မျက်နှာဖုံး စွပ် အရှေ့တောင် အာရှ အာဏာရှင်များ

by Hla Soewai - Jun 08 2026

ဗီယက်နမ်သမ္မတ တိုလမ် သည် မေလ ၂၉ ရက်နေ့တွင် ရှန်ဂရီလား ဆွေးနွေးပွဲ စင်မြင့် ပေါ်ရှိ မိုက်ခရိုဖုန်းရှေ့သို့ တက်လှမ်းလာသည့်အခါ သူ၏ခြေလှမ်းများသည် တက်ကြွမြူးကြွနေပေလိမ့်မည်။ တိုလမ်သည် စင်္ကာပူ ရှိ ရှန်ဂရီလာဟိုတယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကာကွယ်ရေးဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ထောက်လှမ်းရေးအကြီးအကဲများ၏ ဆွေးနွေးပွဲကြီး တွင် အဓိကမိန့်ခွန်း ကို ပြောကြားမည်ဖြစ်သည်။ သူသည် လွန်ခဲ့သော ဆယ်စုနှစ်လေးခုနီးပါးကာလအတွင်း ဗီယက်နမ်၏ သြဇာအာဏာအကြီးမားဆုံး ခေါင်းဆောင်တဦးအနေဖြင့် ယခုကဲ့သို့ မိန့်ခွန်းပြောကြားခွင့် ရရှိခြင်း ဖြစ်သည်။

 

တို လမ်သည် ဇန်နဝါရီလတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ အကြီးအကဲအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပြီး၊ ပြီးခဲ့သည့်လတွင်မူ ပိုမိုသေချာခိုင်မာသွားစေရန် သမ္မတရာထူးကိုပါ ပူးတွဲရယူခဲ့သည်။ သူသည် ၁၉၈၆ ခုနှစ်နောက်ပိုင်း ၎င်းရာထူးနှစ်ခုလုံးကို သက်တမ်းအပြည့် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရသည့် ပထမဆုံးသော ဗီယက်နမ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။

 

ယခုဖြစ်ရပ်က ဗီယက်နမ်နိုင်ငံအတွင်း အလှမ်းကျယ်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒကို ကိုင်တွယ်မောင်းနှင်ရန် တိုလမ်တွင် အကြွင်းမဲ့အာဏာရှိကြောင်း သံသယဖြစ်ဖွယ်မရှိ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ၎င်းကို အရှေ့တောင်အာရှတွင် သြဇာအာဏာအကြီးမားဆုံး ခေါင်းဆောင်များထဲမှ တဦး ဖြစ်လာစေခဲ့သည်။ ယင်းသည် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင်ဖြစ်ပွားခဲ့သော အတွင်းစည်း အာဏာလုပွဲများအပြီးတွင် ဖြစ်ပေါ်လာသည့် ထူးခြားသော အပြောင်းအလဲတခုလည်း ဖြစ်သည်။

 

တိုလမ်၏ အာဏာစုစည်းခိုင်မာလာမှုသည် တစ်ချိန်က အင်ဒိုချိုင်းနားကျွန်းဆွယ် ဟု လူသိများခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှ "ပြည်မကြီး" ဟု ဟု ခေါ်ဆိုကြသည့် ဒေသတခုလုံးတွင် တွေ့မြင်နေရသော ပိုမိုကျယ်ပြန့်သည့် အာဏာရှင် အသိုက်အဝန်း ၏ တစိတ်တပိုင်း ဖြစ်လာသည်။

 

အရှေ့ဘက်ရှိ ဗီယက်နမ်နိုင်ငံမှသည် အနောက်ဘက်ရှိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အထိ အရှေ့တောင်အာရှ၏ အာဏာရှင် များသည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို အသွင်သစ်ဖော်ဆောင်ရန် ကြိုးပမ်း နေကြသည်။ နှစ်ပေါင်းများစွာ စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရအပြီးတွင် အဆိုပါ အပြောင်းအလဲများသည် ၎င်းတို့၏ အုပ်ချုပ်မှုကို အတိုင်းအတာတခုအထိ ပိုမိုခိုင်မာသော အခြေခံအုတ်မြစ် အဖြစ် ပန္နက်ရိုက်လာ နိုင်ခဲ့ကြသည်။

