ထရမ့်၊ ပူတင်၊ ရှီကျင့်ပင် တို့ ထည့်သွင်းစဉ်းစားရတော့မည့် စစ်ပွဲ ပုံစံသစ်

by Hla Soewai - Jun 08 2026

၂၀၂၁ မှ ၂၀၂၄ အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ကျည်ဆန်များနှင့် ဗုံးများကြောင့် လူဦးရေ ခုနစ်သိန်းခွဲနီးပါး သေဆုံးခဲ့ရသည်။ ထို့ပြင် ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဘယများကဲ့သို့သော စစ်ပွဲ၏ သွယ်ဝိုက်သောအကျိုးဆက်များကြောင့် သေဆုံးရသူဦးရေမှာလည်း ယခုထက်မက များပြားလှသည်။ လွန်ခဲ့သည့် လေးနှစ်တာအတွင်း တိုက်ပွဲကြောင့် သေဆုံးရသူဦးရေသည် စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့သည့်အချိန်မှစ၍ တွက်လျှင် အမြင့်ဆုံးပမာဏသို့ ရောက်ရှိနေသည်။

 

အဘယ်ရည်ရွယ်ချက်ကြောင့် ဤသို့ သေကြေပျက်စီးကြရသနည်း။ မကြာသေးမီက စစ်ပွဲများကို စတင်ခဲ့သည့် ခေါင်းဆောင်များကိုယ်တိုင်ပင် ထွက်ပေါ်လာသည့် ရလဒ်များအပေါ် စိတ်ကျေနပ်မှု ရှိနိုင်ကြမည်မဟုတ်ပေ။ ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုသည် ဗလာဒီမာ ပူတင်အတွက် အရှက်ရဖွယ် ရုန်းမထွက်နိုင်သော ရွှံ့နွံတွင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် ဆင်နွှဲသည့် စစ်ပွဲသည်လည်း လမ်းကြောင်းလွဲကာ အခြေအနေ ဆိုးဝါးသွားခဲ့သည်။

 

ကိုယ်တိုင်ရွေးချယ်ခဲ့ကြသည့် ဤစစ်ပွဲနှစ်ခုသည် ခေတ်သစ်စစ်မြေပြင်၏ အမှန်တရားအသစ် နှစ်ခုကို ထင်ဟပ်ပေါ်လွင်စေသည်။ ယင်းတို့မှာ - နည်းပညာကြောင့် မည်သည့် စစ်တပ် အတွက်မဆို မြေပြင်တွင် ရှေ့တိုးထိုးစစ်ဆင်ရန် ပိုမိုခက်ခဲလာခြင်းနှင့် အင်အားကြီးနိုင်ငံများ၏ တိုက်ခိုက်ခြင်းကို ခံရသည့်အခါ အင်အားနည်းသောနိုင်ငံများအနေဖြင့် ပြန်လည်အထိနာအောင် ပြုလုပ်နိုင်ရန် နည်းပညာက ပိုမိုလွယ်ကူချောမွေ့စေခြင်းတို့ ဖြစ်ကြသည်။

 

The Economist မဂ္ဂဇင်း၏ ကာကွယ်ရေးကဏ္ဍဆိုင်ရာ အယ်ဒီတာက လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း စစ်ပွဲပုံစံများ မည်သို့ပြောင်းလဲလာခဲ့ပုံနှင့် အနာဂတ်တွင် မည်သို့ဆက်လက် ပြောင်းလဲလာနိုင်ပုံတို့ကို ယခုလို သုံးသပ်တင်ပြထားသည်။

 

