အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(29)

by Hla Soewai - Jun 15 2026

#မရေမရာအောင်ပွဲဆီသို့ (၂)

 

ထိုခေတ်ကာလ စစ်ဆင်ရေးသမိုင်းပညာရှင် ဝီလ်ဆင် က 'စည်းမဲ့ ကမ်းမဲ့ တောင်တက်သမား တစု' ဟု သုံးနှုန်းခဲ့သော ထိုသူများသည် ကုန်ကျစရိတ် အနည်းငယ်မျှဖြင့်ပင် ဤအရေးပါသော စစ်ဆင်ရေးကို အောင်နိုင်ခဲ့ကြသည်။ အခြေအနေကို သိမြင်နားလည်မှုနှင့် ရိုးရှင်းစွာ ဆောင်ရွက်တတ်မှု — ဟူသော အချက်သည် နောက်ထပ် နှစ်ပေါင်း ၁၅၀ နီးပါး ကြာမြင့်သောအခါ ဗီယက်နမ်စစ်ပွဲအတွင်း ရောက်ရှိနေသည့် အမေရိကန်တို့ သင်ယူရန် အလွန်နှောင့်နှေးခဲ့ကြသော သင်ခန်းစာတစ်ခုပင် ဖြစ်သည်။

 

၁၈၂၅ ခုနှစ် ရခိုင် စစ်ဆင်ရေးတွင် ဂျင်နရယ် မောရစ်ဆင် အနေဖြင့် ထိုသင်ခန်းစာမျိုးကို လုံးဝ သတိမမူမိခဲ့ဘဲ လိုက်နာကျင့်သုံးခြင်း မရှိခဲ့ခြင်းကြောင့် ရလဒ်မှာ စစ်ရေးအရ ကပ်ဘေးဆိုက် ခဲ့သည့် ဆုံးရှုံးမှုကြီး ဖြစ်လာခဲ့တော့သည်။ ၎င်းသည် ဇန်နဝါရီလတွင် စစ်သည်အင်အား ၁၁,၀၀၀၊ အမြောက်ကြီးများနှင့်အတူ ကုလားအုတ်၊ ဆင်၊ နွား စသည့် ထောက်ပံ့ရေးယာဉ်တန်းများကို အသုံးပြုကာ စစ်တကောင်း မြို့မှ တောင်ဘက်သို့ ဖောက်လုပ်ထားသော လမ်းသစ်အတိုင်း ချီတက်ခဲ့သည်။ ထိုထောက်ပံ့ရေး ယာဉ်တန်းကြီးသည် နောက်ကွယ်တွင် ၁၅ မိုင်နီးပါးခန့်အထိ ရှည်လျားစွာ တန်းစီလိုက်ပါခဲ့ရသည်။

 

နိမိတ်မကောင်းခဲ့သော ရာမူး မြို့၏ တောင်ဘက် ရှစ်မိုင်အကွာရှိ ကော့ခ်ဘဇား သို့ ရောက်ရှိသောအခါ၊ ထိုဒေသ၏ မြေမျက်နှာသွင်ပြင်ကို ရေရေရာရာ မသိရှိခြင်းက သူ့ကို စတင်ဗျာများ စေခဲ့တော့သည်။ သူနှင့် ရခိုင်ဒေသ ကြားတွင် ချောင်းမြောင်းများနှင့် မြစ်များစွာက အသွယ်သွယ် ခြားဆီးနေကြသည်။

 

ကမ်းရိုးတန်းတစ်လျှောက်အတိုင်း ဆက်သွားပြီး မြစ်ဝကျယ်ကြီးများ ဖြစ်နေသည့် နေရာများမှတစ်ဆင့် သူ၏ စစ်ကြောင်းတခုလုံးကို တစ်ဖက်ကမ်းသို့ ကူးတို့ဖြင့် ဖြတ်ကျော်ရမလား၊ သို့မဟုတ် အရှေ့ဘက်သို့ လမ်းကြောင်းပြောင်းပြီး မြစ်ဖျားပိုင်း ပိုကျဉ်း၍ ခြေကျင် အလွယ်တကူ ဖြတ်ကူးနိုင်မည့် နေရာများမှ ဖြတ်ရမလား ဆိုသည်ကို သူ အပြီးသတ် ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

