အာဏာကို ထိန်းသိမ်းခြင်း (စစ်တပ်ကို မည်သို့ ပုံစံ နှင့် ဖျက်သိမ်းသင့်သနည်း)
ယခင်အုပ်စိုးသူအစိုးရကို ထောက်ပံ့ပေးထားခဲ့သော စစ်တပ်ကို စနစ်တကျနှင့် အမြစ်ပြတ် မချေမှုန်းနိုင်သရွေ့ အပြီးသတ်အောင်ပွဲကို ရရှိနိုင်မည်မဟုတ်ပေ။ ထို့အပြင် ယခင်အစိုးရဟောင်းကို ကာကွယ်စောင့်ရှောက်ခဲ့သော အဖွဲ့အစည်း အဆောက်အအုံ အားလုံးကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ရမည် ဖြစ်သည်။
သို့သော်လည်း ဤစာအုပ်သည် ပြောက်ကျားစစ်ဆိုင်ရာ လမ်းညွှန်စာအုပ်သက်သက်သာ ဖြစ်သည့်အတွက်ကြောင့် အာဏာသစ်အပေါ် ကျရောက်လာမည့် စစ်မက် သို့မဟုတ် ကျူးကျော်စော်ကားမှုများအား မည်သို့ကိုင်တွယ်မည်ဟူသော အချက်အပေါ်၌သာ ကျွန်ုပ်တို့ ကန့်သတ်ဆွေးနွေးသွားမည် ဖြစ်သည်။
ကျွန်ုပ်တို့ ပထမဆုံး ရင်ဆိုင်ကြုံတွေ့ရမည့်အရာမှာ ကမ္ဘာ့လူထု၏ သဘောထားအမြင်ပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများရှိ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများ ပိုင်ဆိုင်ကြသော “လေးနက်တည်ကြည်ပါသည်ဆိုသည့် သတင်း စာမျက်နှာများ” နှင့် “မှန်ကန်လှပါသည်ဆိုသည့်” သတင်းဌာနများသည် လွတ်မြောက်လာသော တိုင်းပြည်အပေါ်သို့ စတင်တိုက်ခိုက်ကြလိမ့်မည်။ ထိုတိုက်ခိုက်မှုသည် ပြည်သူ့ပြုပြင်ပြောင်းလဲရေး ဥပဒေများကဲ့သို့ပင် ရန်လိုပြီး စနစ်တကျ ရှိလိမ့်မည် ဖြစ်သည်။
ဤအကြောင်းပြချက်ကြောင့်ပင် စစ်တပ်ဟောင်းမှ မည်သည့်အကြွင်းအကျန် အစိတ်အပိုင်းတခု တလေကိုမျှ ဆက်လက်ထိန်းသိမ်းမထားနိုင်ခြင်း ဖြစ်သည်။ စစ်ဝါဒ၊ မျက်စိမှိတ် အမိန့်နာခံမှု၊ စစ်ဘက်ဆိုင်ရာ တာဝန်ဝတ္တရားနှင့် ပတ်သက်သည့် ရိုးရာအယူအဆများ၊ စည်းကမ်းသေဝပ်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေများကို တချက်တည်းနှင့်တော့ အမြစ်ပြတ်အောင် ချက်ချင်း ချေဖျက်ပစ်၍ မရနိုင်ပေ။
တိုက်ခိုက်ရေး ကောင်းမွန်ပြီး၊ ရိုးသားဖြောင့်မတ်ကာ ကြင်နာတတ်သော်လည်း ယေဘုယျအားဖြင့် ပညာဗဟုသုတ နည်းပါးကြသည့် အောင်နိုင်သူ ပြောက်ကျားရဲဘော် များသည် ရှုံးနိမ့်သွားသူများနှင့် အတူယှဉ်တွဲ မနေထိုင်နိုင်ကြပေ။ ထိုရှုံးနိမ့်သွားသူများမှာ တိုက်ပွဲဝင် လက်နက်ဆန်းများ၊ သင်္ချာပညာ၊ ခံတပ်တည်ဆောက်ရေး အတတ်ပညာ၊ စစ်ထောက်လှမ်းရေးနှင့် ထောက်ပံ့ရေး (logistics) စသည့် ၎င်းတို့၏ အထူးပြု စစ်ပညာရပ်များအပေါ် ဂုဏ်ယူဝင့်ကြွားနေကြပြီး၊ ယဉ်ကျေးမှုနောက်ကျသည်ဟု ယူဆရသော ပြောက်ကျားတိုက်ခိုက်ရေးသမားများကို လုံးဝ အထင်အမြင်သေး နှိမ်ချတတ်ကြသူများ ဖြစ်သည်။
