မြန်မာနိုင်ငံရဲ့ အရပ်သား အမည်ခံ စစ်အုပ်စုသည် မေ ၂၈ တွင် လျှပ်စစ်ကား (EV) အသစ်လဲလှယ်ရေး အစီအစဉ်ကို စတင်မိတ်ဆက်လာခဲ့သည်။ ထိုအစီအစဉ်အရ သက်တမ်းရင့် သို့ မဟုတ် ထိန်းသိမ်းမှုအားနည်း သော စက်သုံးဆီသုံး မော်တော်ကားပိုင်ရှင်များ အနေနှင့် ၎င်းတို့၏ ကားများကို လျှပ်စစ်ကား များ နှင့် မဖြစ်မနေ လဲလှယ်ရမည် ဖြစ်သည်။
အဆိုပါ EV ကား ဈေးကွက် တခုလုံးကို သမ္မတ ဆိုသူ စစ် ခေါင်း ဆောင် မင်းအောင်လှိုင်၏ သားသမီးများ က တဦးတည်း လက်ဝါးကြီး အုပ်ထားပြီ ဖြစ်၍ ၎င်းထံမှပင် ဝယ်ယူရဖို့ ဖြစ်လာသည်။
နေပြည်တော်ရှိ ကာလုံ ရုံးတွင် ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ စက်သုံးဆီ ဖူလုံမှုဆိုင်ရာ စစ်ကောင်စီအစည်းအဝေးတခုအတွင်း မင်းအောင်လှိုင်က ထိုအစီအစဉ်ကို စတင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နှစ်လမပြည့်မီမှာပဲ အခုလို စတင်အကောင်အထည်ဖော် ဆောင်ရွက်လာခြင်း ဖြစ်သည်။
အဆိုပါ စည်းမျဉ်းစည်းကမ်းကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် လော၊ သို့မဟုတ် ကားပိုင်ရှင်များအား ဆက်ပြီး အသုံးပြုခွင့် ပေးမည် လော ဆိုသည်က အာဏာရှင် ၏ နောက်ထပ် နှုတ်ထွက် စကားကို စောင့် နေရဆဲ ဖြစ်၍ ရှင်းရှင်းလင်းလင်း မရှိသေး ပေ။
ဗဟိုဘဏ် ကလည်း ကားပိုင်ရှင်များကို EV ဝယ်ယူရန် လိုအပ်သည့် နိုင်ငံခြားငွေကို သင့်တင့်လျောက်ပတ်သည့် နှုန်းထားနှင့် ရောင်းချပေးသွားမည် ဟုလည်း ဆိုသည်။
စစ်အုပ်စုသည် တရုတ်နိုင်ငံထုတ် EV များ တင်သွင်းမှုကို အကြီးအကျယ် မြှင့်တင်အားပေးပြီး ခွင့်ပြုပေးလာသည်။ EV သည် မင်းအောင်လှိုင်၏ မိသားစုအတွက် ဝင်ငွေအကောင်းဆုံး စီးပွားရေးလုပ်ငန်းများထဲက တခု ဖြစ်လာနေသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။
သား ဖြစ်သူ အောင်ပြည့်စုံသည် တရုတ် ၏ BYD EV ကား အား တဦးတည်း မူပိုင် တင်သွင်းခွင့် ရရှိထားသူ ဖြစ်သည်။ သမီးဖြစ်သူ ခင်သီရိသက်မွန်သည်လည်း MG တံဆိပ်နှင့် အခြား EV လျှပ်စစ်ကားများကို တင်သွင်းပြီး မြို့ကြီးများတွင် အားသွင်းစခန်းများ လည်ပတ်လုပ်ကိုင်နေသည့် N.P.K Motors ကုမ္ပဏီကို ပိုင်ဆိုင်ထားသည်။
မင်းအောင်လှိုင်၏ EV လျှပ်စစ်ကား အသစ်လဲလှယ်ရေး အစီအစဉ်အား ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြောဆို နေကြသည်။ နိုင်ငံအတွင်း ဆိုးဝါးလှသည့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အားသွင်းစခန်းများ လုံလောက်စွာမရှိဘဲ လက်ရှိအချိန်တွင် EV ကားများအတွက် အခြေအနေမှာ သင့်တော်မှုမရှိကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
