ဂေါ်ကီ ၏ အမေ(65)

by Hla Soewai - Jun 08 2026

အ‌ မေ ဖြစ်သူ၏ မျက်ဝန်းတို့မှာ ပူစပ်လာပြီး အာခေါင်လည်း ခြောက်သလို ဖြစ်လာနေသည့် မနှစ်မြို့ဖွယ် ခံစားချက်မျိုး ဝင်ရောက်လာသည်။ ပါဗယ်က သူမ၏လက်ကို ဆုပ်ကိုင်ပြီး အသာအယာ ပွတ်သပ်ပေးလိုက်သည်။

 

"ကျွန်တော် ဒါကို လုပ်မှဖြစ်မယ် အမေ! ကျွန်တော့်ကို နားလည်ပေးပါ! ဒါဟာ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုပဲ!"

 

"အမေ ဘာမှမပြောပါဘူးကွယ်" ဟု သူမက ခေါင်းကို ဖြည်းညှင်းစွာ မော့ရင်း ပြန်ဖြေလိုက်သည်။ သို့သော် သူမ၏မျက်ဝန်းများက သားဖြစ်သူ၏ ပြတ်သားခိုင်မာလှသော မျက်လုံးအစုံနှင့် ဆုံမိသောအခါ ခေါင်းကို ပြန်ငုံ့ချသွားမိပြန်သည်။

 

ပါဗယ်က သူမ၏လက်ကို လွှတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ အပြစ်တင်သလို မျိုး ပြောလိုက်သည်။

 

"အမေ ဝမ်းမနည်းသင့်ဘူး။ ဝမ်းမြောက်ဝမ်းသာတောင် ဖြစ်ရမှာ။ ကိုယ့်ရဲ့ သားသမီးတွေကို သေမင်းဆီ လွှတ်ရရင်တောင် ဝမ်းမြောက်ဂုဏ်ယူနိုင်မယ့် အမေမျိုးတွေ ကျွန်တော် တို့ဆီမှာ ဘယ်တော့မှ ရှိလာမှာလဲဗျာ?"

 

“အ‌ မေလည်း ဘာ မှ မပြောရ သေးပါလားကွယ်” ဟု အမေက ပြောရှာသည်။ “အမေက သားရဲ့ ကိစ္စတွေထဲ ဝင်မစွက်ဖက်ပါဘူး။ တကယ်လို့ အမေ မင်းကို သနားမိတယ်ဆိုရင်လည်း… အင်းလေ… ဒါက မိခင်တယောက်ရဲ့ သဘာဝပဲ မဟုတ်လား။”

 

ပါဗယ်သည် အမေ့ထံမှ ကိုယ်ကို ခွာလိုက်သည်။ ထို့နောက် စူးရှပြတ်သားသော သားဖြစ်သူ၏ စကားသံကို အမေ ကြားလိုက်ရသည်—

 

“လူတယောက်ရဲ့ ဘဝတစ်ခုလုံးကို ပျက်စီးစေတဲ့၊ ဝင်နှောင့်ယှက်တဲ့ အချစ်မျိုးလည်း ရှိတယ် အမေ။”

 

အမေ တုန်လှုပ်သွားမိသည်။ သားဖြစ်သူက ပြတ်သားရက်စက်သော စကားလုံးများဖြင့် သူမ၏ နှလုံးသားကို နောက်ထပ်တစ်ကြိမ် ဒဏ်ရာပေးမည်ကို စိုးရိမ်သဖြင့်—

 

“တော်ပါတော့ ပါရှာရယ်။ ဘာလို့ အဲဒီလို ပြောရတာလဲ။ အမေ နားလည်ပါတယ်။ သားမှာလည်း ဒီလို မလုပ် မဖြစ်လို့ လုပ်ရတာပဲ။ မင်းရဲ့ ရဲဘော်ရဲဘက်တွေအတွက် မင်း လုပ်ပေးရမှာပေါ့” ဟု အမေက အလျင်အမြန် ဖြတ်ပြောလိုက်သည်။

 

“မဟုတ်ဘူး!” ဟု သားက ပြန်ပြောသည်။

 

“ကျွန်တော် ဒါကို ကိုယ့်အတွက်ကိုယ် လုပ်နေတာ။ သူတို့အတွက်ဆိုရင် ကျွန်တော် အလံမကိုင်ဘဲ နေပေးလို့ရတယ်။ ဒါပေမဲ့... ကျွန်တော် ကိုယ်တိုင်ပဲ ဒါကို လုပ်ချင်လို့ လုပ်တာ!”

