တရုတ် တို့ ဘောလုံးတွင် အဘယ်ကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်နေရသနည်း

by Hla Soewai - Jun 08 2026

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်ပြိုင်ပွဲကစပြီး ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးမြှင့်လိုက်သည့် အတွက် အကျိုးအမြတ်အများဆုံး ရရှိခဲ့သည့် ဒေသသည်က အာရှတိုက်ပင် ဖြစ်သည်။ အာရှတိုက်သည် တိုက်ရိုက်ဝင်ခွင့် ရှစ်နေရာ ရရှိခဲ့တဲ့အပြင် play-off (ခြေစစ်ပွဲအောင်ဖို့ ထပ်ဆင့်ကစားရသည့်ပွဲ) ကနေတဆင့် ကိုးသင်းမြောက်အသင်း ပါဝင်ခွင့်ရမည့် အခွင့်အရေးလည်း ရှိလာခဲ့သည်— ယခင်က တိုက်ရိုက်ဝင်ခွင့် လေးနေရာနှင့် play-off ကစားခွင့် တနေရာ ရရှိခဲ့သည်။  

 

၂၀၂၆ ခုနှစ်မှာ အာရှအသင်း များ အတွက် ကမ္ဘာ့ဖလားဝင်ခွင့်နေရာ မျှော်မှန်းချက်က နှစ်ဆနီးပါး ရှိလာခဲ့သည့် အတွက် — လူဦးရေ အမြောက်အမြားရှိပြီး၊ ဘောလုံးလောကအတွက် ငွေကြေးအမြောက်အမြား သုံးစွဲနေသလို၊ သမ္မတကိုယ်တိုင်လည်း ဒီအားကစားနည်းကို ကာလရှည်ကြာ စွဲစွဲလန်းလန်းဖြစ်နေသည့် တရုတ်နိုင်ငံအနေနှင့် — ၎င်းတို့၏ သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့်ကို သေချာပေါက် ရရှိနိုင်တော့မည် လား ဟု မျှော်လင့်စရာ ဖြစ်လာခဲ့ရသည်။

 

တကယ်တမ်း တွင် နီးနီးစပ်စပ် အဆင့်အထိပင် ရောက်မလာခဲ့၊ လုံးဝကို အလှမ်းဝေး‌ နေခဲ့သည်။ ဒေသတွင်းက အင်အားကြီးအသင်း များ ဖြစ်သည့် အိုမန်၊ အင်ဒိုနီးရှား သာမက ပါလက်စတိုင်း အသင်း၏ အောက် အဆင့် နှင့်ပင် ပြိုင်ပွဲကို အဆုံးသတ် ထွက်ခွာ သွားခဲ့ရရှာသည်။

 

တရုတ်နိုင်ငံသည် နောက်ဆုံးကျန်သည့် ဝင်ခွင့် နှစ်နေရာအတွက် အကြိတ်အနယ်လုရမည့် စတုတ္ထအဆင့် ကိုပင် တက်လှမ်းနိုင်ခြင်း မရှိခဲ့ဘဲ ခြေစစ်ပွဲကနေ အရှုံးသမားပီပီ သက်ပြင်းချရင်းနှင့် ထွက်ခွာခဲ့ရ ပေသည်။ တရုတ်အမျိုးသား လက်ရွေးစင်အသင်း အဖို့ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးခုလုံးကို ဝင်ခွင့်ရခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သည့် အမျိုးသမီးအသင်းလောက် အောင်မြင်မှုမျိုး ရရှိဖို့ အိမ်မက်ထဲမှာပင် ရှိနေဆဲ ဖြစ်သည်။

 

ထိုကဲ့သို့ မည်သို့မျှ ဖြစ်မလာသင့် ပေ။ ရှီကျင့်ဖျင်သည် ဒုတိယသမ္မတ ဖြစ်ခဲ့စဉ် ၂၀၁၁ တွင် တရုတ်ဘောလုံးလောကအတွက် သူရည်မှန်းထားသည့် ဆန္ဒသုံးခုကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ - ၎င်း၏ ဆန္ဒများက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရန်၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန်နှင့် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးရန် တို့ပင် ဖြစ်သည်။ 

 

တရုတ်နိုင်ငံသည် ၂၀၀၂ တွင် ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တာကြောင့် ၎င်း၏ ဆန္ဒများထဲက တခုကတော့ လွန်ခဲ့သည့် ဆယ်စုနှစ် တခုမက ကတည်းက ပြည့်ဝသွားခဲ့ဖြစ်သည်။ သို့သော် လည်း ထိုစဉ်က "ရွှေရောင်မျိုးဆက်" ဟု ကင်ပွန်း တပ်ခံရသည့် အသင်းသည် ကိုးဂိုးအထိ အသွင်းခံခဲ့ရပြီး တဂိုး တလေ မှပင် ပြန်လည်သွင်းယူနိုင်ခြင်း မရှိခဲ့။

 

၂၀၁၅ တွင် အချက် ၅၀ ပါ စီမံကိန်းတခုကို ချမှတ်ခဲ့ပြီး အလားအလာကောင်းများ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပြည်တွင်းလိဂ် များ အတွက်သာမက၊ ဥရောပကလပ်များကို တရုတ်သူဌေးများ လွှဲပြောင်းရယူနိုင်ရန် အတွက်ပါ ဘောလုံးလောကအတွင်း ငွေကြေးရင်းနှီးမြှုပ်နှံမှုလှိုင်းလုံးကြီး တလိမ့်လိမ့် နှင့် တိုးဝင်လာခဲ့သည်။ နှစ်နှစ်မပြည့်ခင်မှာပင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနဲ့ ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီ အပါအဝင် အင်္ဂလန်ပရီမီယာလိဂ်က နည်းပြများသည် တရုတ်လိဂ်၏ ငွေကြေးအင်အားနှင့် ဆွဲဆောင်နိုင်မှု စွမ်းပကားကြောင့် ဥရောပလိဂ် အသင်းများ အတွက် ခြိမ်းခြောက်လာနိုင်မည့် အလားအလာများ အပေါ် လူသိရှင်ကြား စတင် စိုးရိမ်လာခဲ့ကြသည်။

