မင်းအောင်လှိုင် ကြောင့် အရှက်တကွဲ ဖြစ်ရဝောာ့မည့် ရှီကျင့်ဖျင်

by Hla Soewai - Jun 22 2026

အနောက်နိုင်ငံများနှင့် အာဆီယံ၏ ဖယ်ကြဉ်မှုကို ခံနေရချိန်တွင် တရုတ်နိုင်ငံသို့ "သမ္မတ" အဖြစ်သွားရောက်ခွင့်ရခြင်းသည် ၎င်း တို့ အတွက် ကြီးမားသော သံတမန်ရေးရာ ထွက်ပေါက်တခု ဖြစ်သည်ဟု ခံယူထားသည်။ တရုတ်သည် စစ်အုပ်စုအား အာဏာသိမ်းချိန် မှစ၍ တစိုက်မတ်မတ် ထောက်ခံလာသော နိုင်ငံ ဖြစ်နေ၍လည်း မည်သူကမျှ ထူးခြား မှု အဖြစ် ယူဆကြမည်ကား မဟုတ်ပေ၊ အကယ်၍ ဂျပန်၊ တောင်ကိုရီယား လို နိုင်ငံမျိုးက ဖိတ်ခေါ်လျင်တော့ ၎င်းအား သံတမန်ရေးအရ အသိအမှတ် ပြု ခံရမှု တွင် ကြီးမားသော အောင်ပွဲကြီးဟု လက်ခမောင်း ခတ်၍ ရပေမည်။

 

နိုင်ငံတကာ အမြင်တွင်တော့ ၎င်း တရုတ်ပြည်သို့သွား ခွင့်ရခြင်းသည် တရားဝင် အစိုးရ ဖြစ်ကြောင်း ပြသနိုင်ခွင့်ဟု ယူဆကြမည် မဟုတ်ပေ၊ အားလုံးက မြန်မာသည် တရုတ်၏ ဩဇာခံ နိုင်ငံ တနိုင်ငံ အဖြစ် သတ်မှတ်ထားပြီး ဖြစ်၍ မွဲပြာပုဆိုး ဇာတ်ထုတ် တထုတ် အဖြစ် သာ သတ်မှတ်ကြမည် ဖြစ်သည်။ တရုတ်အဖို့ကတော့ စစ်ယူနီဖောင်းမှ ပုဆိုး ပြောင်းဝတ်လာသူ ထံမှ အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှု မျိုး မည်သို့မှ ထွက်ပေါ်လာစရာ အကြောင်း မရှိသည်ကိုလည်း သိထားပြီး ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင်၏ ခရီးစဉ်တွင် တရုတ်မှ နယ်စပ်တည်ငြိမ်ရေးနှင့် လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေး အရ တိုက်ခိုက်ဖို့ မကြိုးစားရန် အဓိက ဖိအား ပေး ဆွေးနွေးသွားဖို့ ရှိနေသည်။

 

မင်းအောင်လှိုင် ဖက်ကလည်း ရှည်လျားလာနေသော ပြည်တွင်းစစ်ကြောင့် စစ်ရေးအရ အကြပ်အတည်း နှင့် ရင်ဆိုင် နေရပြီ ဖြစ်၍ တရုတ်ထံမှ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ သို့မဟုတ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုရရှိရန် မျှော်လင့်ချက်များ ရှိနေသည်။ 

 

တရုတ်ကလည်း ၎င်းတို့၏ "ပိုးလမ်းမစီမံကိန်း" (BRI) တွင် ပါဝင်သော ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရထားလမ်းစီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို ပြန်လည်အသက်သွင်းရန် အလွန်အမင်း လိုလားနေသော်လည်း ၎င်းတို့၏ ရွေးကောက်ပွဲ ဇာတ်ထုတ်မှ ထင်သလို တိုးတက်မှု များ ဖေါ်ဆောင် နိုင်မည့် အလားအလား လည်း ထွက်ပေါ် မလာခဲ့။

 

ကုန်သွယ်မှု ကဏ္ဍ တုံ့ဆိုင်းနေပြီး နိုင်ငံခြားငွေ ပြတ်လပ်နေမှုကို တရုတ်နှင့် ကုန်သွယ်မှု မြှင့်တင်ခြင်း၊ တရုတ်ယွမ်ငွေ အသုံးပြုမှု တိုးမြှင့်ခြင်းတို့ဖြင့် ကုစားရန် လည်း မင်းအောင်လှိုင်က လိုလားနေပြန်သည်။

 

တရုတ်သည် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သော်လည်း ၎င်း၏ စစ်အုပ်စု ကို ရာနှုန်းပြည့် ထောက်ခံခြင်းထက် "မိမိအကျိုးစီးပွားကို ကာကွယ်" ဖို့သာ ဖြစ်သည်။ မိမိတို့အား သေတပန် သက်တဆုံး အားကိုးချင်နေသည့် ပုဂ္ဂိုလ်များအား အဘယ်သို့ များ ပစ်ပယ် နိုင်အံ့ပေမည်နည်း။ ထိုသို့ ဖြစ်လာအောင်လည်း ၁၀၂၇ စစ်ဆင်‌ ရေး ဖြင့် တပည့်တပန်းများ လွှတ်ပြီး သင်ခန်းစာ ပေးထားပြီး ဖြစ်သည်။

