ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(87)

by Hla Soewai - Jun 15 2026

ကျွန်‌ တော် သည် ထို သီချင်းကို အကျဉ်းသားရှိနေသည့် အခန်းထဲတွင် (ကျွန် တော် ကိုယ်တိုင် အခန်းထဲဝင်သွားချိန်မှလွဲ၍) တချိန်လုံး ဖွင့်ပြထားရန် ယုံကြည်ချက်အပြည့်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကလော့ဒ် က ကျွန်‌ တော် ကို အဓိက စစ်‌ ကြော မေးမြန်းသူအဖြစ် တာဝန်ပေးထားပြီး၊ ထိုအကျဉ်းသား၏ စိတ်ဓာတ်ကို ချိုးနှိမ်ရမည့် အောင်မြင်မှ သူ၏ စစ်ဆေးမေးမြန်းခြင်းဆိုင်ရာ သင်တန်းမှ ကျွန် တော် အဘွဲ့ရမည် ဖြစ်သည်။ ကျွန်တော် ထိုအကျဉ်းသားကို သွားရောက်မတွေ့ဆုံမီ တပတ်အလိုကတည်းက သူ့ကို အခန်းထဲတွင် ပိတ်လှောင်ထားခဲ့ပြီး၊ တနေ့လျှင် သုံးကြိမ် တံခါးပေါက် လေး မှ အစားအသောက် ဗန်းသွင်းပေးချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် ထိန်လင်းနေသော မီးရောင်နှင့် မပြတ်တမ်းဖွင့်ထားသော ဂီတသံတို့က အမြဲလို ရှိနေခဲ့သည်။

 

ပေးသည့်အစားအစာမှာ ထမင်းတပန်းကန်၊ ပြုတ်ထားသော ဟင်းသီးဟင်းရွက် တစ်ရာဂရမ်၊ ပြုတ်ထားသော အသား ငါးဆယ်ဂရမ်နှင့် ရေ ၁၂ အောင်စ ဖြစ်သည်။ အကယ်၍ သူ အေးအေးဆေးဆေး ပြုမူနေထိုင်မည်ဆိုပါက သူကြိုက်နှစ်သက်သည့် အစားအစာကို ကျွေးမွေးမည်ဟုလည်း ကျွန် တော် တို့ သူ့ကို ပြောထားခဲ့သည်။

 

သူ အစားစားနေပုံ၊ အိမ်သာတွင်းဝတွင် ဆောင့်ကြောင့်ထိုင်နေပုံ၊ ရေပုံးထဲမှ ရေဖြင့် ကိုယ်လက်သန့်စင်နေပုံ၊ အခန်းထဲတွင် လမ်းလျှောက်နေပုံ၊ မျက်နှာပေါ် လက်တင်ကာ ကုတင်ပေါ်တွင် လှဲလျောင်းနေပုံ၊ ဒိုက်ထိုး အိပ်ထမတင် လုပ်နေပုံနှင့် နားထဲသို့ လက်ညှိုးများဖြင့် ပိတ်ထားပုံတို့ကို ဗီဒီယိုမှတ်တမ်း မှတစ်ဆင့် ကျွန်‌ တော် စောင့်ကြည့်နေခဲ့သည်။ သူ နားကို ပိတ်လိုက်သည့်အချိန်တိုင်းတွင် ကျွန်‌ တော် သည် ဘေးနား၌ ကလော့ဒ် မတ်တပ်ရပ်ကြည့်နေသဖြင့် တခုခုလုပ်ပြရမည်ဖြစ်၍ သီချင်းအသံကို ပိုပြီးချဲ့ပစ်လိုက်သည်။ သူက လက်ညှိုးများကို နားထဲမှ ပြန်ထုတ်လိုက်၍ ကျွန်ုပ် အသံပြန်လျှော့ပေးလိုက်သောအခါ၊ သူက ကင်မရာ ကို မော့ကြည့်ပြီး အင်္ဂလိပ်လို အော်ဟစ်ဆဲဆိုလေတော့သည်— “မင်းတို့ အမေရိကန်တွေ လိ ပဲ။”

 

ကလော့ဒ်က တခစ်ခစ် ရယ်မောလိုက်ပြီး “အနည်းဆုံးတော့ သူ စကားပြောလာပြီပဲ။ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတဲ့ ကောင်တွေကျမှ မင်း တကယ် သတိထားပြီး စိုးရိမ်ရတာမျိုးကွ” ဟု ပြောခဲ့သည်။

 