ပထမဆုံးသော အဓိကအပြောင်းအလဲမှာ စစ်မြေပြင်တွင် စစ်သားများမှာ ပိုမို၍ အကာအကွယ်မဲ့လာခြင်း ဖြစ်သည်။ အာရုံခံကိရိယာ Sensors များနှင့် ဂြိုဟ်တုများက ၎င်းတို့ကို မြင်တွေ့နိုင်နေပြီး၊ သေးငယ်ကာ ဈေးနှုန်းချိုသာသော ဒရုန်းများကလည်း ၎င်းတို့ကို အလွယ်တကူ ကွန်ပြူတာစနစ်ဖြင့် ပစ်မှတ်ထား သတ်ဖြတ်နိုင်နေသည်။ ထို့ကြောင့် စစ်သားများအနေဖြင့် ပုန်းကွယ်ရန်၊ ရွှေ့ပြောင်းရန်နှင့် အသက်ရှင်ကျန်ရစ်ရန်အတွက် ယခင်ကထက် ပိုမိုရုန်းကန် အားထုတ်လာကြရသည်။

 

ယူကရိန်းစစ်ပွဲတွင် စစ်သားများအနေဖြင့် လူစုခွဲကာ အစုအဖွဲ့ငယ်လေးများဖြင့်သာ လှုပ်ရှားနေရခြင်း၊ မြေပြင်သုံး စက်ရုပ်များက ဒဏ်ရာရလူနာများကို ကယ်ထုတ်ပြီး ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ပေးနေရခြင်း စသည့် ရှေ့တန်းမျက်နှာစာ၏ တိုးချဲ့လာသော “သတ်ကွင်း ဇုန်” အခြေအနေသည် ဤကဲ့သို့သော ပြောင်းလဲမှုကို ထင်ထင်ရှားရှား ဖော်ပြနေသည်။

 

နည်းပညာဆိုသည်မှာ လျင်မြန်စွာ ပျံ့နှံ့သွားတတ်စမြဲ ဖြစ်သည်။ ယခုအခါ လက်ဘနွန်ရှိ အစ္စရေးစစ်သားများသည် ယူကရိန်းစစ်ပွဲတွင် စတင်အသုံးပြုခဲ့သည့် ဒရုန်းမျိုးစုံနှင့်ပင် ပြန်လည်ရင်ဆိုင်နေရပြီ ဖြစ်သည်။ အီရန်၏ ဒုံးကျည်များသည် ပထမပင်လယ်ကွေ့စစ်ပွဲအတွင်းက အီရတ်တို့ ပစ်ခတ်ခဲ့သော စကတ် (Scud) ဒုံးကျည်များထက်စာလျှင် ပစ်မှတ်ကို ပိုမိုတိကျစွာ ထိမှန်နိုင်စွမ်း ရှိလာသည်။

 

 အကယ်၍ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ရန် ကြိုးပမ်းလာခဲ့ပါက ၎င်းတို့၏ ကမ်းတက်တပ်ဖွဲ့များသည် မုန်တိုင်းတခုလို ကျရောက်လာမည့် ဒရုန်း လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

 

ယခုအခါ ဝေဟင်စိုးမိုးရေးကို ရယူရန် ပိုမိုခက်ခဲလာပြီဖြစ်သလို ရရှိခဲ့လျှင်ပင် လေထဲထဲ ပြည့်သိပ်စွာ စိုးမိုးထားသည့် ဒရုန်းများ ကြောင့် ယခင်ကလောက် စစ်သားများကို အကာအကွယ် မပေးနိုင်တော့ပေ။

 

ကျွမ်းကျင်သူအချို့ကမူ - ရန်သူ၏ အားနည်းချက်များကို လျှပ်တပြက် တိုက်ခိုက်ခြင်းနှင့် လျင်မြန်သော လှုပ်ရှားစစ်ဗျူဟာများဖြင့် ထိုးစစ်ဆင်ခြင်း သည် ယခုအခါတွင် မဖြစ်နိုင်တော့ဟု ကောက်ချက်ချကြသည်။ သို့သော် စစ်ပွဲဆိုသည်မှာ အမြဲတမ်း အလိုက်သင့်ပြောင်းလဲနေရသည့် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရား ကဲ့သို့ဖြစ်ပြီး စစ်မြေပြင်အခြေအနေသည် မည်သည့်အခါမျှ ရေရှည်ငြိမ်သက်နေခြင်း မရှိပေ။

 

