့ ထင်နေကြပြီးသားဖြစ်လို့ အပြစ်ရှိတဲ့သူတယောက်လိုပဲ ဆက်ဆံတော့မယ်ဆိုတာကို ခင်ဗျား အခုထိ နားမလည်သေးဘူးဆိုရင်တော့ ခင်ဗျားကိုယ် ခင်ဗျား ထင်ထားသလောက် စမတ် မဖြစ်သေးဘူးလို့ ပြောရမှာပဲ။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ခင်ဗျား က ကပြားပဲ လေ၊ ကပြားတွေ အားလုံးလိုပဲ ခင်ဗျား မှာလည်း ချို့ယွင်းချက် ရှိနေတာပဲ။”
ပြန်တွေးကြည့်ရင်တော့ သူ ကျွန်တော့်ကို တမင်သက်သက် စော်ကားချင်လို့ ပြောခဲ့တာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်မိသည်။ အတွေးအခေါ်ပညာရှင် အတော်များများလို သူသည်လည်း လူမှုဆက်ဆံရေးစကေး ညံ့ဖျင်းရုံသက်သက် ကြောင့်သာ ဖြစ်သည်။ သူတွင်ရှိ ရိုင်းစိုင်းလှသည့် ပြောနေကျ ပုံစံအတိုင်း သူ အပါအဝင် တခြားလူအများစုက သိပ္ပံနည်းကျ အချက်အလက်ဟု ထင်မှတ်ထားသည့် အရာကို ရိုးရိုးသားသား ထုတ်ဖော်ပြောဆိုလိုက်ခြင်းသာ ဖြစ် ပေသည်။
သို့သော် လည်း အဖြူရောင် သုတ်ထားသည့် အခန်းထဲမှာ ကျွန်တော် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်ဆိုတာကိုတော့ ဝန်ခံရ ပေလိမ့်မည်။ အကယ်၍ ကျွန်တော်သာ လုပ်ချင်စိတ် ရှိလျှင် သူ၏ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေသည့် ပုံစံမျိုးဖမ်းပြီး၊ တဖက်က သူ့ကို ကာကွယ်ပေးရင်း မည်သို့မျှ မထိရောက်သည့် မေးခွန်းမျာ မနားတမ်းမေးပြီး ဒီစစ်ဆေးမေးမြန်းမှုကို နှစ်နဲ့ချီပြီး ဆွဲဆန့်ထားလိုက်လို့ ရသည်။
ထိုအချိန်မှာတော့ ကျွန်တော် တွေးနေသည်က ကျွန်တော့် ကိုယ်ကျွန်တော် ထင်ထားသလောက် တကယ်ပဲ စမတ်ကျသည်၊ တနည်းအားဖြင့် သူ့ထက် ပိုတော်တယ် ဆိုသည်ကို သူ့ကို သက်သေပြဖို့ပဲ ဖြစ်နေခဲ့သည်။
ကျွန်တော်တို့ နှစ်ယောက်ကြားထဲမှာ တယောက်ကပဲ သခင်၊ ကျန်တယောက်ကတော့ ကျွန် ဖြစ်ရုံသာ ရှိတော့သည်။
ဒီအချက်ကို သူ့ကို ကျွန်တော် ဘယ်လိုသက်သေပြခဲ့သလဲ။ တည ကျွန်တော် ရဲ့ဒေါသတွေ ငြိမ်ကျ အေးခဲ သွားတဲ့နောက်၊ အတွေးတခု ဖြတ်ခနဲ ပေါ်လာခဲ့သည်။ ထိုအတွေးက မျိုးမစစ်ဖြစ်သည့် ကျွန်တော် သည် ဒဿနပညာရှင်ဖြစ် သည့် သူ့ကို အတိုင်းထက်အလွန် ရှင်းရှင်းလင်းလင်း နားလည်နေပါလားဆိုသည့် အသိပင် ဖြစ်သည်။
လူတယောက်၏ အားသာချက်သည် အမြဲတမ်း တဖက်လူ၏ အားနည်းချက် ဖြစ်နေတတ်ပြီး၊ အပြန်အလှန်အားဖြင့်လည်း ထို့အတူပင် ဖြစ်သည်။ အကယ်၍သာ တဦးဦးက မြင်အောင်ကြည့်နိုင်ရင် ထိုအားနည်းချက်ကို အလွယ်တကူပဲ အကဲခတ်မိနိုင်သည်။