ထို့အပြင် ထို အစီအစဉ်သည် မင်းအောင်လှိုင်၏ သားသမီးများ ကြီးစိုးခြယ်လှယ်ထားသည့် EV စီးပွားရေးလုပ်ငန်းအတွက် နောက်ထပ် မမျှော်လင့်ဘဲရရှိမည့် အကျိုးအမြတ်ကြီးကို အဓိကရည်ရွယ်ပြီး ဖန်တီးပေးခြင်းသာဖြစ်ကြောင်း အများစုက ပြောဆိုကြသည်။
လူထု ကို EV နှင့် လဲရမည့် အစီအစဉ်ကို ချပြပြီး တပတ် မပြည့်ခင်မှာပင် မင်းအောင်လှိုင်သည် ၎င်း၏ အိန္ဒိယ ခရီးစဉ် အတွင်း အောင်ပြည့်စုံ ဦးစီး လုပ်ကိုင်နေသည့် မန္တလေး တိုင်း အတွင်း ရှိ ရတနာပုံ ဆိုက်ဘာ စီတီး စီမံကိန်း တွင် ယုံယုံကြည်ကြည် လာရောက် ရင်းနှီး မြုပ်နှံကြရန် အိန္ဒိယ လုပ်ငန်းရှင်များကို သွေးဆောင် ဖျားယောင်း ခဲ့ပြန်သည်။
မည်သည့် လုပ်ငန်းမဆို လာရောက်ရင်းနှီး မြုပ်နှံမည် ဆိုက အထူးအခွင့် အရေးများ ပေးသွားမည်ဟုလည်း ဆိုသည်။
၂၀၂၁ တွင် အနှီ ပုဂ္ဂိုလ် ကြောင့်ပင် ပြည်တွင်းမှ ပြည်ပ ရင်းနှီးမြုပ်နှံသူ များ အစုလိုက် အပြုံလိုက် ထွက်ခွာခဲ့ကြရာ မှ အခုအခါ ထိုပုဂ္ဂိုလ်ကပင် သမ္မတ ဖြစ်လာပြီ ဆိုကာ တဖန် ဖိတ်ခေါ်နေခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်က စီးပွားရေး တည်ငြိမ်မှုရှိစေရမည်၊ နိုင်ငံရေး ပြဿနာများ အတွက် စိုးရိမ်စရာ မရှိဟု ကတိပြုခဲ့သော်လည်း ဘဏ်လုပ်ငန်း၊ ငွေလွှဲပြောင်းမှုနှင့် သွင်းကုန်ထုတ်ကုန်ကဏ္ဍ များ တွင် ပြင်းပြင်းထန်ထန် ကန့်သတ်ပိတ်ပင်ထားမှုများ ကြောင့် မည်သူမျှ လာ ရောက် ရင်းနှီးမြှုပ်နှံကြမည် မဟုတ်ဟု ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြပြောဆိုသည်။
လာရောက်ကြသူများ ကတော့ ၎င်းတို့အား မြန်မာလို ပြောဆိုနေသော ထို ပုပြတ်ပြတ် နှင့် ပုဂ္ဂိုလ်သည် လွှတ်တော် အတု ဖြင့် ၎င်း၏ စိတ်ကြိုက်လူများသာ ထည့်သွင်းပြီး သမ္မတ အတု ဖြစ်လာသည်ဟု အားလုံးက သုံးသပ်ခံထားရသူ ဖြစ်သည့် အပြင် သူ ကိုယ်တိုင်က ကော မည်မျှ ကြာကြာ ခံဦးမည်နည်းဟု တွေးနေကြမည်သာ ဖြစ်သည်။
အောင်ပြည့်စုံသည် မင်းအောင်လှိုင် ကာချုပ် ဖြစ်လာသည့် အချိန်တွင် ဓာတ်ပုံပညာရပ်နဲ့ ပတ်သက်ပြီး အပျော်တမ်း စမ်းသပ်လေ့လာနေချိန် ဖြစ်သည်။
၎င်းသည် ရန်ကုန် ပြည်သူ့ရင်ပြင်ရှိ "Yangon Gallery" ဆိုသည့် ပြခန်း နှင့် ၊ အဆင့်မြင့်စားသောက်ဆိုင် တဆိုင်ကိုလည်း ပိုင်ဆိုင်ထားသည့် အဆင့်သာ ရှိသေးသည်။
ယခုအခါတွင် တော့ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းမှန်သမျှ ၎င်းတို့ ၏ ခြေရာလက်ရာ မကင်းသလောက် ဖြစ်လာသည့် အဆင့်သို့ တက်လှမ်းလာပြီ ဖြစ်သည်။
ထို့အတွက်ကြောင့်လည်း မင်းအောင်လှိုင်သည် သားသမီးများ အကျိုးအတွက် အာဏာကို မရမက ဆုပ်ကိုင်ထားရခြင်းလည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
REF : Irrawaddy News