ယူကရိန်းစစ်ပွဲက ပေးလိုက်သည့် သင်ခန်းစာမှာ အနာဂတ်စစ်ပွဲများသည် ရှည်လျားပြီး ရွေ့လျားမှုမရှိသော ရှေ့တန်းစစ်မျက်နှာပြင်များတွင် တရက်လျှင် မီတာအနည်းငယ်မျှသာ ခက်ခဲပင်ပန်းစွာ ရွှေ့လျားနိုင်ယုံ နှင့် မဖြစ်တော့။ စစ်သားများအနေဖြင့် ၎င်းတို့၏ အပေါ်စီးနှင့် ပတ်ပတ်လည်တွင် ရှိနေသော ကင်မရာများ၊ အာရုံခံကိရိယာများနှင့် ခဲယမ်းမီးကျောက်များကို မျက်စိလည်သွားအောင်၊ အလုပ်မလုပ်နိုင်အောင်နှင့် ရှောင်ကွင်းသွားနိုင်အောင် မိမိကိုယ်ကိုယ် စနစ်တကျ လေ့ကျင့် ကာကွယ် ထားရမည်ဟူသော အချက်သာ အရေးပါလာရသည်။

 

အနောက်နိုင်ငံ စစ်တပ် များသည် ဤအချက်နှင့်ပတ်သက်၍ စိတ်ပျက်စရာကောင်းလောက်အောင် နောက်ကျကျန်နေခဲ့သည်။ ရန်သူ၏ မြင်ကွင်းထဲသို့ ရောက်ရှိသွားခြင်းနှင့် တိုက်ခိုက်ခံရခြင်းတို့မှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့အနေဖြင့် လှိုင်းနှောင့်ယှက်ရေးကိရိယာ Jammers များနှင့် ဒရုန်းရန်ကာကွယ်ရေးစနစ် များစွာကို ပိုမိုလိုအပ်နေသည်။

 

 ထို့ပြင် ၎င်းတို့သည် အဆိုပါစစ်မြေပြင်အခြေအနေမျိုးကို ပုံတူကူးထားသည့် လက်တွေ့ကျသော လေ့ကျင့်မှုများ လိုအပ်နေသည်၊ ထို့ကြောင့်ပင် နေတိုး တပ်များသည် စစ်ရေးလေ့ကျင့်မှုများအတွင်း ဒရုန်းနည်းပညာ ကျွမ်းကျင်လှသော ယူကရိန်းလူမျိုးများထံမှ အကူအညီ ရယူနေကြခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ၎င်းတို့သည် ကင်းထောက်ခြင်းမှသည် ထောက်ပို့လုပ်ငန်းများအထိ ကဏ္ဍစုံအတွက် လူမဲ့မောင်းနှင်စနစ် များကို မိမိတို့၏ တပ်ဖွဲ့များအတွင်းသို့ ယခုထက် ပို၍ ရဲရဲဝံ့ဝံ့ ထည့်သွင်းအသုံးပြုရန် လိုအပ်နေပြီ ဖြစ်သည်။

 

ယူကရိန်း ပုံစံကို မျက်စိမှိတ် ကူးယူရုံမျှ မလုပ်သင့်။ယူကရိန်း တပ်မတော်သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တီထွင်ဆန်းသစ်နိုင်စွမ်းရှိသော်လည်း ၎င်းတွင် ကြီးမားသော အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ဆိုဗီယက်ခေတ်က လေ့ကျင့်သင်ကြားခဲ့သော ဗိုလ်ချုပ်များသည် ရှေ့တန်းမှ တပ်မဟာများကို အသေးစိတ်အထိ လိုက်လံစီမံခန့်ခွဲနေကြဆဲ ဖြစ်သည်။ ယူကရိန်း၏ ဒရုန်းတပ်ဖွဲ့များသည် ကမ္ဘာ့အဆင့်မီ ဖြစ်နိုင်သော်လည်း တိုက်ခိုက်ရေးတပ်ဖွဲ့များသည် ရှိသင့်သလောက် ဟန်ချက်ညီညီ ပေါင်းစပ်လှုပ်ရှားနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ယခုအခါ ဒွန်ဘတ်စ် ဝေဟင်နှင့် ပင်လယ်နက် ထဲတွင် ပျံသန်းလှုပ်ရှားနေသော ဒရုန်းများသည် ပစိဖိတ်သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော နယ်မြေအကွာအဝေးများတွင် ဆင်နွှဲရမည့် စစ်ပွဲမျိုး၌ လိုအပ်လာမည့် ဒရုန်းများနှင့် ယှဉ်လျှင် အရွယ်အစား ပိုမိုသေးငယ်ပြီး၊ ပစ်ခတ်နိုင်သည့် အကွာအဝေးတိုတောင်းကာ ဈေးနှုန်း ပိုမိုချိုသာသော အမျိုးအစားများသာ ဖြစ်ကြသည်။

