နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(38)

by Hla Soewai - Jun 08 2026

မစ္စစ္စပီ၏ မီးလျှံများကြားက တရားခွင် (၃)

 

လူ့အခွင့်အရေး လှုပ်ရှားသူများ အား ထောင်မှ ပြန် ခေါ် ထုတ် လာပြီးနောက် ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုသည့် ဖြစ်စဉ်အသေးစိတ်ကို ပုံဖော်နိုင်ရန် ဂျော်ဒန် က ဖက်ဒရယ်အာဏာပိုင်များကို ကူညီပေးခဲ့သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ပရိုက်စ် ထံမှ ၎င်းတို့အား ဖမ်းဆီးရမိကြောင်း ဖုန်းဆက်အကြောင်းကြား လာသည့် အခါတွင်တော့ သိက္ခာတော်ရ နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးဖြစ်သူ အက်ဒ်ဂါ ရေး ကီလန် သည် အလုပ်များသွားခဲ့သည်။ 

 

သူသည် ချက်ခြင်းလိုပင် နေရှိုဘာ နှင့် လော့ဒါဒေးလ် ခရိုင်ရှိ ကူကပ် ကလန် အဖွဲ့ဝင်များကို စည်းရုံးရန် ဖုန်း များ လိုက် ဆက်ခဲ့သည်။ ၎င်း၏ အသုံးအနှုန်းအတိုင်း ဆိုရလျှင် "ပညာပေး ဆုံးမရမယ့်" အချိန် ရောက်ပြီ ဟူ၍ ဖြစ်သည်။

 

ထိုနေ့မွန်းလွဲပိုင်မှာပင် ဒေသခံ ကလန်ခေါင်းဆောင်ကြီးများသည် မီရီဒီယန် မြို့ရှိ ကားရပ်နားစားသောက်ဆိုင် (Drive-in) တခုတွင် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် မိုဘိုင်းအိမ်ရာဝင်း တခုတွင် နောက်ထပ် အစည်းအဝေးတခု ထပ်မံပြုလုပ်ခဲ့သည်။ 

 

ထိုဒုတိယအကြိမ် အစည်းအဝေးတွင်မူ တက်ကြွလှုပ်ရှားနေသည့် လူငယ်အဖွဲ့ဝင်များ—လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ကြမည့်သူများ—ပါဝင်လာခဲ့သည်။ ကီလန်က စည်းရုံးရမိထားသော လူငယ်တဒါဇင်ကျော်ကို ရော်ဘာလက်အိတ်များ ဝယ်ယူထားရန်နှင့် ည ၈ နာရီ ၁၅ မိနစ်တွင် ဖီလာဒဲလ်ဖီးယား မြို့သို့ အရောက်လာရန် ညွှန်ကြားခဲ့သည်။

 

၎င်းနောက် ကီလန်သည် ထိုလူငယ်များကို ခေါ်ဆောင်ကာ နေရှိုဘာခရိုင် အကျဉ်းထောင်တဝိုက်သို့ ကားဖြင့် လှည့်လည်ပြသခဲ့ပြီး လွှတ်ပေးရန် စီစဉ်ထားသည့် ဖြစ်စဉ်အသေးစိတ်ကို သုံးသပ်ဆွေးနွေးခဲ့သည်။

 

 ထို့နောက်တွင်မူ သူသည် ဒေသခံ နာရေး အခမ်းအနား များ ပြုလုပ်ရာအိမ်ရှိ ဦးလေးဖြစ်သူ ဈာပနာ ပွဲသို့ သွားရောက်ခဲ့ပြီး၊ ၎င်းသည် ရာဇဝတ်မှုဖြစ်ပွားချိန်တွင် အခြားနေရာ၌ ရောက်ရှိနေခဲ့ကြောင်း အလီဘိုင် ပြနိုင်ရန် ပါးပါးနပ်နပ် ကြိုတင်ဖန်တီးယူခဲ့လေသည်။

 

လူ့အခွင့်အရေး လှုပ်ရှားသူများသည် ၎င်းတို့၏ စတေရှင်ဝဂ္ဂွန် ကားလေးဖြင့် အကျဉ်းထောင်မှ ထွက်လာကြစဉ်၊ ရဲအရာရှိ ပရိုက်စ် သည် သူ၏ လှည့်ကင်းကားဖြင့်၎င်း၊ အခြားသော ကားနှစ်စီးတွင် ကလန် အဖွဲ့ဝင် လူငယ်များ ပြည့်နှက်လျက် ၎င်းတို့နောက်မှ လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင် လိုက်လာခဲ့ကြသည်။