 

ထို အနေအထား အထိ ရောက်ခဲ့ပြီးမှ မည်သည့် နေရာများတွင် အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ရပေသနည်း။ တရုတ်နိုင်ငံ၏ ထုံးစံအတိုင်းပင် အဖြေကတော့ ငွေကြေးတွေ အလွန်အကျွံ သုံးစွဲခဲ့တာကြောင့် မဟုတ်ဘဲ "ချုပ်ကိုင်မှုတွေ" ကြောင့်သာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ထိုအထဲတွင် အဂတိလိုက်စားမှု အရှုပ်တော်ပုံများ၊ နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများနှင့် အောက်ခြေကနေ စနစ်တကျ တည်ဆောက်ယူရမည့်အစား အထက်ပိုင်းအာဏာပိုင် များမှ အတင်းအကျပ် ပြဋ္ဌာန်းလာသည့် ဘောလုံးဆိုင်ရာ မူဝါဒများ လည်း ပါဝင်သည်။

 

ယခုအခါ ပြည်တွင်းလိဂ်ပြိုင်ပွဲသည် ပရမ်းပတာ ဖြစ်လာ‌ နေသည်။ တရုတ်စူပါလိဂ် ကလပ်အသင်းများ၏ ထက်ဝက်ကျော်သည် လုပ်ပွဲများ၊ လောင်းကစားမှုများ၊ အဂတိလိုက်စားမှုများ နှင့် ဆက်နွှယ် နေသည့် ပြစ်ဒဏ်များကြောင့် ရမှတ်အနှုတ်ပြပြီး ပွဲရာသီကို စတင်ခဲ့ရသည်။ ရာသီ တဝက် ပွဲစဉ် ၁၀ ပွဲအထိ ကစားပြီးချိန်မှာပင် တီယန်ကျင်း အသင်းသည် အနှုတ်ပြနေသည့် ရမှတ်ကနေ အပေါင်းလက္ခဏာပြသည့် အခြေအနေကို ရောက်ရှိအောင် မစွမ်းဆောင်နိုင်သေးသည်ကို တွေ့ရသည်။

 

ရှီကျင့်ဖျင်၏ လက်ထက်တွင် ဘောလုံးအားကစားသည် ရည်မှန်းချက်များ၊ ဆောင်ပုဒ်များ နှင့် တရားဝင် ညွှန်ကြားချက်များ ပြည့်နှက်နေသည့် နိုင်ငံရေးဆိုင်ရာ စီမံကိန်းတစ်ခု ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် လျှပ်စစ်ကား (EV) များကို အများအပြား အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ကောင်း ထုတ်လုပ်နိုင် သော်ငြားလည်း ဘောလုံးသမားများကိုတော့ ထိုကဲ့သို့ ထုတ်လုပ် နိုင်ဖို့ကတော့ ပိုပြီးတော့ ခက်ခဲ ပေလိမ့်မည်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုသည် ၂၀၁၇ အတွင်း တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကာ တရုတ်နိုင်ငံအနေနှင့် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရ၊ မရ ဆိုသည်ထက် "ဘယ်တော့ ကျင်းပမလဲ" ဆိုသည့် အချက်အပေါ်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ တရုတ်အစိုးရပိုင် မီဒီယာများက ၂၀၃၀ ပြည့်နှစ် ဖြစ်မလား၊ သို့မဟုတ် ၂၀၃၄ ခုနှစ် ဖြစ်မလားဆိုသည် အထိပင်ခန့်မှန်းတွက်ချက် လာခဲ့ကြသည်။

 

သို့သော် လည်း ထို ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ခုလုံးအား မော်ရိုကို/ ပေါ်တူဂီ/စပိန် (ပူးတွဲ) နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ထံ အိမ်ရှင် အဖြစ် အသီးသီး ပေးအပ်ချီးမြှင့်ပြီးဖြစ်၍၊ တိုက်ကြီးများ အလိုက် အိမ်ရှင်အဖြစ် အလှည့်ကျကျင်းပခွင့်ပေးသည့် ဖီဖာ (FIFA) ၏ ကာလရှည်ကြာ ကျင့်သုံးလာခဲ့ သော မူဝါဒအရ တရုတ်နိုင်ငံအနေနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် လက်တွေ့ကျကျ မျှော်လင့်နိုင်မည့် အစောဆုံးအချိန်သည် ၂၀၄၂ ခုနှစ် နွေရာသီတွင်သာ ဖြစ်လာ နိုင်‌ ပေလိမ့်မည်။ ထိုအချိန်တွင် ရှီကျင့်ဖျင်သည် အသက် ၈၉ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ ဆဋ္ဌမမြောက် ငါးနှစ်သက်တမ်း ကုန်ဆုံးခါနီး အချိန်လည်း ဖြစ်နေပေလိမ့်မည်။

 

အင်ဖန်တီနိုသည် ၂၀၂၄ တွင် ဘီဂျင်းသို့ ဒုတိယ အကြိမ် ပြန်ရောက်လာသည့် အခါတွင်တော့ ရှီကျင့်ဖျင် နှင့် တွေ့ခွင့်မရတော့ဘဲ အားကစား ဒုဝန်ကြီးကသာ လက်ခံ တွေ့ဆုံ ခဲ့ပေတော့သည်။

 

(၂၀၂၆ မေ ၃၁ ရက်ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Why China is so bad at football" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)