 

အန်ဒရေးသည် တံခါးဝတွင် ပိတ်ရပ်လိုက်သည်။ တံခါးပေါက်က သူ့အတွက် နိမ့်လွန်းနေသဖြင့် ဒူးကို ကတ်သီးကတ်သတ် ကွေးထားရ၏။ သူသည် တံခါးတိုင်ကို ပခုံးတဖက် မှီလျက်၊ ခေါင်းနှင့် ကျန်ပခုံးတစ်ဖက်ကို ရှေ့သို့ ပြူးထွက်လျက် ရပ်နေသဖြင့် သူ့ပုံစံက ဘောင်တစ်ခုထဲမှာ အံဝင်ခွင်ကျ ရှိနေသလိုပင်။ 

 

"မင်း မလိုတာတွေ လျှောက်ပြောနေတာကို ရပ်လိုက်ပါတော့" ဟု သူက မျက်မှောင်ကုတ်ကာ၊ သူ၏ ပြူးထွက်နေသော မျက်လုံးများဖြင့် ပါဗယ်၏ မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ ပုံစဲသည် ကျောက်တုံးတံတိုင်းတစ်ခု၏ အက်ကွဲကြောင်းထဲက အိမ်မြှောင်တစ်ကောင်နှင့်ပင် တူနေတော့သည်။

 

အမေသည် ငိုကြွေးချင်စိတ်ကို အောင့်အီးမထားနိုင်တော့၊ သို့သော် သူမ၏ မျက်ရည်များကို သားဖြစ်သူအား မမြင်စေချင်သဖြင့်— "အို... ဒုက္ခပါပဲ၊ အမေ မေ့သွားလို့..." ဟု ရုတ်တရက် ဗလုံးဗထွေး ပြောဆိုကာ ဝရံတာဘက်သို့ ထွက်လာခဲ့တော့သည်။

 

ထိုနေရာရှိ ထောင့်စွန်းတစ်ခုတွင် ခေါင်းမှီ၍ သူမ တရှုံ့ရှုံ့နှင့် အသံတိတ် ငိုကြွေးနေမိသည်။ အဆက်မပြတ် စီးကျလာသော မျက်ရည်များကြောင့် သူမ၏ စိတ်နှလုံးထဲမှ သွေးများ ယိုစီးကျလာသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး နုံးခွေအားလျော့သွားရရှာသည်။

ထိုစဉ် အနည်းငယ် ဟနေသော တံခါးဝမှတစ်ဆင့် အချင်းချင်း အချေအတင် ငြင်းခုံနေကြသည့် ဗလံဗလော အသံများသည် သူမ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

 

"ကဲ... မင်း အမေ့ကို အဲဒီလို နှိပ်စက်လိုက်ရလို့ ကိုယ့်ကိုယ်ကိုယ် သဘောကျသွားပြီလား။"

 

"မင်းမှာ အဲဒီလို ပြောပိုင်ခွင့် မရှိဘူး။" ဟု ပါဗယ်က အော်ဟစ်ပြောဆိုလိုက်သည်။

 

"မင်း ကိုယ့်ကိုယ်ကိုယ် လူရူးတစ်ယောက်လို လုပ်နေတာကို မြင်လျက်နဲ့ ငါက ဘာမှမပြောဘဲ နေခဲ့ရင် မင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပါ့မလား။ မင်း အမေ့ကို ဘာဖြစ်လို့ အဲဒီလို စကားတွေ သွားပြောရတာလဲ။"

 

“ယောက်ျားဆိုတာ ဘယ်တော့မဆို စကားကို ပြတ်ပြတ်သားသားနဲ့ မဆိုင်းမတွ ပြောနိုင်ရမယ်။ ‘ဟုတ်တယ်’ လို့ပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အတိအကျ ဖြစ်ရမယ်။ ‘မဟုတ်ဘူး’ လို့ပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အတိအကျ ဖြစ်ရမယ်။”

 

“သူ့ကိုရော—သူ့ကိုကျတော့ရော မင်း အဲဒီလိုမျိုး ပြောရဲလို့လား။”

 

