နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(39)

by Hla Soewai - Jun 15 2026

ထို့ကြောင့် တရားသူကြီး ကော့စ် အနေဖြင့် ရှရစ်ဖ် ရေနီ နှင့် လက်ထောက် ဖြစ်သူ ပရိုက်စ် တို့မှလွဲ၍ ကျန်ပူးပေါင်းကြံစည်သူ ၁၇ ဦးလုံးအပေါ် စွဲချက်တင်ထားမှုများကို ပယ်ချခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ အကြောင်းမှာ ထိုသူ ၁၇ ဦးသည် "ပြည်နယ်ဥပဒေ၏ အကာအကွယ်အောက်တွင်" လှုပ်ရှားဆောင်ရွက်ခဲ့ခြင်း မဟုတ်ဟု ယူဆသောကြောင့် ဖြစ်သည်။ 

 

၁၉၆၆ မတ်လတွင် အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီး ကော့စ်၏ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ပယ်ဖျက်ခဲ့ပြီး စွဲချက်များကို ပြန်လည်အတည်ပြုခဲ့သည်။ "အမေရိကန်ပြည်ထောင်စု နှင့် စီဆဲလ်ပရိုက်စ် တို့အဖွဲ့" အမှုအား စစ်ဆေးခြင်းကို ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် တရားသူကြီး ဝီလျံကော့စ်၏ မီရီဒီယန် တရားရုံးခန်း၌ စတင်ခဲ့သည်။ 

 

စွဲချက်အသစ်များအရ တရားခံစာရင်းတွင် ကလန်အဖွဲ့ဝင် ၁၈ ဦး ပါဝင်လာခဲ့သည်။ တရားရုံး၏ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် တရားခံတဦး၏ အစ်ကိုဖြစ်သူ ရေမွန်ရောဘတ်စ် က ကွန်ဖက်ဒရိတ် အလံကြီးတခုကို စိုက်ထူခဲ့ရာ လာရောက်ကြည့်ရှုသူများက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်။ 

 

ဖက်ဒရယ်ရဲအရာရှိများသည် ရဲတပ်ဖွဲ့၏ အတားအဆီးများကို ကျော်တက်ရန် ကြံရွယ်သူများ ရှိလာပါက ဟန့်တား နိုင်ရန် တရားရုံးလှေကားထစ်များပေါ်တွင် ရပ်နေခဲ့ကြသည်။ အဆောက်အအုံအတွင်း၌မူ အမှုစစ်ဆေးရန် ဂျူရီလူကြီး အဖြစ် အရွေးချယ် ခံရန် ဆင့်ခေါ်ထားသူ ၂၀၀ ခန့် ရောက်ရှိနေပြီး ဒုတိယထပ် တွင် သတင်းထောက် တပြုံတမကြီး စုရုံးရောက်ရှိနေခဲ့ကြသည်။

 

တရားခံ ဝက်ခြံ အတွင်း ရောက်နေသော ကလန်အဖွဲ့ဝင်များ နှင့် ၎င်းတို့ကို ဝန်းရံအားပေးနေသူတို့၏ သဘာဝကို ဂျိမ်းစ် ဆေလ်ဗာ က သူ၏ "Mississippi: The Closed Society" ဆိုသည့် စာအုပ်တွင် အကျအန ဖွင့်ဆိုထားခဲ့ဖူးသည်။

 