သူသည် Z-99 အကြမ်းဖက်အဖွဲ့၏ ဆဲလ် C-7 မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဘင်ဒေါင် ပြည်နယ်၏ လျှို့ဝှက်နယ်မြေတွင် အခြေစိုက်ထားသည့် Z-99 အဖွဲ့သည် ဆိုင်ဂုံ မြို့တော် တဝန်းကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးစေခဲ့သည့် ရာနှင့်ချီသော လက်ပစ်ဗုံးတိုက်ခိုက်မှုများ၊ မိုင်းထောင်မှုများ၊ ဗုံးခွဲမှုများ၊ မော်တာဖြင့် ပစ်ခတ်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများအတွက် တာဝန်ရှိသည့် အဖွဲ့ဖြစ်သည်။ 

 

Z-99 ၏ အမှတ်သညာမှာ ဗုံးနှစ်လုံးဆင့် တိုက်ခိုက်ခြင်း ဖြစ်ပြီး၊ ဒုတိယဗုံးမှာ ပထမဗုံးကြောင့် ထိခိုက်ဒဏ်ရာရသွားသူများကို လာရောက်ကူညီမည့် ကယ်ဆယ်ရေးသမားများကို သတ်ဖြတ်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်းဖြစ်သည်။

 

ကျွန်‌ တော် တို့ ဖမ်းဆီးထားမိသော အကျဉ်းသား၏ အထူးကျွမ်းကျင်မှုမှာ ထိုသို့ နီးစပ်ရာပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဗုံးများအတွက် လက်ပတ်နာရီများကို စနက်တံအဖြစ် အသွင်ပြောင်းလဲ အသုံးပြုခြင်း ဖြစ်သည်။ နာရီတလုံးမှ စက္ကန့်လက်တံနှင့် နာရီလက်တံတို့ကို ဖယ်ရှားလိုက်ပြီး၊ နာရီမှန်ပေါ်ရှိ အပေါက်ငယ်တစ်ခုမှတစ်ဆင့် ဘက်ထရီဝါယာကြိုးတချောင်းကို ထည့်သွင်းကာ မိနစ်လက်တံကိုမူ မိမိတို့အလိုရှိသည့် အချိန်ဆိုင်းငံ့မှုအတိုင်း ချိန်ညှိထားလိုက်သည်။ တရွေ့ရွေ့သွားနေသော မိနစ်လက်တံသည် ဝါယာကြိုးနှင့် ထိမိသွားသည့်အခါတွင် ဗုံးက ပေါက်ကွဲတော့သည်။

 

ဗုံးများကို အမေရိကန်ရိက္ခာသိုလှောင်ရုံများမှ ခိုးယူလာသော သို့မဟုတ် မှောင်ခိုဈေးကွက်မှ ဝယ်ယူလာသော မြေမြှုပ်မိုင်းများဖြင့် ပြုလုပ်ကြသည်။ အခြားသော ဗုံးများကိုမူ မြို့ထဲသို့ အရေအတွက် အနည်းငယ်စီဖြင့် ခိုးသွင်းလာသည့် တီအန်တီ (TNT) ယမ်းဘီလူးများဖြင့် တပ်ဆင်ကြသည်—၎င်းတို့ကို အတွင်းမှ အနှစ်ထုတ်ထားသော နာနတ်သီးများ၊ ပြင်သစ်ပေါင်မုန့်ရှည် များနှင့် အလားတူပစ္စည်းများထဲတွင် ဝှက်ယူလာကြပြီး၊ အမျိုးသမီးများ၏ ဘရာစီယာအတွင်း၌ပင် ဝှက်ခိုးလာတတ်ကြရာ ၎င်းအချက်က အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ ကြားတွင် ပြောမဆုံးနိုင်သော ဟာသပြက်လုံးတခု ဖြစ်ခဲ့ရသည်။ Z-99 တွင် နာရီပြင်ဆရာတစ်ဦး ရှိနေကြောင်း ကျွန် တော် တို့ သိရှိထားကြပြီး၊ သူ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသေးမီက သူ့ကို "နာရီသမား" ဟု ခေါ်ဆိုခဲ့ကြရာ ကျွန် တော် စိတ်ထဲတွင်လည်း သူ့ကို ထိုအတိုင်းပင် မှတ်ထင်နေမိတော့သည်။

 

သူ့ကို တပတ်ကြာအောင် ထိုအတိုင်းထားခဲ့ပြီးနောက် ကျွန်တော် အခန်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်သွားသောအခါ နာရီပြင်သမားက ကျွန်‌ တော် အား ခပ်ပြုံးပြုံးဖြင့် ကြည့် နေခဲ့သည်။ ထို အနေအထားမှာကျွန် တော် မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုး မဟုတ်ပေ။ "Hey, good lookin’," ဟု ပင် သူက အင်္ဂလိပ်လို ပြောလိုက် သေး သည်။ 