“လူတိုင်းကို ပြောရဲတယ်! ငါ့ခြေထောက်ကို လာဆွဲပြီး ရှေ့ဆက်မယ့် ခရီးကို သွားလို့မရအောင်ပိတ်ဆို့မယ့် ဘယ်လိုအချစ်၊ ဘယ်လိုသူငယ်ချင်းမျိုးကိုမှ ငါအလိုမရှိဘူး။”

 

“သာဓုဗျာ! မင်း ဟာ တကယ့်သူရဲကောင်းကြီးပဲ! သွား... ဒါတွေအားလုံးကို ဆာရှန်ကာ့ကို သွားပြောလိုက်လေ။ မင်း အနေနဲ့ ဒါမျိုးကို သူ့ကိုပဲ ပြောသင့်တာ။”

 

“ငါ ပြောခဲ့ပြီးပြီ!”

 

“ပြောခဲ့ပြီးပြီဟုတ်လား! မင်း အမေကို ပြောသလိုမျိုး ပြောခဲ့တာလား။ မဖြစ်နိုင်ပါဘူး! သူ့ရှေ့ကျတော့ မင်း စကားကို လေသံအေးအေးလေးနဲ့ ပြောခဲ့တာ။ သူ့ကိုကျတော့ ညင်ညင်သာသာနဲ့ ကြင်ကြင်နာနာ ပြောခဲ့တာ။ ငါ ကိုယ်တိုင် နားနဲ့မကြားခဲ့ရပေမဲ့ ဒါကို ကောင်းကောင်းသိတယ်! ဒါပေမဲ့ မင်းရဲ့ သူရဲကောင်းအထာတွေကိုကျတော့ အမေရှေ့ကျမှ လာထုတ်ပြနေတာပေါ့။ ဒါဆိုရင်တော့... မင်းရဲ့ အဲဒီသူရဲကောင်းဝါဒက တပြားမှမတန်ဘူး။”

 

ဗီ လော့ ဆိုဗာသည် သူမမျက်နှာပေါ်မှ မျက်ရည်များကို အလောတကြီး သုတ်လိုက်သည်။ ရုရှားလေး နှင့် ပါဗယ်တို့အကြား ထို့ထက် ပို၍ ပြင်းထန် သွားမည်ကို စိုးရိမ်သဖြင့် သူမသည် မီးဖိုချောင်တံခါးကို အမြန်ဖွင့်ကာ ဝင်လာခဲ့၏။ တကိုယ်လုံးလည်း တုန်ရီနေပြီး ကြောက်ရွံ့ထိတ်လန့်ကာ စိတ်မကောင်းဖြစ်နေရှာသည်။

 

"အမလေး... အေးလိုက်တာ။ နွေဦး ရောက်နေတာ တောင်မှ နော်"

 

သူမသည် စိတ်က ဂဏှာ မငြိမ် ဖြစ်နေပြီး မီးဖိုချောင်ထဲရှိ ပစ္စည်း များကို တနေရာမှ တနေရာသို့ အကြောင်းမဲ့ ရွှေ့ပြောင်းနေမိသည်။ တစ်ဖက်ခန်းထဲမှ တိုးညှင်းသော စကားပြောသံများကို ဖုံးကွယ်သွားစေရန်အတွက်လည်း ပို၍ကျယ်လောင်သော အသံဖြင့် ဆက်ပြောနေမိပြန်သည်— "အရာရာတိုင်းက ပြောင်းလဲကုန်ပြီ။ လူတွေက ပိုပြီး စိတ်ဆတ် လာကုန်ကြပြီ၊ ရာသီဥတုကလည်း ပိုအေးလာတယ်။ အရင်တုန်းကဆို ဒီလိုအချိန်မှာ နွေးနေပြီ၊ ကောင်းကင်ကြီးလည်း သာယာလို့ နေမင်းကြီးလည်း ထိန်ထိန်လင်းနေတတ်ပြီ။"

 

ထိုအခါ အခန်းထဲတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးသွားလေသည်။ အမေဖြစ်သူသည် ကြမ်းပြင်အလယ်တွင် မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေမိ၏။

 

"မင်း ကြားတယ်မလား" ဟု ရုရှား‌ လေး ၏ တိုးညှင်းသော အသံ ထွက်ပေါ်လာသည်။ "မင်း ဒါကို နားလည်ရမယ်ကွ၊ ဒါက မင်းရဲ့အတွေးထက် အများကြီး ပိုပြီး အဓိပ္ပာယ်လေးနက်တယ်။"