 

ခရိုင်နယ်နိမိတ်နှင့် ဆယ်မိုင်ခန့်အကွာတွင် ဒုရဲအရာရှိ ပရိုက်စ်၏ အင်ဂျင်မြှင့်တင်ထားသော ရှက်ဗရိုလက် ကားသည် အဆိုပါ စတေရှင်ဝဂ္ဂွန်ကားကို မမှီမချင်း လိုက်လာခဲ့သည်။ ကားကို ဂျိမ်းစ် ချာနီက မောင်းနှင်နေခြင်း ဖြစ်သည်။ သူသည် နောက်မှ လိုက်လာသူများ၏ ရန် မှ လွတ်ရန် ကားကို အမြန်မောင်းမှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သဖြင့် အရှိန်ပြင်းစွာ ကားကို မောင်းသလို ဖြစ်သွားခဲ့သည်။ ချာနီသည် ကားကို လမ်းမကြီး ၄၉၂ ထဲသို့ ရုတ်တရက် ကွေ့ချလိုက်သော်လည်း ပရိုက်စ်ကလည်း လိုက်ကွေ့နိုင်ခဲ့သည်။

 

စက္ကန့်ပိုင်းအကြာတွင်မူ မည်သည့်အကြောင်းကြောင့်မှန်း မသိရဘဲ ချာနီသည် ကားဘရိတ်ကို နင်းလိုက်ပြီး ၎င်းတို့ သုံးဦးစလုံး အဖမ်းခံခဲ့ကြသည်။ ဂျိမ်းစ် ဂျော်ဒန် ၏ ထွက်ဆိုချက်အရ ပရိုက်စ်သည် စတေရှင်ဝဂ္ဂွန်ကားအနီးသို့ လျှောက်လာပြီး ချာနီကို အခုလို ပြောခဲ့သည်။

 

"မင်းတို့ကို ထောင်ကလွှတ်ပေးရင် မီရီဒီယန် ကို ပြန်ကြမယ်လို့ ထင်နေတာ"

 

ချာနီကလည်း ထိုနေရာသို့ပင် ဦးတည်သွားနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထိုအခါ ပရိုက်စ်က " ဒါဆို မင်းတို့ တော်တော်လေး လျှောက်ပတ် မောင်းနေတာပဲ။ ကားပေါ်က ဆင်းခဲ့" ဟု ပြောလိုက်သည်။

 

ထို့နောက် ၎င်းတို့သုံးဦးကို ဒုရဲမှူး ပရိုက်စ် ၏ ကားပေါ်သို့ တင်လိုက်ကြပြီးနောက်၊ မကြာမီမှာပင် ပရိုက်စ်နှင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ကားများသည် “ရော့ခ်ကတ် လမ်း” ဟု ခေါ်သည့် လမ်းအမှတ်အသား မရှိသော မြေသားလမ်းခွဲအတိုင်း တန်းစီမောင်းနှင်သွားကြတော့သည်။ 

 

ထိုသူသုံးဦး အသတ်မခံရမီ ရိုက်နှက်နှိပ်စက်ခြင်း ခံခဲ့ရသလား ဆိုသည်ကိုမူ တိတိပပ မသိရပေ။ ကလန် အဖွဲ့ မှ သတင်းပေးများက နှိပ်စက်ခြင်း မရှိခဲ့ဟု ငြင်းဆိုကြသော်လည်း၊ ၎င်းတို့ အပြောနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက် အထားများ ရှိနေသည်— အထူးသဖြင့် ချာနီ ၏ ရုပ်အလောင်းတွင် ဖြစ်သည်။

 

သို့သော် အသေအချာ သိရှိရသည့် အချက်မှာ— စစ်တပ်မှ အကျင့်စာရိတ္တပျက်ပြားမှုဖြင့် ထုတ်ပယ်ခံထားရသည့် အသက် ၂၆ နှစ်အရွယ် မရိန်းတပ်သားဟောင်း ဝိန်း ရောဘတ်စ် ဆိုသူမှာ သေနတ်မောင်း ဆွဲခဲ့သူ ဖြစ်ခဲ့သည်ဟူသော အချက်ပင်။ ရောဘတ်စ်သည် ရွှာနာ ကို ပထမဆုံး ပစ်သတ်ခဲ့ပြီးနောက်၊ ဂွတ်ဒ်မန်း ကိုပါ အနီးကပ် ချိန်ရွယ်ကာ ဆက်တိုက် ပစ်သတ်ခဲ့သည်။ ထိုစဉ် ဂျိမ်းစ် ဂျော်ဒန် က “ငါ့အတွက် တစ်ယောက် ချန်ထားဦး!” ဟု အော်ဟစ်ကာ ချာနီ၏ ဝမ်းဗိုက်ကို သေနတ်ဖြင့် လှမ်းပစ်ခဲ့သည်။ ထို့နောက် ရောဘတ်စ်က ချာနီ၏ ဦးခေါင်းကို နောက်ဆုံးကျည်ဆန်ဖြင့် အဆုံးစီရင် ပစ်ခတ်ခဲ့တော့သည်။