 

ကျွန် တော်က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး သူကမူ ကုတင်ပေါ်တွင် ထိုင်နေသည်။ ဖြူဖွေးနေသော အခန်းထဲတွင် ဆံပင် ဗလပွ နှင့် တုန်တုန်ရီရီ ဖြစ်နေသော လူပုဂ္ဂိုလ် သေးသေးလေးတစ်ဦး ဖြစ်သည်။

 

 "အင်္ဂလိပ်စာ သင်ခန်းစာအတွက် ကျေးဇူးတင်ပါတယ်" ဟု သူက ပြုံးပြရင်း ပြောလာသည်။ "အဲဒီဂီတကို ဆက်ဖွင့်ထားပေးပါဦး။ ကျွန်တော် သဘောကျတယ်" အမှန်တော့ သူ သဘောမကျသည်မှာ သေချာပါသည်။ သူ၏မျက်ဝန်းထဲတွင် အနည်းငယ် စိတ်မမှန်သည့် အရိပ်အယောင် တွေ့နေရသော်လည်း ယင်းမှာ ဆိုင်ဂုံတက္ကသိုလ်မှ ဒဿနိကဗေဒဘွဲ့ရတဦး ဖြစ်နေခြင်းနှင့် သူ၏တော်လှန်ရေး လှုပ်ရှားမှုများကြောင့် မိသားစုက အမွေပြတ်စွန့်ပယ်ခြင်း ခံထားရသည့် ဂုဏ်သရေရှိ ကက်သလစ်မိသားစုတခု၏ သားအကြီးဆုံး ဖြစ်နေခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

 

 တရားဝင် နာရီပြင်ခြင်းအလုပ်သည် (အမှန်တော့ သူ အကြမ်းဖက်သမား မဖြစ်လာမီက သူ၏အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်သည်) ကျွန်‌ တော် တို့၏ ကနဦးစကားပြောဆိုမှုအတွင်း သူပြောပြခဲ့သလိုပင် စားဝတ်‌ နေရေး အတွက်မျှသာ ဖြစ်သည်။

 

ယင်းမှာ လူမှုရေးအရ ရင်းနှီးအောင် စကားစမြည် ပြောဆိုခြင်းမျိုးသာ ဖြစ်သော်လည်း၊ ထိုသို့ စနောက်ကျီစယ်မှုများ၏ နောက်ကွယ်တွင် မူ ကျွန်‌ တော် တို့နှစ်ဦးစလုံးသည် အကျဉ်းသားနှင့် စစ်ဆေးမေးမြန်းသူဟူသည့် မိမိတို့၏ အခန်းကဏ္ဍများကို အပြန်အလှန် သိရှိနားလည်ထားကြသည်။ 

 

ကလော့ဒ် က ဗီဒီယိုမော်နီတာမှတ ဆင့်စောင့်ကြည့်နေသည်ကို သိထားခြင်းကြောင့် ကျွန်တော် စိတ်ထဲ ပို၍ပင် လေးလံနေမိသည်။ လေအေးပေးစက် ရှိနေသည့်အတွက်ကိုပဲ ကျေးဇူးတင်ရမည်။ သို့မဟုတ်ပါက နာရီပြင်သမားအပေါ် ရန်သူရော မိတ်ဆွေပါ မည်သို့ဖြစ်အောင် လုပ်ရမည်ကို တွေးတောရင်း ကျွန်တော် ချွေးပြန်နေမိလိမ့်မည်။

 

ကျွန်တော်က သူ့အပေါ် စွဲဆိုထားသည့် နိုင်ငံတော်ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုနှင့် လူသတ်မှု စွပ်စွဲချက်များကို ချပြခဲ့သည်။ သို့သော် အပြစ်ရှိကြောင်း သက်သေမပြနိုင်မချင်း သူ့ကို အပြစ်မဲ့သူအဖြစ်သာ သတ်မှတ်ရမည်ဖြစ်ကြောင်းကိုလည်း ပြောပြလိုက်သည့် အခါတွင်တော့ သူ့ထံမှ ရယ်သံ ထွက်လာခဲ့သည်။

 