"မစ္စစစ်ပီရဲ့ လူမှုအသိုက်အဝန်း တိုင်းမှာ စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ စိတ်ပျက်အားလျော့မှုတွေ ပြည့်နှက်နေပြီး၊ လူမှုစီးပွားအခြေအနေအားဖြင့် နိမ့်ပါးတဲ့ လူဖြူအုပ်စုတစု ရှိနေတတ်ပါတယ်။ ... သူတို့ဟာ မိမိကိုယ်ကိုယ် အထင်ကြီး လေးစားစိတ်ဝင်အောင် ဖန်တီးဖို့အတွက် လူမည်းတွေကို နင်းခြေထားရမယ်ဆိုတဲ့ စိတ်လှုံ့ဆော်မှုမျိုး ရှိနေကြတာပါ။ ... သူတို့ရဲ့ နိမ့်ကျလှတဲ့ လူနေမှုအဆင့်အတန်းကို လူမည်းတွေအပေါ် ပုံချအပြစ်တင်ရုံနဲ့ မြှင့်တင်လို့ မရနိုင်မှန်း သိကြပေမဲ့၊ လူ့အဖွဲ့အစည်းက အပြစ်ရှာဖို့ လက်ခံထားတဲ့ လူတွေအပေါ်မှာတော့ သူတို့ရဲ့ ရန်လိုတဲ့ ဒေါသတွေကို ပေါက်ကွဲခွင့် ရနေကြတယ်။ တခြား ဘယ်အရာမှာမဆို နောက်ဆုံးတန်းက ဖြစ်နေရတဲ့ သူတို့ဟာ သူတို့အောက်မှာ လူမည်းတွေ ရှိနေသေးတယ်ဆိုတဲ့ အချက်အပေါ်မှာပဲ သာယာပြီး ဝမ်းမြောက်နိုင်ကြတာ ဖြစ်ပါတယ်။"

 

အမှုအတွက် လူဖြူအမျိုးသား ၇ ဦးနှင့် လူဖြူအမျိုးသမီး ၅ ဦး ပါဝင်သော ဂျူရီလူကြီး ခုံသမာဓိ အဖွဲ့ကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ဤသို့ရွေးချယ်နိုင်ရန်အတွက် တရားရေးဝန်ကြီးဌာနသည် ကလန်အဖွဲ့ဝင်တဦးတယောက်မျှ ဂျူရီအဖွဲ့ထဲသို့ ခိုးကြောင်ခိုးဝှက် ပါမလာစေရေး အထူးတလည် အားထုတ် ကြိုးပမ်းခဲ့ရသည်။ 

 

အဘယ်ကြောင့်ဆိုသော် အဖွဲ့ဝင်တဦးတလေ ပါသွားရုံဖြင့်ပင် အစိုးရဘက်က စွဲဆိုထားသော အမှုကို ပျက်စီးသွားစေနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် တရားလိုပြရှေ့နေများသည် အတတ်နိုင်ဆုံး အသိဉာဏ်ရှိပြီး အများလေးစားလောက်သည့် ဂျူရီအဖွဲ့မျိုးကိုလည်း လိုချင်ခဲ့ကြသည်။ တရားရေးဝန်ကြီးဌာနမှ ရှေ့နေ ဂျွန် ဒိုအာ က အောက်ပါအတိုင်း ပြောပြခဲ့သည်။

 

"ကျွန်တော်တို့က အသိဉာဏ်ပညာ ရှိပုံရတဲ့ လူမျိုးတွေကို လိုက်ရှာခဲ့တာပါ။ ကျွန်တော့်လူတွေကို ဂျုရီ အဖွဲ့ဝင်လောင်းတွေရဲ့ အိမ်တွေဆီအထိ သွားကြည့်ခိုင်းခဲ့တယ်— သေသေသပ်သပ်နဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းထားတဲ့ အိမ်မျိုးတွေကို ရွေးချယ်ဖို့ပေါ့ဗျာ။"

 

မျှော်လင့်ထားသည့်အတိုင်းပင် တရားခံရှေ့နေများသည် ဂျူရီအဖြစ် ပါဝင်လာနိုင်ခြေရှိသည့် လူမည်း ၁၇ ဦးစလုံးကို တဦးမကျန် အကြောင်းပြချက်မရှိ ကန့်ကွက်ပိုင်ခွင့် ကို အသုံးချ၍ ပယ်ချခဲ့ကြသည်။ တရားခံရှေ့နေများသည် ထိုခေတ်ကာလက ထိုသို့ပြုလုပ် နိုင်ကြ သော်လည်း ယနေ့ခေတ်တွင်မူ ထိုသို့လုပ်၍ မရနိုင်တော့ပေ။

 

