ဒေါ်နယ် ထရန့်သည် ဝင်ငွေ ခွန် အဖြစ် ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့ဟု နယူးယောက်တိုင်းမ် သတင်းစာကြီးက ထုတ်ဖေါ်လိုက်ပြီ

by Hla Soewai - Sep 29 2020

တကမ္ဘာလုံး သတင်းစာနှင့် မီဒီယာများက ကာလကြာမြင့်စွာ မရမက အနံ့ခံနေသော ဒေါ်နယ် ထရန်၏ ဝင်ငွေခွန် ကြေငြာလွှာကို နယူးယောက်တိုင်း သတင်းစာကြီးက ဗွေဆော်ဦး ရရှိသွားပြီး တနင်္ဂနွေနေ့တွင် ဖွင့်ချလိုက်ပြီ ဖြစ်သည်။

 

သတင်းစာက အဆိုပါ ဝင်ငွေခွန် ကြေငြာလွှာကို မည်သူထံမှ ရရှိသည် ဆိုသည်အား သတင်းစာ ကျင့်ဝတ်အရ ထိန်ချန်ထားခဲ့သည်။ သတင်းစာမှ ရေးသားခဲ့ရာတွင် ထရန့် သည် သမ္မတ အဖြစ် အရွေးခံရသည်နှစ်တွင် အစိုးရ အား ဝင်ငွေခွန် ဒေါ်လာ ၇၅၀ သာ ပေး ဆောင်ခဲ့ပြီး သမ္မတ သက်တမ်း ပထမနှစ်တွင်လည်း နောက်ထပ် ဒေါ်လာ ၇၅၀ ပေးဆောင်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၈ နှင့် ၂၀၁၉ အတွက် မရရှိသေးသော်လည်း ဆယ်စုနှစ် နှစ်စုသာ အတွက် ကြေငြာလွှာများ လက်ဝယ်ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

 

ထိုမတိုင်မီ ၁၅ နှစ်လုံးလုံး ဝင်ငွေခွန် တပြားတချပ်မျှ ပေးဆောင်ခဲ့ခြင်း မရှိဟု သတင်းစာက ဆက်လက်ရေးသားထားသည်။ ထိုသို့ မပေးဆောင်ရခြင်းမှာ သူ၏ လုပ်ငန်းများအရှုံးပြနေသည်ဟု အခွန်ဌာန အား အကြောင်းပြခဲ့သောကြောင့် ဖြစ်သည်ဟုဆိုသည်။

 

ထိုသို့အကြောင်းပြခဲ့သဖြင့် အစိုးရထံမှ အရင်ပေးဆောင်ခဲ့သမျှထဲမှ ဒေါ်လာ ၇၂ . ၉ သန်းပင် tax credit အဖြစ် ပြန် လည်ရရှိခဲ့သည်။ ထို့အတွက် အမေရိကန် အခွန်ရုံးမှ သူ၏ ဝင်ငွေခွန်ကြေငြာလွှာများကို စာရင်းစစ် ဝင်လျက်ရှိ နေဆဲဖြစ်ပြီး မှားယွင်းကြောင်း တွေ့ရှိက ဒေါ်လာ သန်း ၁၀၀ ခန့် ပြန်ပေးရဖွယ် ရှိနေသည်ဟုလည်း ဖေါ်ပြထားသည်။

 

ဒေါ်နယ် ထရန့်မှ အခွန်ဌာနသို့ ပိုင်ဆိုင်ကြောင်း ကြေငြာထားခဲ့မှုများသည် အစိုးရနှင့် မပတ်သက်သော ဘဏ္ဍာရေး လေ့လာဆန်းစစ်မှု အဖွဲ့၏ တွေ့ရှိချက်များနှင့် များစွာကွဲလွဲလျက် ရှိနေပေသည်။

 

ထို့အတွက် ထရန့်သည် သမ္မတဖြစ်လာသော် လည်း သူ၏ဝင်ငွေခွန် ကြေငြာလွှာကို အမေရိကန် လူထု သိရှိအောင် ထုတ်ပြန် ခဲ့ခြင်း မရှိပဲ လျို့ဝှက်ထားခဲ့ရာမှ ယခု အခါ နယူးယောက် တိုင်းက ထုတ်ဖေါ်နိုင်ခဲ့ပြီဖြစ်သည်။

 

ထရန့် အဖွဲ့အစည်း၏ ရှေ့နေဖြစ်သူ အလန် ဂါတင်က အဆိုပါ သတင်းအပေါ် တုန့်ပြန်ပြောဆိုရာတွင် တိုင်းမ် သတင်းစာ၏ အချက်အလက်များ မမှန်ကြောင်း၊ ထရန့်သည် အခွန်အဖြစ် ဒေါ်လာ သန်းပေါင်းများစွာ ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

နယူးယောက် တိုင်းမ်က မူ ၎င်း ပြောသော အခွန်များသည် သူ၏ ဝန်ထမ်းများ အတွက် ပေးဆောင်ရသည့် လူမှုဖူလုံရေး ထည့်ဝင်ငွေများ၊ ကျန်းမာရေး စောင့်ရှောက်မှု အတွက်ပေးငွေများ နှင့် ၎င်းတို့အတွက် အခွန်များသာဖြစ်ပြီး သူ၏ ပုဂ္ဂလိက အခွန်နှင့် မဆိုင်ကြောင်း ပြန်လည် ဖြေရှင်းထားပြန်သည်။

 

အဆိုပါ အကြောင်းအရာများ ကို နောက်ပိုင်းတွင် အသေးစိတ် ဖေါ်ပြသွားမည်ဟုလည်း သိရသည်။