သို့သော်လည်း တဦးချင်းစီအလိုက် စစ်သားအချို့သည် အတိတ်ဟောင်းနှင့် လုံးဝအဆက်အသွယ်ဖြတ်ကာ ပူးပေါင်းဆောင်ရွက်လိုစိတ် အပြည့်အဝဖြင့် အဖွဲ့အစည်းသစ်အတွင်းသို့ ဝင်ရောက်လာကြသည့် ဖြစ်ရပ်မျိုး ရှိတတ်ပါသည်။ ထိုကဲ့သို့သော လူမျိုးများသည် နှစ်ဆတိုး၍ အသုံးဝင်လှပေသည်၊
အကြောင်းမှာ ၎င်းတို့သည် ပြည်သူ့အရေးအပေါ် ထားရှိသော သစ္စာတရားနှင့် ပြည်သူ့တပ်မတော်အသစ် တည်ဆောက်ရာတွင် လိုအပ်သော စစ်ပညာရပ်များကို ပေါင်းစပ်ပေးနိုင်သောကြောင့် ဖြစ်သည်။ စစ်တပ်ဟောင်းကို အဖွဲ့အစည်းတစ်ခုအဖြစ် အမြစ်ပြတ်ချေမှုန်း ဖျက်သိမ်းလိုက်ပြီး ၎င်းတို့၏ ယခင်စစ်စခန်းနေရာများကို တပ်မတော်အသစ်က အစားထိုး သိမ်းပိုက်လိုက်သည့် နောက်ဆက်တွဲရလဒ်အနေဖြင့် တပ်ဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်လာမည် ဖြစ်သည်။
ယခင်က သီးခြားခေါင်းဆောင်များအောက်တွင် မည်သည့်စီမံကိန်းမျှ မရှိဘဲ တစ်စုံတစ်ရာအထိ ကိုယ်ပိုင်ဟန်ဖြင့် လှုပ်ရှားခဲ့ကြသည့် ပြောက်ကျားစရိုက်လက္ခဏာများကို စနစ်တကျ ပြန်လည်ပုံဖော်ရမည်ဖြစ်ပြီး၊ ထိုသို့ပုံဖော်ရာတွင် ပြောက်ကျားတပ်ဖွဲ့များ၏ စစ်ဆင်ရေးဆိုင်ရာ သဘောတရားများကိုသာ လမ်းညွှန်ချက်အဖြစ် ဆက်လက်အသုံးပြုသွားရမည် ဆိုသည်ကို အလေးအနက်ထားရန် အလွန်ပင် အရေးကြီးပါသည်။
တနည်းအားဖြင့်ဆိုရသော် ဤအယူအဆများသည် ပြည်သူ့တပ်မတော်ကို သဘာဝအလျောက် စနစ်တကျ ဖွဲ့စည်းတည်ဆောက်နိုင်ရန်နှင့် အကောင်းဆုံးသော ဖွဲ့စည်းပုံအခြေခံဘောင်ကို ဖော်ဆောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။
အစောပိုင်း ပထမဆုံးလများတွင် အသစ်ဖွဲ့စည်းထားသော ပြည်သူ့တပ်မတော်ကို စစ်စည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံဟောင်းများ၏ ပုံစံခွက်များ ထဲသို့ အတင်းအဓမ္မ ရိုက်သွင်းရန် ကြိုးပမ်းခဲ့သည့် ကျွန်ုပ်တို့၏ အမှားမျိုး ထပ်မံမဖြစ်ပွားစေရန် သတိပြုရပါမည်။ ဤအမှားသည် ပြင်းထန်သော ဖရိုဖရဲဖြစ်မှုများကို ဦးတည်သွားစေနိုင်ပြီး စနစ်တကျဖွဲ့စည်းမှု လုံးဝမရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားစေနိုင်သည်။ ထို့ကြောင့် စနစ်သစ်သို့ ကူးပြောင်းခြင်းကို သတိကြီးစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။