 

ကမ္ဘောဒီးယားသည် ပထမဆုံး ပန္နက် စရိုက်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၇၉ ခုနှစ် ကျူးကျော်မှုအပြီးတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ လက်ဝေခံအဖြစ် စတင်ပေါ်ပေါက်လာခဲ့သော အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) သည် ၂၀၂၃ ခုနှစ်မှစတင်ကာ မျိုးဆက်သစ် အာဏာလွှဲပြောင်းမှုကို လုပ်ဆောင်ခဲ့သည်။

 

၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဟွန်ဆင် သည် သားဖြစ်သူ ဟွန်မာနက် ထံ ရာထူးလွှဲပြောင်းပေးခဲ့သည်။ ထိုအချိန်မှာပင် ဟွန်ဆင်အစိုးရအဖွဲ့မှ ဝန်ကြီးအများစုသည်လည်း ၎င်းတို့၏ ရာထူးများကို သားသမီးများထံသို့ အသီးသီး လွှဲပြောင်းပေးခဲ့ကြသည်။ ရန်လိုတတ်သော ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်သည် သြဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း လူထုကြားတွင် ပိုမိုရေပန်းစားပြီး ပျော့ပျောင်းညင်သာသော အမူအရာရှိသည့် သားဖြစ်သူက အုပ်ချုပ်ရေးယန္တရားကို ရှေ့တန်းမှ ဦးဆောင်နေသည်။ 

 

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ထိုင်းစစ်တပ်နှင့် နယ်စပ်အာဏာလု တိုက်ပွဲငယ်များသည် နိုင်ငံအတွင်း အမျိုးသားရေးစိတ်ဓာတ် တက်ကြွမှုကို ဖြစ်ပေါ်စေခဲ့ပြီး ပြည်သူများကို ဟွန် မာနက်၏ နောက်ကွယ်တွင် စည်းလုံးညီညွတ်သွားစေခဲ့သည်။

 

နယ်စပ်စစ်ပွဲသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ သဘောထားတင်းမာသူများ ကိုလည်း ပိုမိုအားကောင်းလာစေရန် အထောက်အကူပြုခဲ့သည်။ ဇန်နဝါရီလတွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် သည် အမျိုးသားရေးဝါဒ ရိုက်ခတ်မှုကို အသုံးချကာ ရုတ်တရက် ခေါ်ယူ လိုက်သည့် အထွေထွေရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်၊ ယင်းသည် ယခုရာစုနှစ်အတွင်း ကွန်ဆာဗေးတစ် ရှေးရိုးစွဲ ပါတီများဘက်က ပထမဆုံးအကြိမ် အနိုင်ရရှိခြင်းလည်း ဖြစ်သည်။

 

ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်မတူဘဲ တပါတီစနစ် ကျင့်သုံးသည့် နိုင်ငံမဟုတ်ပေ။ သို့သော်လည်း စစ်တပ်နှင့် တော်ဝင်နန်းတော်တို့သည် လူထုအခြေပြုဝါဒီ Populists များ နှင့် လစ်ဘရယ်သမားများကို အာဏာမရရှိစေရန်အတွက် အာဏာသိမ်းခြင်း သို့မဟုတ် လှည့်ကွက်များပြည့်နှက်နေသည့် စည်းမျဉ်းဥပဒေများကို ရေရှည်အသုံးပြုကာ တားဆီးခဲ့ကြသည်။

 

