တရုတ် နှင့် ဆက်ဆံရေး သည် နိုဝင်ဘာလတွင် မြန်မာနှင့် အမေရိကန် ပြည်ထောင်စု၌ ပြုလုပ်ရန် ရှိနေသော ရွေးကောက်ပွဲများကို လှုပ်ခါသွားစေနိုင်စွမ်း ရှိလာနေပေသည်။
နေပြည်တော် အဖို့ တဖက်က ဩဇာကြီးမား သော အိမ်နီးချင်း နိုင်ငံ နှင့် မဖြစ်မနေ ဆက်ဆံရေးကို ထိန်းသိမ်းထားရမည် ဖြစ်သလို တဖက်ကလည်း ပြည်တွင်းရှိ တရုတ်မှရင်းနှီး မြှုပ်နှံထားသည့် စီမံကိန်းများ အပေါ် နိုင်ငံသားများ၏ မကျေနပ်မှုများကလည်း တိုးပွားလာနေသဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို သတိကြီးစွာ ထားနေရသည်။
၂၀၁၈ ခုနှစ် အတွင်း ဒေသခံ ကချင် ပါတီခြောက်ခု ပူးပေါင်းကာ ဖွဲ့စည်းလာခဲ့သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ က ၎င်း၏ ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် မြစ်ဆုံဆည် တည်ဆောက်ရေးအား အပြီးအပိုင် ဖျက်သိမ်းသွားမည်ဟု ထည့်သွင်းဖေါ်ပြလာခြင်းဖြင့် ဒေသခံ လူထု မှ မည်သည်ကို လိုလားနေသည်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖေါ်လိုက်ပြီ ဖြစ်သည်။
တရုတ်မှလည်း လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့ အပေါ် လူထု၏ အမြင်မတိမ်းစောင်းစေရန် ကြိုတင် လက်ဦးမှု ယူသည့် အနေဖြင့် တရုတ် နိုင်ငံတော် ကောင်စီဝင် ယန် ယဲချီ ယခုလအတွင်း မြန်မာသို့ ရောက်ရှိလာပြီး ကော်ရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရသည်နှင့် မြန်မာအား ဝေငှ ပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို အာမခံ သွားခဲ့ပေသည်။
ယင်းနှင့်အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် လမ်းမကြီး စီမံကိန်း အကောင်အထည်ဖေါ်ဖို့ ရှိနေသည်ကိုလည်း မမေ့မလျော့ ထည့်သွင်းပြောဆိုသွားခဲ့ပြန်သည်။ ယန်ယဲချီ သည် ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးရာ ကော်မရှင် အကြီးအကဲလည်း ဖြစ်သည်။
ဝေဖန်သူများကတော့ မြန်မာအနေနဲ့ သီရိလင်္ကာ နဲ့ မော်လ်ဒိုက်တို့ ကြွေးထောင်ချောက်ထဲက ရုန်းမထွက်နိုင်ပုံကို ကြည့် ပြီး သင်ခန်းစာ ယူသင့်ကြောင်း တသမတ်တည်း ပြောဆိုနေခဲ့ကြသည်။
ရွေးကောက်ပွဲ နီးလာချိန်တွင် တရုတ်ဆန့်ကျင်သူများက တရုတ်ရဲ့ ခြိမ်းခြောက်မှုအား သာသာထိုးထိုး ပြောဆိုလာနိုင်ဖွယ်လည်း ရှိနေသည်ဟု အမေရိကန်ရှိ Stimson Center ၏ တရုတ်ရေးရာ ဒါရိုက်တာ ယွန်ဆန်က ပြောသည်။
ယခု လို အချိန်မျိုးတွင် တရုတ်ဖက်က လှုပ်ရှားလာမှု မှန်သမျှ ကို မြန်မာလူထုမှ သံသယ မျက်လုံးများဖြင့် စောင့်ကြည့်နေမှာဖြစ်သည်ဟု လည်း ဆိုသည်။ ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရသည်ဖြစ်စေ တရုတ်-မြန်မာ ဆက်ဆံရေးပိုင်းတွင် ရုတ်ခြည်း အလှည့် အပြောင်း ဖြစ်ဖွယ်မရှိဟု vrien's & Partner ၏ မြန်မာ ဌာနေ၏ အကြီးအကဲ ဂျရယ်မီ မူလင်း က သုံးသပ်ခဲ့သည်။