ဘုံရန်သူ ကို တိုက်ခိုက်ခဲ့စဉ် အတွင်း ကိုယ်ပိုင်ကွပ်ကဲမှုစနစ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ တခုချင်းစီကို ကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲမှုစနစ်တို့တွင် ကျင့်သားရနေပြီဖြစ်သော ပြည်သူ့တပ်မတော်အနေဖြင့် ဆင်နွှဲရတော့မည့် ခံစစ်စစ်ပွဲအသစ်အတွက် ပြင်ဆင်မှုများကို ချက်ချင်းစတင်ရမည် ဖြစ်သည်။
ဤတပ်မတော်တွင် ချက်ချင်းရင်ဆိုင်ရမည့် ပြဿနာနှစ်ရပ် ရှိလာလိမ့်မည်။ ပထမတစ်ချက်မှာ နောက်ဆုံးမိနစ်မှ အလုအယက် ပါဝင်လာကြသော ကောင်းသူ၊ ဆိုးသူ တော်လှန်ရေးသမား ထောင်ပေါင်းများစွာကို အဖွဲ့အစည်းအတွင်း ပေါင်းစည်းရယူရန် ဖြစ်သည်။ ၎င်းတို့ကို ပြောက်ကျားဘဝ၏ ပြင်းထန်လှသော စည်းကမ်းများအောက်တွင် လေ့ကျင့်ပေးရန် လိုအပ်ပြီး၊ အရှိန်မြှင့် အထူးသင်တန်းများမှတစ်ဆင့် တော်လှန်ရေးဆိုင်ရာ အယူအဆရေးရာ သွတ်သွင်းမှုများကိုလည်း လုပ်ဆောင်ပေးရမည်။ ပြည်သူ့တပ်မတော်အတွက် မရှိမဖြစ်လိုအပ်သော အယူအဆရေးရာ ညီညွတ်မှုကို ပေးစွမ်းနိုင်မည့် တော်လှန်ရေးဆိုင်ရာ ပညာပေးမှုသည် ရေတိုရော ရေရှည်အတွက်ပါ အမျိုးသားလုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အခြားပြဿနာတစ်ခုမှာ အဖွဲ့အစည်းပုံစံသစ်နှင့် အသားကျရန် ခက်ခဲခြင်းပင် ဖြစ်သည်။ တပ်မတော်၏ တပ်ဖွဲ့အားလုံးကြားတွင် တော်လှန်ရေးဆိုင်ရာ အမှန်တရားအသစ်များကို ဖြန့်ဝေပေးရန် တာဝန်ယူရမည့် အဖွဲ့တစ်ဖွဲ့ကို ချက်ချင်း ဖွဲ့စည်းရမည်။ ပြည်သူလူထုထဲမှ ပေါက်ဖွားလာကြသည့် စစ်သားများ၊ လယ်သမားများနှင့် အလုပ်သမားများကို တော်လှန်ရေး လုပ်ရပ်တခုချင်းစီ၏ တရားမျှတမှုနှင့် အမှန်တရား၊ တော်လှန်ရေး၏ ရည်မှန်းချက်များ၊ ဘာကြောင့် တိုက်ပွဲဝင်နေရသလဲဆိုသည်နှင့် ရဲဘော်ရဲဘက် အမြောက်အမြားသည် အောင်ပွဲကို မမြင်တွေ့လိုက်ရဘဲ အဘယ်ကြောင့် အသက်ပေးသွားခဲ့ကြရသလဲ ဆိုသည်တို့ကို အဆိုပါအဖွဲ့က ရှင်းလင်းပြောကြားပေးရမည် ဖြစ်သည်။
ဤကဲ့သို့ သဘောတရားရေးရာများကို ကိုယ်ဖိရင်ဖိ ပို့ချဖို့ လိုအပ်သလို ၊ စာမတတ်သူ ပပျောက်ရေးကို စတင် အရှိန်မြှင့်သည့် အနေဖြင့် မူလတန်းပညာရေး သင်တန်းများကိုလည်း စနစ်တကျ ဖွဲ့စည်းပေးရမည်ဖြစ်သည်။ သို့မှသာ တော်လှန်ရေးတပ်မတော်၏ အရည်အသွေးကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ ထိုတပ်မတော်သည် မြင့်မားသော စစ်ဘက်ဆိုင်ရာ နည်းပညာအရည်အချင်း၊ ခိုင်မာသော သဘောတရားရေးရာ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြောင်မြောက်လှသော တိုက်ရည်ခိုက်ရည်တို့ ပြည့်စုံသည့် လက်နက်သဖွယ် ဖြစ်လာပေလိမ့်မည်။