 

ထို့နောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို "အိုးလ်ဂျော်လီ" ခြံဝင်းအတွင်းရှိ ရေကာတမံဆီသို့ သယ်ဆောင်သွားခဲ့ကြသည်။ ထိုခြံဝင်းမှာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ အိုလန် ဘာရေ့ဂျ် ပိုင်ဆိုင်သည့် မြေနေရာ ဖြစ်သည်။ သတင်းပေးတစ်ဦး၏ ပြောပြချက်အရ... လူမည်းအခွင့်အရေး လှုပ်ရှားသူအဖွဲ့ကြီး မစ္စစ္စပီပြည်နယ်သို့ ရောက်ရှိလာမည့်အရေးကို လူမျိုးရေးအစွန်းရောက် ကလန် အဖွဲ့ဝင်များ ဆွေးနွေးနေကြစဉ်က ဘာရေ့ဂျ်က ကလန်အစည်းအဝေးတခုတွင် ဝင်ရောက်ပြောဆိုခဲ့ဖူးသည်။ "ကျွန်တော့်ဆီမှာ ဒီလိုကောင်တွေ အယောက်တရာလောက်ကို အေးဆေးမြှုပ်ထားလို့ရတဲ့ ရေကာတာတမံတစ်ခု ရှိတယ်" ဟု သူက ဆိုခဲ့သည်။

 

အလောင်းများကို မြှုပ်နှံရန် သယ်ဆောင်သွားပြီးနောက် လက်ထောက် ရဲ အရာရှိ ပရိုက်စ် သည် ဖီလာဒဲလ်ဖီးယားမြို့ရှိ သူ၏ တာဝန်ကျရာနေရာသို့ ပြန်သွားခဲ့သည်။ ညသန်းခေါင်ကျော် ၁၂ နာရီခွဲခန့်တွင် သူသည် ရဲမင်းကြီး ရေနီ နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးလုံးသည် ကလန်အဖွဲ့ဝင်များ ဖြစ်ကြသည့်အပြင် အလွန်တရာ ရင်းနှီးသော ဆက်ဆံရေး ရှိကြသူများဖြစ်ရာ... ပရိုက်စ်အနေဖြင့် ထိုညက ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက် အသေးစိတ်အားလုံးကို ရေနီအား ပြန်လည်ပြောပြခဲ့လိမ့်မည် မဟုတ်ဟု မည်သူမျှ တွေးမိကြမည် မဟုတ်ပေ။

 

၁၉၆၄ ခုနှစ် ဒီဇင်ဘာလတွင် ဖက်ဒရယ်အေးဂျင့်များသည် နေရှိုဘာ နှင့် လော့ဒါဒေး ခရိုင်များအတွင်းသို့ ဝင်ရောက်ပြီး လူ ၁၉ ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့တဦးစီအား ပြည်နယ်ဥပဒေကို အလွဲသုံးစားပြု၍ ရွှာနာ၊ ချာနီနှင့် ဂွတ်ဒ်မန်း တို့၏ အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ခြောက်ရက်အကြာတွင် အမေရိကန် ကော်မရှင်နာတဦးက ထိုစွဲချက်များကို ပယ်ချခဲ့သည်။ ၎င်းက ဤဖမ်းဆီးမှုများသည် ခိုင်လုံသော သက်သေမရှိ၊ တဆင့်စကား အပေါ်တွင်သာ အခြေခံထားသည်ဟု ကောက်ချက်ချခဲ့သည်။

 

တလအကြာတွင် အစိုးရရှေ့နေများသည် ဂျက်ဆန်မြို့ရှိ ဖက်ဒရယ် ဂရန်းဂျူရီအဖွဲ့ ထံမှ ထိုပူးပေါင်းကြံစည်သူများကို တရားစွဲဆိုနိုင်ရန် စွဲချက်အမိန့်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း တရားရေးဝန်ကြီးဌာနသည် ထပ်မံ၍ စိတ်ပျက်ခဲ့ရပြန်သည်။ 

 