ဘီဂျင်း အနေဖြင့်မူ ၎င်းတို့၏ လုပ်ငန်းများ အရှိန်အဟုန် ရပ်တန့်မသွားစေရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိရေးကို လိုလားဖွယ်ရှိသည်။ ဤသည်ကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ဦးသိန်းစိန် လက်ထက်ကထက် လုပ်ရကိုင်ရ အဆင်ပြေသည်ဟု ယူဆနေသောကြောင့် ဖြစ်သည်ဟု ရန်ကုန်ရှိ နိုင်ငံရေး လေ့လာသုံးသပ်သူ ရစ်ချတ် ဟိုဆေးက ပြောပြန်သည်။
ထို့အတွက်ကြောင့်လည်း "ရိုဟင်ဂျာ" အရေးအခင်း စတင်လာကတည်းက မြန်မာ၏ အချုပ်အခြာ အာဏာ ပိုင်စိုးမှု ကို နိုင်ငံတကာ စင်မြင့်များတွင် ထောက်ခံပြောဆိုပေးခဲ့ ရုံမက စီးပွားရေးအကူအညီများပေးလာခဲ့ခြင်းလည်း ဖြစ်သည်ဟု ဂွမ်စီရှိ အာစီယံ လူမျိုးစုံ ကောလိပ် ရှိ မြန်မာရေးရာ ဌာနကြီးမှူး လောင် ချန်ယွန်က ထောက်ပြခဲ့သည်။
မြန်မာဖက်ကလည်း တောင်တရုတ်ပင်လယ်အရေး နှင့် ပတ်သက်ပြီး တရုတ်၏ အချုပ်အခြာ အာဏာပိုင်စိုးမှု ကို သံတမန်ရေးအရ ထောက်ခံပေးသွားမည်ဟု ပြောခဲ့ကြောင်း ၎င်းက ဆိုသည်။ ရစ်ချတ် ဟိုစေးက ထပ်မံထောက်ပြခဲ့ရာတွင် တရုတ်နှင့် ဆက်ဆံရေး ကို အခြားသော မဟာဗျူဟာ ကျမည့် ဆက်ဆံရေးမျိုးနှင့် အချိန်မီ ပြန်လည် ထိန်းညှိသွားဖို့ လိုကြောင်း၊ တရုတ်မှ ဒီထက်မက နက်ရှိုင်းစွာ ပတ်သက်ဖို့ ကြိုးပမ်းလာလျှင် ထိန်းညှိရခက်မည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာသည် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့နှင့် တရုတ်အား မဟာဗျူဟာမြောက် ထိန်းညှိနိုင်ရန် အတွက် နီးစပ်စွာ ဆက်ဆံနေသော်လည်း အဆိုပါ သုံးနိုင်ငံ ပေါင်းလျှင်ပင် တရုတ်ကို ထိန်းညှိဖို့ မလွယ်ကူလှဟု ထောက်ပြခဲ့ပြန်သည်။
ကြွေးလည်ပင်းမြုပ်မည်ဟူသော သီအိုရီသမားများက တရုတ်သည် ကော်ရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး စင်္ကြန်လမ်းမကြီး အမြန်အကောင်အထည် ဖေါ်ရန် တွန်းအားပေးလာနေသည်ဟု စွပ်စွဲလာခဲ့ ကြသည်။
မြန်မာသည် အဖွဲ့အစည်း နှင့် လုပ်ဆောင်မှု အပိုင်းတွင် အကန့်အသတ် ရှိနေပြန်၍ တရုတ်မှ သည်းခံစောင့်ဆိုင်းနေရသည့်သဘောရှိပြီး နောက်ပိုင်း "ရိုဟင်ဂျာ" ပြဿနာ အရှိန်အဟုန် မြင့်လာပါက ၎င်းတို့၏ သည်းခံမှု သည် ကျဆင်းလာမည်သာ ဖြစ်သည်။
အမေရိကန်ရှိ ငြိမ်းချမ်းရေး အင်စတီကျု ရှိ မြန်မာအရေး လေ့လာသူ ဂျေဆင် တာဝါးကမူ ပြည်တွင်းတွင် ငြိမ်းချမ်းရေး မဖေါ်ဆောင် နိုင် သေးပဲ နှင့် ဘီလီယံပေါင်းများစွာတန်သည့် စီမံကိန်းကြီးများ လုပ်မည်ဆိုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှုပ်ထွေး လာစေနိုင်မည် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။
တရုတ်ဖက်ကလည်း ၎င်းတို့၏ စီမံကိန်းများကို ဘေးချိတ်ပြီး တဖက်ရှိ ဆန့်ကျင်ဖက် အဖွဲ့အစည်းများကို ပိုမိုထောက်ခံမှု ပေးလာခြင်းဖြင့် အခွင့်အရေးများ ဖန်တီးလာနိုင်သည်ဟုလည်း ဆိုသည်။
ထို့သို ပြုလုပ်ခြင်းဖြင့် ရေတိုနှင့် ရေလတ်ပိုင်းတွင် တရုတ် အတွက် နှောင့်နှေးမှုများ ရှိနိုင်သော်လည်း ရေရှည်တွင် မြန်မာဖက်မှ စီးပွားရေး အရ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်သည်ဟု တာဝါက ဆိုသည်။