မစ္စစ္စပီအလယ်ပိုင်း အရှေ့ဘက်ဒေသတွင် ဖက်ဒရယ်အစိုးရအပေါ် ဆန့်ကျင်လိုစိတ်များ ပြင်းထန်နေသည်ကို ဂျွန်ဒိုးဝါး က ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် သူ၏ အဖွင့်အမှာစကားတွင် ဖက်ဒရယ်အရပ်ဘက် အခွင့်အရေးဆိုင်ရာ ဥပဒေဖြင့် အဘယ်ကြောင့် တရားစွဲဆိုရန် လိုအပ်ရကြောင်းကို ရှင်းပြရန် ကြိုးပမ်းခဲ့သည်။

 

ဂျူရီအဖွဲ့ဝင် အများစုမှာလည်း ဤရာဇဝတ်မှုကြီးကို ပြည်နယ်အဆင့် လူသတ်မှုအဖြစ် တရားမစွဲဘဲ၊ အဘယ်ကြောင့် ဖက်ဒရယ်အဆင့် အရပ်ဘက် အခွင့်အရေး ချိုးဖောက်မှုအဖြစ် တရားစွဲဆိုရသနည်းဟူ၍ သိချင်နေကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

 

တရားခံ အကျိုးဆောင် ရှေ့နေ တဆယ့်နှစ်ဦးအနက် တဦးက သူ၏ အဖွင့်လျှောက်လဲချက်တွင် ဒိုအာ ကို လက်ညှိုးထိုးပြခဲ့သည်။ အစိုးရဘက်မှ ဦးဆောင်ရှေ့နေဖြစ်သူ ဒိုအာသည် "လူမည်း ဂျိမ်းစ် မာရီဒစ် ကို မစ္စစ္စပီ တက္ကသိုလ်ထဲသို့ အတင်းအကျပ် သွတ်သွင်းပေးခဲ့၍ " လူတိုင်းက မုန်းတီးကြသော တရားရေးဝန်ကြီးဌာန အရာရှိ ပင်ဖြစ်ကြောင်း ဂျူရီလူကြီးများကို ပြောပြခဲ့သည်။ 

 

ဒိုအာက ထိုအချက်ကို ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြခဲ့သည်။ မာရီဒစ်သည် ထိုတက္ကသိုလ်၏ ပထမဆုံးသော အာဖရိကန်-အမေရိကန် ကျောင်းသားအဖြစ် ကျောင်းအပ်နှံပြီးနောက် ပထမဆုံး ကြုံတွေ့ခဲ့ရသည့် တင်းမာလှသော နေ့ရက်များတလျှောက်လုံးတွင် ဒိုအာသည် မာရီဒစ်၏ အနားမှာ ရှိနေပေးခဲ့သူ ဖြစ်သည်။

 

တရားခံရှေ့နေများအဖွဲ့သည် အစိုးရဘက်မှ တင်သွင်းသော နောက်ခံအခြေအနေပြ သက်သေတစ်ဦးကို ပြန်လှန်စစ်မေးရာတွင် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်ခဲ့မိသည်။ ထိုသက်သေမှာ မီရီဒီယန် မြို့တွင် အသတ်ခံရသူ လူ့အခွင့်အရေးလှုပ်ရှားသူ ရွှာနာ နှင့်အတူ တွဲဖက်လုပ်ကိုင်ခဲ့သူ သင်းအုပ် ဆရာတော် ချားလ်စ် ဂျွန်ဆင် ဖြစ်သည်။

 

တရားခံရှေ့နေ လော်ရယ် ဝီယာ က ရွှာနာသည် ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်ပါသလား၊ သူ ကျူးဘားနိုင်ငံသို့ သွားခဲ့ပါသလား၊ ပြီးတော့ စစ်မှုထမ်းကတ်များကို မီးရှို့ဖျက်ဆီးရန် လှုံ့ဆော်ခဲ့ပါသလား စသည့် အဓိပ္ပာယ်မရှိသော မေးခွန်းများကို ဆက်တိုက် မေးမြန်းခဲ့သည်။ 

 