တရားခံဘက်မှ ဖက်ဒရယ်တရားသူကြီး ဝီလျံ ဟာရိုး ကို့စ် အား အဆိုပါစွဲချက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။ တရားသူကြီး ကို့စ် သည် ဖက်ဒတရားသူကြီးများထဲ၌ လူမျိုးရေးခွဲခြားမှုကို အလွန်အမင်း ထောက်ခံသူတစ်ဦး ဖြစ်သည်။

 

ကို့စ် သည် သူ၏ရာထူးကို သူငယ်ချင်းလည်းဖြစ်၊ အိုမစ် ဥပဒေကျောင်းမှ အခန်းဖော်လည်းဖြစ်သော ဆီးနိတ်တရားရေးကော်မတီဥက္ကဋ္ဌ ဂျိမ်းစ် အိစ်လန်း ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဆီနိတ်တာ အိစ်လန်းသည် သမ္မတ ကနေဒီက NAACP (လူမည်းအခွင့်အရေးမြှင့်တင်ရေးအဖွဲ့) ၏ ရှေ့နေ သာဂုဒ် မာရှယ် အား အမေရိကန် အယူခံတရားရုံး တရားသူကြီးအဖြစ် ခန့်အပ်မည့်အရေးကို ပိတ်ဆို့ထားခဲ့သည်။ ကနေဒီသည် မာရှယ်ကို တရားရုံးတွင် အလွန်တရာ ခန့်အပ်ချင်နေခဲ့သည်။ ထို့ကြောင့် အိစ်လန်းက အပေးအယူတခု ကမ်းလှမ်းခဲ့သည်။ ၎င်းက တရားရေးဝန်ကြီး ရောဘတ် ကနေဒီအား “မင်းအစ်ကို ကို ပြောလိုက်၊ အကယ်၍ သူက ဟာရိုး ကို့စ် ကို ခန့်ပေးမယ် ဆိုရင် ငါက သူ့ကို အဲဒီ...” ဟု ဆိုကာ အာဖရိကန်-အမေရိကန် (လူမည်း) များအပေါ် သုံးနှုန်းသည့် ရိုင်းစိုင်းရုတ်ရင်းသော နာမ်စားတခုကို အသုံးပြုပြီး ပြောဆိုခဲ့သည်ဟု ဆိုကြသည်။

 

တရားသူကြီး ကို့စ် နှင့် မစ္စစ္စပီ လူသတ်မှု အား တရားစွဲဆိုမည့် ဂျွန် ဒိုအာ တို့သည် တရားရေးဝန်ကြီးဌာနက ယခင်က တင်သွင်းခဲ့ဖူးသော မဲပေးပိုင်ခွင့်ဆိုင်ရာ အမှုများကြောင့် တဦးနှင့်တဦး ကောင်းစွာ သိကျွမ်းကြသည်။ အမှန်စင်စစ်၊ တရားသူကြီး ကို့စ် ၏ တရားစီရင်ရေး သက်တမ်းတစ်လျှောက် အဆိုးရွားဆုံး အမှားကို ကျူးလွန်ခဲ့စဉ်က ဒိုအာ ကိုယ်တိုင် ရှိနေခဲ့သည်။ ဒိုအာက “ကျွန်တော်ဟာ ယာယီတားဆီးမိန့် လျှောက်ထားမှုတစ်ခုအတွက် သူ့ရဲ့ ရုံးခန်းထဲမှာ ရှိနေခဲ့တာ။ ကျွန်တော်က တရားသူကြီး ကို့စ် ကို ‘လူမည်းတွေ မဲပေးချင်ကြတာဟာ အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်မျိုး မဟုတ်ပါဘူး’ လို့ ပြောခဲ့တယ်” ဟု ပြန်ပြောင်းပြောပြသည်။ 

 

ကို့စ် က ထိုစကားကို အာဖရိကန်-အမေရိကန် များ၏ မဲ‌ ပေးပိုင်ခွင့် လျှောက်ထားသူများအား “ချင်ပန်ဇီမျောက်အုပ်ကြီး” ဟု ဖော်ပြကာ တုံ့ပြန်ခဲ့သည်။ ကို့စ် ၏ စကား သည် နောက်တနေ့ New York Times သတင်းစာမျက်နှာပေါ်၌ ပါရှိလာခဲ့ပြီး၊ ၎င်းအား ရာထူးမှ ပြုတ်လုနီးပါး ဖြစ်စေခဲ့သည့် စွပ်စွဲပြစ်တင်မှု ကို ဖြစ်ပေါ်စေခဲ့သည်။