 

မော်ရစ်ဆင် ရင်ဆိုင်နေရသည့် ပြဿနာမှာ အရှေ့ဘက်သို့ ဦးတည်သွားနိုင်မည့် အသုံးပြု၍ရသော လမ်းကြောင်းများ ရှိ၊ မရှိ မသိရခြင်း ဖြစ်သည်။ သို့သော် ရာသီဥတု ကောင်းမွန်ပါက သူ၏ ခြေလျင်တပ်သားများ ဖြတ်ကျော်နိုင်သော်လည်း သူ၏ အမြောက်တပ်များနှင့် ဝန်တင်တိရစ္ဆာန်များ မဖြတ်ကျော်နိုင်မည့် တောင်တန်းများနှင့် တောနက်ကြီးများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းကိုမူ သူ ကောင်းစွာသိရှိထားသည်။ ထို့ကြောင့် သူသည် ကမ်းရိုးတန်းလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

 

ကံကောင်းထောက်မစွာဖြင့် ဗြိတိသျှ နိုင်ငံရေးကိုယ်စားလှယ် သည် ကမ်းရိုးတန်းမှ ရှစ်မိုင်ခန့်အကွာ၊ မြစ်အကျယ် ငါးမိုင်ခန့်ရှိသော နတ်မြစ်ဝှမ်း တက္ကနာ့ဖ် တွင် လှေငယ်များ၊ ကုန်တင်ကူးတို့လှေများနှင့် ဖောင်အမြောက်အမြားကို စုဆောင်းထားရှိခဲ့သည်။ စေလွှတ်လိုက်သော တပ်စိတ် တစိတ် သည် ထိုလှေ၊ ဖောင်များဖြင့် မောင်းတောဘက်သို့ ဖြတ်ကူးခဲ့ပြီးနောက် ထိုဒေသတွင် ရန်သူမရှိကြောင်းနှင့် ဒေသခံပြည်သူများသည် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် မော်ရစ်ဆင်သည် ထိုအချိန်တွင် မြစ်ကမ်းပါးသို့ ရောက်ရှိနေပြီဖြစ်သော တပ်ဖွဲ့တစ်ခုလုံးကို တဖက်ကမ်းသို့ ကူးတို့ဖြင့် ဖြတ်ကူးရန် အမိန့်ပေးခဲ့သည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် ကြာမြင့်ပြီးမှသာ တပ်ဖွဲ့အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်ကူးနိုင်ခဲ့ပြီး ရှေ့ဆက်ချီတက်ရန် အသင့်ဖြစ်ခဲ့သည်။ သို့သော်လည်း ရိက္ခာပစ္စည်းများ၊ သိုလှောင်ကုန်များ၊ ဝန်တင်တိရစ္ဆာန်များနှင့် အသားစားနွားများ၊ ကုလားအုတ်များနှင့် ဆင်ကောင်ရေ ရာပေါင်းများစွာမှာမူ အခြားတဖက်ကမ်းတွင် ကျန်ရှိနေသေးပြီး မြစ်ကမ်းပါးသို့ပင် မရောက်ရှိကြသေးပေ။

 

ထိုထက် ဆိုးရွားသော အခြေအနေများ ကြုံတွေ့လာရပြန်သည်။ မော်ရစ်ဆင်သည် ကူးတို့ဖြင့် ဖြတ်ကူးရန် ကျန် နေသူများကို ကာကွယ်ရန်အတွက် မောင်းတောမြို့တွင် မြင်းစီးတပ်ခွဲနှစ်ခုနှင့် အမြောက်တပ်ခွဲနှစ်ခုနှင့်အတူ အဆင့်မြင့်အရာရှိတစ်ဦးကို ထားရစ်ခဲ့ပြီး၊ သူ၏တပ်ဖွဲ့ကို မယူ (Mayo) သို့သွားမည့် နောက်ထပ်ခရီးစဉ်အဆင့်အတွက် ရေလမ်းခရီးနှင့် ကုန်းလမ်းခရီးဟူ၍ နှစ်ဖွဲ့ ခွဲလိုက်သည်။ 

 