နာရီ ပြင်ဆရာ သည်... ဗီယက်နမ်လူမျိုးတဦးနှင့် ကက်သလစ်ဘာသာဝင်တ ဦးအတွက် အရေးအကြီးဆုံးအရာဖြစ်သည့် မိသားစုကိုပါ စွန့်ခွာသွားဖို့ ဝန်မလေးသော တော်လှန်ရေးသမားတဦး ဖြစ် နေသည်။
ကက်သလစ်ဘာသာဝင် တဦးအတွက်တော့ ဘုရားသခင်အတွက်ကလွဲရင် ကျန်တဲ့စွန့်လွှတ်မှုမျိုးကို လက်ခံနိုင်စရာ မရှိချေ။ သူ့ရဲ့အားသာချက်သည်က သူ့တွင် စွန့်လွှတ်အနစ်နာခံမှု ရှိနေသည်၊ ထိုအရာကိုပဲ ဖျက်ဆီးပစ်ရမည် ဖြစ်သည်။
ကျွန်တော် လည်း ခုံမှာ ချက်ချင်းဝင်ထိုင်ပြီး နာရီ ပြင်သမား ကိုယ်တိုင် ဝန်ခံချက်ရေးနေသလိုမျိုး သူ့အတွက် ဝန်ခံချက်တခုကို ရေးချလိုက်တော့သည်။
နောက်တစ်နေ့မနက် သူသည် ကျွန်တော် ရေးထားသော ဇာတ်ညွှန်းကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖတ်ရှုပြီးနောက်၊ ကျွန်တော် ကို စူးစူးစိုက်စိုက် စိုက်ကြည့်မလာခင် နောက်တခေါက် ထပ်မံဖတ်ရှုပြန်သည်။
"ခင်ဗျား ပြောချင်တာက ကျွန်တော်က ကိုယ့်ကို ကိုယ်အခြောက် လို့ ဝန်ခံနေတယ်လို့ ပြောတာလား"
"အမျိုးသားအချင်းချင်း စုံမက်သူ ပါ" ဟု ကျွန်တော်က ပြင်ပေးလိုက်သည်။
"ခင်ဗျားက ကျွန်တော့် အကြောင်း အပုပ်နံ့တွေ လျှောက်ဖြန့်တော့မလို့လား" ဟု သူက ပြောသည်။ "ဒါတွေက မုသာဝါဒတွေပဲ။ ကျွန်တော် ဘယ်တုန်းကမှ အခြောက်တယောက် မဖြစ်ခဲ့ဖူးဘူး။ အခြောက်တယောက် ဖြစ်ဖို့လည်း အိမ်မက်တောင် မမက်ဖူးဘူး။ ဒါ... ဒါတွေက တကယ့်ကို ညစ်ပတ်လွန်းတယ်။" သူ့အသံမှာ မြင့်တက်လာပြီး မျက်နှာတခုလုံးလည်း နီမြန်းလာသည်။
"ကျွန်တော်က ယောက်ျားတယောက်ကို ချစ်မိလို့ တော်လှန်ရေးထဲ ဝင်ခဲ့တာပါလို့ ပြောခိုင်း နေတာလား။ မိသားစုဆီကနေ ထွက်ပြေးလာရတဲ့ အကြောင်းရင်းက ဒါလား။ အခြောက်စိတ် ကြောင့်ပဲ ဒဿနိကဗေဒအပေါ် မြတ်နိုး နေတယ်လို့ ဆိုလို နေတာလား။ ကျွန်တော်က အခြောက်တယောက် ဖြစ်နေတာကြောင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်ချင်တဲ့ ဆန္ဒ ရှိနေတာလား။ တော်လှန်ရေးကို သစ္စာဖောက်လိုက်တာဟာ ခင်ဗျား တို့ ဖမ်းထားတဲ့ ကျွန် တော် ချစ်ရတဲ့ ယောက်ျားကို ကယ်တင်ဖို့အတွက်ပါလို့ ပြောခိုင်းတာလား။ ဒါကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး!"