ဗန်ကောက်မြို့ရှိ ချူလာလောင်ကွန်းတက္ကသိုလ်မှ သီတီနန် ပေါင်ဆုဒီရက် က “ထိုင်းနိုင်ငံမှာ အရင်က မရှိခဲ့ဘဲ အခုရှိလာတာကတော့ နိုင်ငံရေးတည်ငြိမ်မှုပဲ ဖြစ်ပါတယ်၊ အဲဒီလို တည်ငြိမ်မှုရလာတာဟာ ကွန်ဆာဗေးတစ်ပါတီတွေက နောက်ဆုံးမှာ ရွေးကောက်ပွဲကို အနိုင်ရရှိသွားခဲ့လို့ပါပဲ” ဟု ပြောကြားခဲ့သည်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး လူချစ်လူခင်ပေါများသော မစ္စတာအနုတင်သည် အရင် တာဝန်ယူခဲ့သည့် ရန်လိုခက်ထန်သော စစ်ဗိုလ်ချုပ်ကြီးများနှင့်မတူဘဲ လူထုရွေးကောက်တင်မြှောက်မှုကို ရ အောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများအတွင်း သီတင်းပတ်အတော်ကြာအောင် ဟန်ပြရွေးကောက်ပွဲပြုလုပ် ခဲ့သည့် မြန်မာနိုင်ငံတွင်ပင် အုပ်ချုပ်ရေးယန္တရား အသွင်သစ်ဖော်ဆောင်လာသည့် အရိပ်အယောင်များကို တွေ့မြင်နိုင်သည်။ 

 

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး တက်လာခဲ့သည့် စစ်အုပ်စု သည် ၎င်းတို့ကို ထောက်ခံခြင်းမရှိသည့် မည်သည့်ပါတီကိုမဆို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးအဖွဲ့များထံ လက်လွှတ် ဆုံးရှုံးခဲ့ရသည့် နိုင်ငံအကျယ်အဝန်း၏ ထက်ဝက်နီးပါးရှိသော နယ်မြေများတွင်မူ မဲပေးပွဲများ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

 

သို့သော်လည်း ယင်းရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသည် စစ်အစိုးရအတွက် အသုံးဝင်သော ရည်ရွယ်ချက်တခုကို ဖြစ်မြောက်စေခဲ့ကြောင်း မြန်မာနိုင်ငံအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) မှ မင်းဇင်က ဆိုသည်။ ၎င်းရွေးကောက်ပွဲသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ပြိုင်ဘက်ဟောင်းများကို ဖယ်ရှားရန်နှင့် စစ်တပ်အတွင်းရှိ ၎င်း၏လူများကို လွှတ်တော်အသစ်နှင့် အစိုးရအဖွဲ့သစ်တို့တွင် ရာထူးနေရာများ ပေးအပ်ကာ ဆုချီးမြှင့်ရန် အခွင့်အရေးတရပ် ဖြစ်လာ‌ စေခဲ့သည်။

 

မြန်မာနိုင်ငံသည် အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးဆိုးရွားနေဆဲ ဖြစ်သော်လည်း အာဏာရစစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများကဲ့သို့ပင် ပုံစံတစ်မျိုးဖြင့် အာဏာသက်တမ်းသစ် တရပ်ကို မရရအောင် ဖန်တီးပုံဖော်နိုင်ခဲ့ကြသည်။ ဤအုပ်ချုပ်ရေးစနစ်တစ်ခုချင်းစီသည် ယခင်ကထက် ပိုမိုကြံ့ကြံ့ခံနိုင်စွမ်း ရှိလာပုံရပေသည်။

 

သို့သော်လည်း ၎င်းတို့ အားလုံး သည် ရေတိုပြဿနာကြီးတခုနှင့် ရေရှည်ပြဿနာကြီးတခုစီကို အသီးသီး ရင်ဆိုင်နေကြရသည်။ 

 

၎င်းတို့၏ ပုံစံသစ် အာဏာရှင်အုပ်ချုပ်ရေးယန္တရားများသည် ယင်းစိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ အတိအကျ ဖြေဆို နိုင်ခြင်း မရှိသေးသည့် မေးခွန်းတခုအဖြစ် ရှိနေဆဲဖြစ်သည်။

 