ကုန်းလမ်းချီတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိခဲ့သော်လည်း ရေလမ်းချီတပ်ဖွဲ့မှာမူ ပြင်းထန်သော မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရပြီး ကုန်တင်လှေအချို့ နစ်မြုပ်ကာ အခြားလှေများကိုလည်း ကမ်းခြေသို့ ပြန်လှည့်လာရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

 

တပ်ဖွဲ့ အားလုံး (ဝန်တင်တိရစ္ဆာန် အားလုံးနီးပါးမှအပ) ဖေဖော်ဝါရီ ၂၇ ရက်တွင်မှ ရောက်ရှိလာခဲ့ပြီး၊ မတ် ၂၄ ရက်တွင် ဆက်လက်ချီတက်ရန် အဆင်သင့်အ‌ နေအထား ဖြင့် ရခိုင်မြစ်ကြီး၏ မြစ်ဝတွင် စုစည်းမိခဲ့ကြသည်။

 

မော်ရစ်ဆင်သည် ရခိုင်ဒေသကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ရာ၊ အမှန်တကယ်တော့ ဤမျှဖြင့်ပင် လုံလောက်သင့်လှပြီ ဖြစ်သည်။ သို့သော်လည်း ဝေးကွာလှသော ကာလကတ္တားမြို့ရှိ စစ်သေနာပတိချုပ်နှင့် ဘုရင်ခံချုပ်တို့ကမူ ၎င်း၏ တပ်များ ကို ဧရာဝတီမြစ်ဝှမ်းရှိ ကမ်းဘဲလ် ၏ တပ်များနှင့် သွားရောက်ပူးပေါင်းရန်အတွက် ရခိုင်ရိုးမတောင်တန်းကြီးကို ဖြတ်ကျော်ချီတက်စေလိုကြသည်။

 

ယင်းသည် ၎င်း၏ လုပ်ငန်းတာဝန်အားလုံးထဲတွင် အခက်ခဲ အပင်ပန်းဆုံးနှင့် အစိုးရိမ်ရဆုံး တာဝန်ဖြစ်ပြီး၊ မကြာမီ မိုးရာသီ ကျရောက်တော့မည်ဖြစ်ရာ မည်မျှပင် အကြောက်အလန့်မရှိသော မော်ရစ်ဆင်ကိုယ်တိုင်ပင်လျှင် ဤအလားအလာကြောင့် စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့မည်မှာ အမှန်ပင်ဖြစ်သည်။

 

ပထမအဆင့်အနေဖြင့် ရခိုင်မြို့တော်နှင့် ရခိုင်ရိုးမတောင်ခြေအကြားတွင် အပူရှိန်ပြင်းပြီး စိုစွတ်နေသော တောနက်ကြီး မိုင်ပေါင်း ၈၀ မျှ ရှိနေသည်။ ထို့နောက်တွင်မူ အမြောက်များ၊ ဆင်များနှင့် ကုလားအုတ်များကို အလွန်တရာ ခက်ခက်ခဲခဲနှင့် အလွန်နှေးကွေးသော နှုန်းဖြင့်သာ သယ်ဆောင်သွားနိုင်မည့် ကြမ်းတမ်းလှသော တောင်တန်းကြီးများနှင့် မတ်စောက်လှသော ချောက်ကမ်းပါးကြီးများ ရှိရာ မိုင်ပေါင်း ၉၀ ခရီးက ဆက်လက်ဆီးကြိုနေသည်။

 

မော်ရစ်ဆင် သည် အမြော်အမြင်ရှိစွာဖြင့် ဗြိတိသျှနှင့် အိန္ဒိယ စစ်ဗာရိ ခြေလျင်တပ်ခွဲ ခြောက်ခွဲပါဝင်သော ကင်းထောက်တပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ မေဂျာ ဘတ်ခ် အား ကွပ်ကဲစေခဲ့သည်။ ထို့နောက် ဗမာပြည်နှင့် ရခိုင်ဒေသအကြား ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ‘အမ်းတောင်ကြားလမ်း ကို အကြောင်း အမျိုးမျိုး ကြောင့် ချန်လှပ်ထားခဲ့ပြီး၊ ၎င်းအစား တောင်ဘက် မိုင်ရှစ်ဆယ်ခန့်အကွာရှိ ‘ဓညဝတီ’ သို့ သင်္ဘောဖြင့် စေလွှတ်ခဲ့သည်။ ထိုနေရာမှတစ်ဆင့် ‘တလက်’ (Talek) သို့ ချီတက်ကာ ‘တလက်တောင်ကြားလမ်း’ (Talek Pass) ကို ကင်းထောက်ရန် အမိန့်ပေးခဲ့သည်။