"ဒါဆိုရင်လည်း ကျွန်တော် တို့က အဲဒီအကြောင်းကို မင်း ချစ်သူရဲ့ ဝန်ခံချက်ရယ်၊ မင်းတို့နှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဓာတ်ပုံတွေရယ်နဲ့တွဲပြီး သတင်းစာတွေထဲမှာ ထည့်လိုက်ရင် ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်တော့ဘူးပေါ့။"
"ခင်ဗျား တို့ ကျွန်တော် ကို အဲဒီလိုမျိုး ဓာတ်ပုံထဲ ပါအောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။"
"စီအိုင်အေ က လူကို စိတ်ညို့တာနဲ့ ဆေးဝါးတွေ သုံးစွဲတဲ့နေရာမှာ အံ့ဩစရာကောင်းလောက်အောင် ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိတယ်ဗျ။"
သူ နှုတ်ဆိတ်သွားသည်။ ကျွန်တော်က ဆက်ပြောလိုက် ပြန်သည်။
"ဒါတွေကို သတင်းစာတွေမှာ ရေးလာကြတဲ့အခါ ခင်ဗျား ကို ရှုတ်ချကြမှာက ခင်ဗျားရဲ့ တော်လှန်ရေးရဲဘော်ရဲဘက်တွေတင် မကဘူးဆိုတာ သဘောပေါက်။ ခင်ဗျား အဖို့ မိသားစုဆီ ပြန်မယ့်လမ်းကလည်း ထာဝရ ပိတ်သွားလိမ့်မယ်။ သူတို့ဟာ နောင်တရပြီး လမ်းမှန်ပြန်ရောက်လာတဲ့ တော်လှန်ရေးသမားတယောက်ကို လက်ခံချင်လက်ခံမယ်၊ ဒါမှမဟုတ် အောင်ပွဲခံလာတဲ့ တော်လှန်ရေးသမားကိုတောင် လက်ခံနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ လိင်တူချစ်သူတယောက်ကိုတော့ ဘယ်တော့မှ လက်ခံကြမှာ မဟုတ်ဘူး။
ခင်ဗျား ဟာ ဘာမှမဟုတ်တဲ့အရာအတွက်နဲ့ အရာရာကို စွန့်လွှတ်လိုက်ရတဲ့ လူတယောက် ဖြစ်သွားလိမ့်မယ်။ ခင်ဗျား ရဲ့ ရဲဘော်တွေရော၊ ခင်ဗျားရဲ့ မိသားစုကပါ ခင်ဗျားဟာ သတိရ အောက်မေ့စရာ လူအဖြစ် ကျန်ခဲ့မှာ မဟုတ်တော့ဘူး။ အနည်းဆုံး ခင်ဗျား ကျွန်တော်ကို ဖွင့်ပြောမယ်ဆိုရင် ဒီဖြောင့်ချက်ကို မထုတ်ဘူး။ စစ်ပွဲပြီးဆုံးတဲ့နေ့အထိ ခင်ဗျားရဲ့ ဂုဏ်သိက္ခာဟာ အကောင်း ပကတိ အတိုင်း ရှိနေလိမ့်မယ်။"
ကျွန်တော် မတ်တတ်ရပ်လိုက်ပြီး -
"အသေအချာ စဉ်းစားပါဦး။"
သူက ဘာမှမပြောသလို၊ ဘာမှလည်း မလုပ်ဘဲ သူ၏ ဖြောင့်ချက်စာရွက်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ကျွန်တော် တံခါးဝမှာ ခဏရပ်လိုက်ပြီး -
"မင်း ငါ့ကို လူယုတ်မာလို့ ထင်နေတုန်းပဲလား။"