 

တရုတ်၏ အဓိက လိုလားချက် (၃) ခု:

၁။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေး။

၂။ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ရပ်တန့်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး။

၃။ ၎င်းတို့ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကို အမြစ်ပြတ်နှိမ်နင်းရေး တို့ ဖြစ်သည်။

 

တရုတ်သည် မြန်မာ့နိုင်ငံရေးတွင် မည်သူတက်တက် ၎င်းတို့၏ ရေရှည်ဘူမိနိုင်ငံရေး အကျိုးစီးပွားနှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိရေးကိုသာ ရှေးရှုစဉ်းစားမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စု အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ်တွင်လည်း ဩဇာလွှမ်းမိုးမှုကို တစ်ပြိုင်နက်တည်း ထိန်းညှိကစားနေခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အား ၎င်း ၏ ကပ်ပါးရပ်ပါး လူတန်းစားများ ရှေ့ တွင် မော်ကြွားနိုင်မည့် ခရီးစဉ် အဖြစ် ကြိတ်၍ မှတ်ယူ နေသော်လည်း အလေး အနက် စဉ်းစားကြည့်မည် ဆိုက ရေရှည်တွင် မြန်မာ့အရေးကို တရုတ်၏ လက်ဝါးကြီးအုပ် ခြယ်လှယ်မှု၊ လက်အောက်ခံ အဖြစ် သွတ်သွင်းမှုသာ ပိုမိုအားကောင်းလာစေနိုင်သည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။ 

 

တရုတ်၏ ဖိအားကြောင့် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် နိုင်ငံရေးဆွေးနွေးပွဲများ ယာယီပေါ်ပေါက်လာနိုင်သော်လည်း၊ မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေး လိုလားချက်နှင့် စစ်ကောင်စီ၏ အာဏာဆုပ်ကိုင်ထားလိုမှုတို့အကြား အခြေခံပဋိပက္ခကိုမူ ယင်းခရီးစဉ်က မည်သို့မျှ ဖြေရှင်း နိုင်မည် လည်း မဟုတ် ပေ။

 

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှု ဒဏ်၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ညအချိန် အပြင်မထွက်ရဲဘဲ ကျီးလန့်စားစား ဖြစ်နေမှု၊ ‌တနေ့ သုံးလေးနာရီမျှသော လျပ်စစ် မီးရရှိမှု၊ စက်သုံးဆီ ပြတ်လတ်မှု၊ လယ်သမားများ ဓါတ်မြေဩဇာများ အဆမတန် ဈေးကြီးပေးဝယ်နေရမှု ကြောင့် စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်လာမည့် အရေး များ နှင့် လူထု သည် လုံးခြာလိုက်နေပြီ ဖြစ်သည်။

 

ထိုသို့သော ပြဿနာများကို စစ်ခေါင်းဆောင်များက နောင် ဆယ်နှစ်လည်း ဖြေရှင်း ပေးနိုင်မည် မဟုတ် ဆိုသည်ကို သမိုင်းအဆက်ဆက် တွေ့ခဲ့ကြပြီးလည်း ဖြစ်သည်။

 

စီးပွားရေး ပိတ်ဆို့မှု ကြောင့် ဆိုကလည်း မြောက်ကိုရီယားသည် အဘယ်ပုံ ရှင်သန် နေသနည်း ဆိုသည်ကို စဉ်းစားသင့်ပေသည်၊ ပြည်တွင်းတွင် ပါးစပ်ပိတ် နေရတာခြင်း အတူတူ မြောက်ကိုရီယား တို့က ထမင်းဝ ပေသေးသည် မဟုတ်ပါလား။

 

မြန်မာ ပြည်သူ အများစု က မည်သည့် နိုင်ငံရေး ပါတီမှလည်း ကိုယ်စားမပြု၊ ၎င်းအား တိုက်ရိုက် ရွေးချယ် တင်မြှောက်ပေးခဲ့ခြင်းလည်း မရှိ၊ ၎င်း ‌လက်ရွေးစင် ရွေးချယ် ပေးထားသော မင်းမြှောင်များက သာ "သမ္မတ" ဆိုလာသူ မင်းအောင်လှိုင် အား သမ္မတ အဖြစ်လည်း အသိအမှတ် မပြု၊ အတုအယောင် အဖြစ်သာ သဘောထားသည်၊ ထိုသို့သော ပုဂ္ဂိုလ်အား ရှီကျင့်ဖျင်မှ ကော်ဇောနီ ခင်း၍ ကြိုဆိုခြင်း ဖြင့် ကိုယ့် အရှက် ကိုယ်ခွဲသလို သာ ရှိပေတော့မည်။

 

ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!