 

မေလ ၁၉ ရက်နေ့တွင် ဘတ်ခ်နှင့် သူ၏တပ်ဖွဲ့ငယ်သည် မတ်စောက်ပြီး ကျဉ်းမြောင်းကာ ကျောက်တုံး ကျောက် ခဲများထူထပ်သည့် လမ်းကြောင်းအတိုင်း ပထမဆုံးအကြိမ် ပင်ပန်းကြီးစွာ စတင်ချီတက်ခဲ့ကြသည်။ ထို့နောက်တွင်လည်း လူတစ်ယောက်စာသာ လျှောက်နိုင်လောက်အောင် ကျဉ်းမြောင်းပြီး ကျောက်ခဲများ ပြည့်နှက်နေသည့် တောင်တက်လမ်းအတိုင်း နောက်ထပ် သုံးရက်တိုင်တိုင် ဆက်လက်တက်ခဲ့ကြရသည်။

 

သုံးရက်မြောက်နေ့ ညနေပိုင်းသို့ ရောက်သောအခါ ဗြိတိသျှစစ်သည်များနှင့် စစ်ဗာရီ အများအပြားမှာ ဖျားနာခြင်း သို့မဟုတ် မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားနေကြရပြီ ဖြစ်သည်။ ထို့အပြင် တောင်စောင်းများပေါ်မှ လိမ့်ကျမသေဘဲ ကျန်ရစ်ခဲ့သည့် ဝန်တင်တိရစ္ဆာန်များမှာလည်း လုံးဝအားအင်ကုန်ခမ်းနေကြပြီဖြစ်၍ ရှေ့သို့ တလှမ်းမျှပင် ဆက်မတိုးနိုင်တော့ပေ။

 

ယခုအခါ ၎င်းတို့သည် မြန်မာနိုင်ငံ နယ်စပ်သို့ ရောက်ရှိရန် ခြေလျင်ခရီးဖြင့် နှစ်ရက်သာ လိုတော့သည်။ လေပြင်းများ တိုက်ခတ်နေသော လူသူ ကင်းမဲ့သည့် ကုန်းမြင့်ဒေသပေါ်တွင် ရောက်ရှိ နေသော ဘတ်ခ် အတွက်မူ မျှော်လင့်ချက်ပန်းတိုင်မှာ လက်တကမ်းအကွာသို့ ရောက်ရှိနေပြီဟု ထင်မှတ်နေပေလိမ့်မည်။ သို့သော်လည်း ထိုပန်းတိုင်သည် လက်လွှတ်ဆုံးရှုံးသွားခဲ့ရသည်။

 

၂၃ ရက်နေ့တွင် သူ၏ ဒေသခံကင်းထောက်များထံမှတဆင့် ရှေ့တွင် ရန်သူ့တပ်စခန်းတစ်ခု ရှိနေကြောင်း သတင်းရရှိခဲ့သည်။ ဘတ်ခ်သည် ထိုစခန်းကို ညအမှောင်ကို အကာအကွယ်ယူကာ ဝင်ရောက်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ သို့သော် တိုက်ပွဲမစတင်မီလေးတွင် ကင်းထောက်များ ပြန်လည်ရောက်ရှိလာပြီး ရှေ့မိုင်အနည်းငယ်အကွာရှိ လမ်းမပေါ်တွင် အင်အားတောင့်တင်းသော ရန်သူ့တပ်ဖွဲ့တစ်ဖွဲ့က ကန့်လန့်ဖြတ် ပိတ်ဆို့နေရာယူထားကြောင်း သတင်းပေးပို့ခဲ့သည်။ ထို့အပြင် သူ၏ လမ်းပြနှစ်ဦးမှာ သေနတ်ဖြင့် အပစ်ခံခဲ့ရပြီး အခြားနှစ်ဦးမှာလည်း ဖမ်းဆီးခြင်း ခံခဲ့ရလေသည်။