လာမည့်လများအတွင်း ၎င်းတို့၏ ခေါင်းဆောင်များသည် အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပေါ်ပေါက်လာသည့် စွမ်းအင်အကျပ်အတည်း ကို အဓိက အာရုံစိုက် ကိုင်တွယ်ကြရမည် ဖြစ်သည်။ အရှေ့တောင်အာရှ ပြည်မကြီးရှိ နိုင်ငံများသည် ဤဒဏ်ကို အလူးအလဲ ခံနေကြရသည်။ စက်သုံးဆီ ပြတ်လပ်မှုများကြောင့် ဒေသတွင်း ဆီဆိုင်များ၌ တန်းစီစောင့်ဆိုင်းမှုများ ရှည်လျားစွာ ဖြစ်ပေါ်နေပြီး လျှပ်စစ်မီတာခများလည်း ပိုမိုမြင့်မားလာခဲ့သည်။

 

ထို့အပြင် ထိုဒေသများသည် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပြီးနောက်ပိုင်း စိုက်ပျိုးရေးရာသီသို့ စတင်ဝင်ရောက်လာသည့် ပထမဆုံးသော စိုက်ပျိုးရေးအခြေခံ စီးပွားရေးနိုင်ငံများထဲတွင် ပါဝင်နေသည်။ ဓာတ်မြေဩဇာ ပြတ်လပ်မှုနှင့် စက်သုံးဆီဈေး ကြီးမြင့်မှုတို့ကြောင့် လယ်ယာမြေများ ပစ်ထားရခြင်းမျိုး ဖြစ်လာပါက ယခုနှစ်နှောင်းပိုင်းတွင် ရိက္ခာပြတ်လပ်မှုများ ဆိုက်ရောက်လာနိုင်သည်။ စွမ်းအင်နှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာခြင်းသည် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာစေရန် မီးမွှေးပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုနိုင်ငံများအတွက် ရေရှည်စိန်ခေါ်မှုမှာ တရုတ်နိုင်ငံကို မည်သို့ကိုင်တွယ်ရမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ အရှေ့တောင်အာရှ ပြည်မ ဒေသရှိ နိုင်ငံများ၏ စီးပွားရေးသည် တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက်များအတွင်းသို့ အလွန်နက်ရှိုင်းစွာ ရောယှက်ဝင်ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

 

 ယင်းအချက်က တရုတ်မှ ၎င်းတို့အပေါ် သြဇာလွှမ်းမိုးနိုင်မည့် အားသာချက်အမြောက်အမြား ရရှိစေသည်။ (အမေရိကန်၏ ဗိုလ်ကျစွက်ဖက်မှုများကလည်း ထိုအနေအထားကို သက်သာရာ သက်သာကြောင်း ဖြစ် မလာခဲ့ပေ။ ပြီးခဲ့သည့်နှစ်က ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့နိုင်ငံအားလုံးအပေါ် သွင်းကုန်ခွန်များ ချမှတ်ခဲ့စဉ်က အင်ဒိုချိုင်းနားဒေသအား သီးသန့်ပစ်မှတ်ထားပြီး ပြစ်ဒဏ်ခတ် ခဲ့သည်။)

 

ဤစိန်ခေါ်မှုနှစ်ရပ်လုံးအတွက် ရှင်းလင်းပြတ်သားသော အဖြေတစ်ခု ရှိနေသည်၊ ၎င်းမှာ ပြည်မကြီး ဒေသ ရှိ နိုင်ငံများအကြား စီးပွားရေး တွင် ယခင်ကထက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်ပင် ဖြစ်သည်။ မိမိတို့ ဒေသတွင်းရှိ ရေစီး ကြောင်း အား‌ ကောင်းသည့် မြစ်မကြီးများမှ ရရှိသော ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရန်သိုလှောင်မှုများသည် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းနေရသည့် စွမ်းအင်အများစု၏နေရာတွင် အစားထိုးဝင်ရောက်နိုင်မည် ဖြစ်သည်။ 

 

ထို့အပြင် အခွန်မဟုတ်သော ကုန်သွယ်မှုအတားအဆီးများ ကို လျှော့ချပေးခြင်းကလည်း အချင်းချင်းအကြား ကုန်သွယ်မှုကို ပိုမိုလွယ်ကူစေပြီး တရုတ်စျေးကွက်၏ ဆွဲဆောင်လွှမ်းမိုးမှုကို တန်ပြန်ရန် အထောက်အကူပြုလိမ့်မည် ဖြစ်သည်။