ဝေဖန်နေသူများ ထပ်မံထောက်ပြလာသည်က ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်အတွင်း ရွေကိုကို အရပ်တွင် ဒေါ်လာ ၁၅ ဘီလီယံ တန် ပရိုဂျက်တခုအား Yatai International Holdings Group (YIHG) မှ အကောင်အထည် ဖေါ်နေခြင်းပင် ဖြစ်သည်။
အဆိုပါ ပရိုဂျက်အား ၂၀၁၇ ခုနှစ် အတွင်း စတင်လာခဲ့ခြင်း ဖြစ်ပြီး ကာဆီနို လောင်းကစားဝိုင်းများနှင် အတူ မသမာမှုများ ပေါ်ပေါက်လာနိုင်သည့်အပြင် တရုတ်ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဩဇာကြီးထွားလာနိုင်ဖွယ် ရှိနေသည်ဟု ဆိုသည်။
အဆိုပါ ပရိုဂျက်အတွက် YIHG နှင့် နယ်ခြားစောင့်တပ် DKBA တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ ယင်းသည် ရပ်ဝန်းနှင့်လမ်းစီမံကိန်း ၏ တစိတ်တပိုင်းဟု ပြောဆိုမှုများ ရှိနေသော်လည်း ရန်ကုန်ရှိ တရုတ်သံရုံးက ငြင်းဆိုထားသည်။
YIHG သည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ဘန်ကောက်တွင် အခြေစိုက်သောကုမ္ပဏီ ဖြစ်သည်။ ပိုင်ရှင်သည် ကမ္ဘောဒီယားရှိ ပြည်ကြီးတရုတ် ဖြစ်သော ဒိုင်လန် ရှီ က ပိုင်ဆိုင်ထားသည်။
အဆိုပါ ပရိုဂျက်သည် "မြန်မာ အင်တာနက်နည်းပညာ အသုံးချ စက်မှု မြို့ကြီး" တည်ဆောက်သွားရန်ဟု ကြေငြာထားသည်။ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ဖျော်ဖြေရေး၊ ကမ္ဘာလှည့် ခရီးသွားလာရေး နှင့် ခေတ်မီလယ်ယာစိုက်ပျိုးရေး" များ ဖေါ်ဆောင်သွားမည်ဟုလည်း ဆိုသည်။ ငါးနှစ် မှ ဆယ်နှစ်အတွင်း နိုင်ငံ၏ blockchain အထူးစီးပွားရေးဇုံ ဖြစ်လာမည်ဟုလည်း ပြောခဲ့သည်၊ blockchain ဆိုသည်က အရောင်းအဝယ်လုပ်ငန်းများကို ကွန်ပျူတာများ နှင့် ချိတ်ဆက်ပြီး ဘစ်ကွိုင်သို့မဟုတ် ဒီဂျစ်တယ်ငွေကြေးများဖြင့် ပေးချေနိုင်အောင် စီမံထားခြင်းကို ခေါ်ဆိုသည်။
အဆိုပါ ပရိုဂျက်ကြောင့် ဒေသတွင်း လူမှုရေးပြဿနာများ ဖြစ်ပေါ်လာနေပြီး လူထုကဒေါသထွက်လျှက် ရှိနေကြောင်း၊ တကယ်တမ်း အကျိုး ခံစားရမည်က မြန်မာ စစ်တပ်က အကာအကွယ်ပေးထားသည့် DKBA အဖွဲ့သာ ဖြစ်သည်ဟု ဂျေဆင် တာဝါက ပြောသည်။ ထို့အပြင် ငွေပေးငွေယူ များတွင် အစိုးရ ခြေရာခံ၍ မရအောင် လုပ်ခွင့် ရှိနေသည့် စင်္ကာပူ အခြေစိုက် Fincy ကလည်း ပါဝင် ပတ်သက်နေသဖြင့် ငွေခဝါချမှုများလည်း ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့ပြန်သည်။
ယွန်ဆန်ကလည်း အဆိုပါ ပရိုဂျက်သည် မြန်မာအစိုးရ အတွက် တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ပိုင်းတွင် ပြဿနာများသာ ပေါ်လာဖို့ရှိကြောင်း နှင့် နောက်ဆက်တွဲအဖြစ် တရုတ်သည် ၎င်းတို့ နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာမည့် အရေးကို နားလည်သင့်သည်ဟု ဆိုသည်။
အဆိုပါ အရေးသည် အရှေ့တောင် အာရှအတွင်း ငွေခဝါချမှုများနှင့် တရားမဝင် လောင်းကစား လုပ်ငန်းများ ဖြစ်ပေါ်လာနိုင်သဖြင့် တရုတ် နှင့် မြန်မာ အနေဖြင့် အာဆီယံ လုပ်ငန်းဘောင် အတွင်းမှ ဖြေရှင်းသင့်သည်ဟု တာဝါက အကြံပေးခဲ့သည်။
(၂၀၂၀ စက်တင်ဘာ ၂၇ နေ့ထုတ် South China Morning Post သတင်းစာပါ "Could Chinese Investment Cost Suu Kyi The Myanmar Election? မှ
ကောက်နှုတ်တင်ပြသည်)