"မဟုတ်ပါဘူး" လို့ သူက မည်သည့်ခံစားချက်မျှမပါသည့် လေသံနဲ့ ပြန် ပြောသည်။ "မင်းက ညစ်ပတ်စုတ်ပဲ့ လူ သက်သက်ပဲ။"
ငါ ဘာလို့ အဲဒီလို လုပ်ခဲ့မိတာလဲ ဟု စဉ်းစားမိပြန်သည်။
လက်ရှိ ရောက်နေသည့် နံရံဖြူဖြူ အခန်းကျဉ်းလေးထဲမှာ ကျွန်တော့် စိတ်ထဲကနေ အပြီးတိုင် ဖျောက်ဖျက်ထားခဲ့တဲ့ အကြောင်းများ ပြန်တွေးတောဖို့ကလွဲလို့ ကျွန်တော် မှာ အချိန်တွေ အားယား နေပေသည်။
နာရီ သမား က သူ့ရဲ့ သိပ္ပံယောင်ယောင် အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေနှင့် ကျွန်တော့် ကို စိတ်ဆိုးဒေါသထွက်အောင် ဆွပေးခဲ့ပြီး စဉ်းစားဆင်ခြင်ဉာဏ်မဲ့သည့် လုပ်ရပ်တွေ လုပ်မိအောင် တွန်းပို့ခဲ့တာလား။
အကယ်၍ ကျွန်တော်သာ ‘သူလျှို’ တယောက်အနေနှင့် ကိုယ့်ရဲ့ တာဝန်ဝတ္တရားကိုပဲ သမားရိုးကျ ထမ်းဆောင်ခဲ့မယ်ဆိုရင် သူက အဲဒီလို တွန်းပို့နိုင်မှာ မဟုတ်ဘူး။
အဲဒီလိုမဟုတ်ဘဲ... ဝန်ခံရရင်တော့... လုပ်သင့်လုပ်ထိုက်တာတွေရော၊ မလုပ်သင့်မလုပ်ထိုက်တာတွေကိုပါ ရောပြွန်းပြီး လုပ်ဆောင်ရတာကို ကျွန်တော် သဘောကျကျေနပ်နေခဲ့မိသည်။ ဤသည်ကတော့ ကလော့ဒ် တောင်းဆိုခဲ့သည့် အတိုင်း နာရီသမား စိတ်ဓာတ်တွေ အားလုံး ပြိုလဲပျက်စီးသွားတဲ့အထိ စစ်ဆေးမေးမြန်းဖို့ပင် ဖြစ်သည်။
နောက်ပိုင်း စောင့်ကြည့်ရေးအခန်းထဲရောက်တော့ ကလော့ဒ်က အဲဒီဖြစ်ရပ် မြင်ကွင်းကို ကျွန်တော်ကို ပြန်ဖွင့်ပြခဲ့သည်။ ထိုမြင်ကွင်းထဲမှာ ‘နာရီ သမား’ က သူ့ရဲ့ ဝန်ခံချက်စာတမ်းကို စိုက်ကြည့်ရင်း သူ့မှာ အချိန်မရှိတော့ဘူးဆိုတာ သိသွားတဲ့အချိန်၊ ကျွန်တော်က သူ့ကို စိုက်ကြည့်နေမိသည်များကို ပြန်ကြည့်နေခဲ့ရသည်။ သူဟာ ကလော့ဒ် ထုတ်လုပ်ပြီးကျွန် တော် ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားသည့် ရုပ်ရှင်ကားတကားထဲက ဇာတ်ကောင်တစ်ယောက်လို ဖြစ်နေခဲ့သည်။ နာရီ သမားဟာ သူ့ကိုယ်သူ ကိုယ်စားမပြုနိုင်ခဲ့၊ ကျွန်တော်ကသာ သူ့ကို ပုံဖော် ကိုယ်စားပြုပေးခဲ့တာ။
“တကယ့်ကို ပြောင်မြောက်ပါ ပေတယ်” ဟု ကလော့ဒ်က ပြောခဲ့သည်။ “မောင်ရင် ဒီကောင်ကို တကယ် အလဲထိုးလိုက်နိုင်တာပဲ။”