၎င်း၏ မေးခွန်းများ အဆုံးတွင် ဝီယာက "ခင်ဗျားနဲ့ မစ္စတာ ရွှာနာတို့ဟာ နီဂရိုး လူငယ်တွေကို ၁၉၆၄ ခုနှစ် နွေရာသီအတွင်းမှာ တပတ်ကို တကြိမ် လူဖြူအမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ သဘောတူညီတဲ့ ကတိကဝတ်တွေမှာ လက်မှတ်ရေးထိုးဖို့ လှုံ့ဆော်စည်းရုံးခဲ့ကြတာ မဟုတ်ဘူးလား" အထိ မေးမြန်းခဲ့လေသည်။

 

ထိုမေးခွန်းကြောင့် တရားသူကြီး ကော့စ် က ကြားဝင်ခဲ့ရပြီး ယခုကဲ့သို့ မေးခွန်းမျိုး မေးမြန်းခြင်းမှာ “လုံးဝ မလျော်ကန်ကြောင်း” သတိပေးခဲ့သည်။ ထို့နောက် ရှေ့နေအား ဤမေးခွန်းကို မေးရသည့် ခိုင်လုံသော အကြောင်းပြချက် ပြနိုင်မလားဟု မေးမြန်းခဲ့သည်။

 

 ရှေ့နေ ဝီယာ က ဤမေးခွန်းကို မိမိထံသို့ စာဖြင့် ရေးသားပေးပို့လာခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် တရားသူကြီး ကော့စ်က မည်သူရေးသားခဲ့သလဲဆိုသည်ကို အတင်းအကျပ် မေးမြန်းတောင်းဆိုခဲ့သည်။ တရားခွင် တွင် အပ်ကျသံ ကြားရ လောက်အောင် တိတ်ဆိတ်သွားပြီးနောက်တွင်မူ တရားခံဖက်မှ ရှေ့နေတဦးက ထိုမေးခွန်းကို တရားခံဖြစ်သူ နှင့် ညီအစ်ကို တော်စပ်သူ ကီလင် ခေါ် အက်ဂါ ရေး ကီလင် ကိုယ်တိုင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

 

ဤဖြစ်ရပ်သည် အလွန်အရေးပါလှသည်၊ အဘယ်ကြောင့်ဆိုသော် တရားသူကြီး ကော့စ်အနေဖြင့် ဤတရားစီရင်မှုကို အလွန်ပင် အလေးအနက် သဘောထားနေသည်ဟူသောအချက်ကို တရားခံများသာမက အမှု အတွက် အရေးပါလှသည့် ဂျူရီလူကြီးများပါ အထင်အရှား သိမြင်သွားစေရန် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ၎င်းတို့ကိုယ်တိုင်လည်း အလေးအနက် ထားရတော့မည်ဖြစ်ကြောင်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ 

 

အစိုးရဘက်မှ အမှုလိုက်ရှေ့နေ ဒိုအာ က တရားခံ အကျိုး‌ ဆောင် အဖွဲ့၏ ထိုလုပ်ရပ်ကို “ကြီးမားလှသော အမှားအယွင်းကြီး” ဟု ခေါ်ဆိုခဲ့ပြီး ယင်းသည် တရားခွင်၏ အလှည့်အပြောင်းပဲ” ဟု ပြောပြခဲ့သည်။

 

အစိုးရဘက်က တရားစွဲဆိုထားသည့် အမှု၏ အဓိက အသက်သွေးကြောမှာ ‘ကုကလပ်ကလန်’ ဘက်မှ သတင်းပေးသူ သုံးဦး၏ သက်သေထွက်ဆိုချက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။ သက်သေ ဝေါလေ့စ် မစ်လာ က မီရီဒီယန် ဒေသတွင်းရှိ လူမျိုးရေးခွဲခြားသူများ၏ လျှို့ဝှက်အဖွဲ့အစည်း ဖွဲ့စည်းပုံကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ရော့ခ်ကတ် လမ်းမပေါ်တွင် လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းနှင့် ပတ်သက်၍ အက်ဂါ ရေး ကီလင်နှင့် ၎င်းတို့အကြား စကားပြောဆိုခဲ့မှုများကိုလည်း သက်သေထွက်ဆိုသွားခဲ့သည်။