အချိန်ကာလက ထို အရည်အသွေးသုံးရပ်ကို ဖေါ်ဆောင် ပေးလာမည် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ယန္တရားသည်လည်း အချိန်နှင့်အမျှ ဆက်လက်၍ ပြည့်စုံကောင်းမွန်လာမည် ဖြစ်ရာ၊ ယခင်က တိုက်ပွဲဝင်ခဲ့ဖူးသော ရဲဘော်ဟောင်းများကို စစ်မှုထမ်းအသက်မွေး ဝမ်းကျောင်းပညာရှင်များ ဖြစ်လာစေရန် အထူးသင်တန်းများ ပေးနိုင်သည်။ ထိုသူတို့ကမှတဆင့် မိမိတို့သဘောဆန္ဒအလျောက် သော်လည်းကောင်း၊ စစ်မှုမထမ်းမနေရစနစ် ဖြင့်သော်လည်းကောင်း စစ်တပ်ထဲသို့ ဝင်ရောက်လာမည့် ပြည်သူလူထုအား နှစ်စဉ် စစ်ပညာသင်တန်းများ ပြန်လည်ပို့ချပေးနိုင်မည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ ရေမြေဓလေ့နှင့် လက္ခဏာရပ်များအပေါ်တွင်သာ မူတည်နေသဖြင့် အားလုံးအတွက် ပုံသေ စံနမူနာတခုအနေဖြင့် ကျင့်သုံး၍ တော့ မဖြစ်နိုင်ပေ။
ဤနေရာမှစ၍ ကျွန်ုပ်တို့သည် ကျူးဘားတော်လှန်ရေးတပ်မတော် စစ်ဦးစီးဌာန၏ သဘောထားအမြင်ကို တင်ပြသွားမည် ဖြစ်သည်။ ၎င်းမှာ နိုင်ငံခြားကျူးကျော်မှု အန္တရာယ်၊ ၁၉၅၉ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၆၀ ပြည့်နှစ်အစောပိုင်း ခေတ်သစ်ကမ္ဘာ့အခြေအနေများ၊ မျက်မှောက်တွင် ရှိနေသော ရန်သူ အနေအထားကို စိစစ်သုံးသပ်၊ အကဲဖြတ်ပြီး ၎င်းတို့အား မည်သို့မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်စောင့်ကြိုနေသည့် ကျူးဘား၏ ပကတိမြေပြင်အခြေအနေပေါ်တွင် အခြေခံ၍ ချမှတ်ထားသော မူဝါဒနှင့် ပတ်သက်သည့် အမြင်ဖြစ်သည်။
တနည်းအားဖြင့်ဆိုရသော် ကျွန်ုပ်တို့သည် ပြီးခဲ့ပြီးသော ကိစ္စရပ်များအပေါ် သူတစ်ပါးကို လမ်းညွှန်ပြသရန် သီအိုရီထုတ်နေခြင်း မဟုတ်တော့ဘဲ၊ အခြားသူများ လုပ်ဆောင်ခဲ့သည်များကို သုံးသပ်ပြီး မိမိတို့နိုင်ငံ ကာကွယ်ရေးအတွက် ကိုယ်တိုင် ပြန်လည်အသုံးချရန်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျူးဘားဖြစ်ရပ်ကို သီအိုရီအဖြစ် ဖော်ထုတ်ရန်နှင့် အမေရိကတိုက်၏ ပကတိမြေပြင် အခြေအ နေ ပေါ်တွင် ကျွန်ုပ်တို့၏ တွေးဆချက်များကို နေရာချကာ စမ်းသပ်စစ်ဆေးရန်ဖြစ်၍ နိဂုံးချုပ်ပိုင်း အဖြစ် ဆက်လက် တင်ပြသွားမည် ဖြစ်သည်။