"ခင်ဗျား တို့ရဲ့ အမေရိကန် ရုပ်သေးကြိုးကိုင်ဆရာသမား တွေက အဲဒီလိုစကားမျိုး ပြောရတာကို သဘောကျကြတယ်၊ ဒါပေမဲ့ အဲဒါက မိုက်မဲလွန်းပါတယ်" ဟု သူက ဆိုသည်။ "သမိုင်းကြောင်း၊ လူသားမျိုးနွယ်၊ ဘာသာရေးနဲ့ အခုဖြစ်နေတဲ့ စစ်ပွဲကပါ အဲဒီအယူအဆရဲ့ ပြောင်းပြန်ကသာ အမှန်တရားဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို အတိအကျ ပြသနေတာပဲ။ အမေရိကန်တွေ ကိုယ်တိုင် လက်တွေ့ပြသခဲ့သလိုပဲ... ကျွန်တော်တို့အားလုံးဟာ အပြစ်မဲ့ကြောင်း သက်သေမပြနိုင်မချင်း ‘အပြစ်ရှိသူတွေ’ သာ ဖြစ်ကြတယ်။ ဒါကြောင့်မို့လို့ပဲ သူတို့က လူတိုင်းကို ဗီယက်ကောင်း တွေလို့ တကယ်ပဲ ထင်နေကြတာ မဟုတ်ဘူးလား။ အရင်ဆုံး ပစ်သတ်ပြီးမှ နောက်မှ မေးခွန်းထုတ်သလို ဖြစ်နေဝာာ မဟုတ်ဘူးလား။ ဘာလို့လဲဆိုတော့ သူတို့အတွက်တော့ လူဝါ အာရှတိုက်သား အားလုံးဟာ အပြစ်မဲ့ကြောင်း သက်သေမပြနိုင်မချင်း ‘အပြစ်ရှိသူတွေ’ မို့လို့ပဲ။ အမေရိကန်တွေဟာ ဒီလို ဆန့်ကျင်ဘက်ဖြစ်ရပ်ကို ဝန်မခံနိုင်ကြလို့ စိတ်ရှုပ်ထွေးနေတဲ့ လူမျိုးတွေ ဖြစ်နေရတာ။ 

 

သူတို့က လူသားမျိုးနွယ်ဟာ အပြစ်ဒုစရိုက်တွေ ရှိနေတယ်ဆိုတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ရေး စကြဝဠာကိုလည်း ယုံကြည်ကြသလို၊ တဖက်မှာလည်း လူသားတွေကို အပြစ်မဲ့သူတွေအဖြစ် ကြိုတင်ယူဆထားတဲ့ လောကီတရားစီရင်ရေးကိုလည်း ယုံကြည်နေကြပြန် ရော။ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်လို့ မရနိုင်ဘူးလေ။ 

 

အမေရိကန်တွေ အဲဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ ခင်ဗျားသိလား။ သူတို့ အကြား အပြစ်ကင်းစင်မှုတွေကို ဘယ်နှစ်ကြိမ်ဘယ်ခါပဲ ဆုံးရှုံးခဲ့ပါစေဦးတော့... သူတို့ကိုယ်သူတို့ ထာဝရအပြစ်ကင်းစင်သူတွေအဖြစ် ဟန်ဆောင်နေကြတာပဲ။ ပြဿနာက ဘာလဲဆိုတော့ မိမိကိုယ်ကိုယ် အပြစ်ကင်းတယ်လို့ အမြဲလိုလို ဇွတ်မှိတ်ပြောနေတဲ့သူတွေဟာ သူတို့လုပ်သမျှ အရာအားလုံးဟာ တရားမျှတတယ်လို့ ယုံကြည်သွားကြတာပဲ။ အနည်းဆုံးတော့ ကိုယ့်မှာ အပြစ်ရှိတယ်လို့ ယုံကြည်လက်ခံထားတဲ့ ကျွန်တော်တို့လိုလူတွေက တော့ ကိုယ်ကိုတိုင် ဘယ်လောက်အထိ ဆိုးယုတ်တဲ့ အမှောင်လောကထဲ ရုန်းဆင်းသွားနိုင်လဲဆိုတာကို သတိပြုမိကြပါတယ်။"

 

အမေရိကန်တို့၏ ယဉ်ကျေးမှုနှင့် စိတ်ပညာအပေါ် သူ၏ နားလည်သဘောပေါက်မှုကို ကျွန်တော် အတော်ပင် သဘောကျသွားမိသော်လည်း ၎င်းကို ထုတ်မပြခဲ့ပေ။ ထိုအစား ကျွန်‌ တော် က—

"ဒါဖြင့် မင်းက အပြစ်ရှိသူအဖြစ် ကြိုတင်သတ်မှတ်ခံရတာကိုပဲ ပိုသဘောကျတာပေါ့... ဟုတ်လား" ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။