 

သို့သော် နှမြောစရာကောင်းသည်မှာ ထိုနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးသည် ငြိမ်သက်နေသော်လည်း နိုင်ငံအချင်းချင်းကြား နိုင်ငံရေးမှာမူ စည်းစနစ်မရှိဘဲ ရုန်းရင်းဆန်ခတ် ဖြစ်နေခြင်းပင်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ဖြစ်နေသော နယ်စပ်ပဋိပက္ခနှင့် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် ဖြစ်ပွားနေသော ပြည်တွင်းစစ်တို့သည် အကြမ်းဖက်မှုအရှိဆုံး အတားအဆီးအချို့မျှသာ ရှိသေးသည်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ အာဏာရှင်စနစ်နှင့်အတူ ဒွန်တွဲပါလာတတ်သည့် နိုင်ငံတော်ဗဟိုပြုဝါဒနှင့် ပြည်တွင်းစီးပွားရေး ကာကွယ်ရေးဝါဒ တို့ကလည်း အခြားသော အဟန့်အတားတစ်ခု ဖြစ်သည်။

 

အရှေ့တောင်အာရှဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သော အာဆီယံခေါင်းဆောင်များ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတွင် အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ စွမ်းအင်စျေးကွက်များကို ပိုမိုကောင်းမွန်စွာ ပူးပေါင်းချိတ်ဆက်နိုင်မည့် နည်းလမ်းများအကြောင်း ထပ်မံဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးလာသည်မှာ ၁၅ နှစ် တိုင် ရှိလာပြီ ဖြစ်သော်လည်း ယခုထိ မည်သည့်သဘောတူညီချက်မျှ မရရှိဘဲ လက်ဗလာဖြင့်သာ ပြန်လှည့်ခဲ့ကြရပြန်သည်။

 

ဗီယက်နမ်နိုင်ငံ ခေါင်းဆောင် တို လမ်သည် ဤစိန်ခေါ်မှုများကို ကောင်းစွာသတိပြုမိပုံရသည်။ သူ၏ ပြည်တွင်းပြုပြင်ပြောင်းလဲမှုများသည် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။ ထို့အပြင် သူသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြားရှိ သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းပေးရာတွင်လည်း အထောက်အကူပြုနိုင်ဖွယ် ရှိသည်။

 

တို လမ်၏ ပါတီသည် မာနက်၏ပါတီနှင့် ရေရှည်တည်တံ့မည့် ဆက်ဆံရေးကောင်းများ ရှိလာသည်။ အော်ပရာ ဂီတကို ဝါသနာပါပြီး လျှို့ဝှက်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်းတဦး ဖြစ်ခဲ့သည့် တို လမ်သည် ဗီယက်နမ်ပါတီအကြီးအကဲများထဲတွင် ထူးခြားစွာပင် သံတမန်ရေးရာ ကိစ္စရပ်များကို တက်တက်ကြွကြွ လှုပ်ရှားကိုင်တွယ်လာခဲ့သည်။ 

 

သူသည် ပြန်လည်ရွေးချယ်ခံရပြီးပြီးချင်းမှာပင် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့အပြင် မေလ ၂၈ ရက်နေ့တွင်မူ အနုတင်နှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဘန်ကောက်မြို့သို့ ဆိုက်ရောက်ခဲ့သည်။ အကယ်၍ ထို ငြိမ်းချမ်းရေးမစ်ရှင်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့မည်ဆိုပါက တို လမ်သည် အရှေ့တောင်အာရှ၏ အမှန်တကယ် ခေါင်းဆောင်တဦး ဖြစ်လာပေလိမ့်မည်။

 

(၂၀၂၆ မေလ ၂၈ ရက် နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "llliberal leaders in mainland South-East Asia revamp their regimes" ဆောင်းပါး ကို ပြန်လည် တင်ပြသည်။)