 

ဒုတိယမြောက် အပြောင်းအလဲမှာ နည်းပညာအသစ်များက ပစ်မှတ်ရှာဖွေ သတ်မှတ်ခြင်းစနစ်ကို လုံးဝပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ ဉာဏ်ရည်တု (AI) စနစ်သုံး ဆော့ဖ်ဝဲလ်များသည် စစ်တပ်များအနေဖြင့် ရန်သူ့ပစ်မှတ်များကို ယခင်က စိတ်ကူးပင်မယဉ်ဖူးခဲ့သော အရှိန်အဟုန်နှင့် ပမာဏမျိုးဖြင့် ရှာဖွေတိုက်ခိုက်နိုင်ရန် အထောက်အကူ ပြုနေသည်။ အမေရိကန်၏ အီရန်အပေါ် လျှပ်တပြက် အကြီးအကျယ် ထိုးစစ်ဆင်မှုသည် ယင်းအခြေအနေကို ကြိုတင်မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ ရန်သူ့ကွပ်ကဲမှုရုံးများ၊ ထောက်ပို့ဂိုဒေါင်များနှင့် လက်နက်ခဲယမ်းများကို ရှာဖွေဖျက်ဆီးရာတွင် မိမိ၏ရန်သူထက် လက်ဦးမှုရယူပြီး ပိုမိုမြန်ဆန်အောင် လုပ်ဆောင်နိုင်သည့် စစ်တပ် သည် သီအိုရီအရဆိုလျှင် ရန်သူကို လှုပ်ရှားမရအောင် တုံ့ဆိုင်းသွားစေပြီး လက်နက်ချခိုင်းနိုင်မည် ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ယင်းသို့လုပ်ဆောင်နိုင်ရန် အလွန်တရာ ခက်ခဲလှပေသည်။

 

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံကို မိမိတို့စိတ်ကြိုက် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြသော်လည်း အီရန်ဘက်ကမူ လက်နက်ချအညံ့ခံမည့် အရိပ်အယောင်မျိုး လုံးဝမပြခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အီရန်သည် ၃၉ ရက်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခတစ်လျှောက်လုံးတွင် ဒရုန်းများနှင့် ဒုံးကျည်များကို မပြတ်တမ်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်၊ ၎င်း၏ နျူကလီးယားအစီအစဉ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကာ ဟော်မုဇ်ရေလက်ကြား ကို ပိတ်ဆို့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ ကမောက်ကမဖြစ်အောင် အကြီးအကျယ် မွှေနှောက်နိုင်ခဲ့သည်။

 

ထရမ့်က အမေရိကန်၏ သာလွန်ကောင်းမွန်သော လက်နက်ဆန်းများဖြင့် အီရန်၏ ပစ်မှတ် မည်မျှကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားနေသော်လည်း၊ အမှန်စင်စစ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဆိုသည်မှာ လိုလားအပ်သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် ကြားခံနည်းလမ်းတစ်ခုသာ ဖြစ်သင့်ပြီး စစ်ဗျူဟာတခုလုံး၏ နေရာတွင် အစားထိုး၍ မရနိုင်ပေ။ 

 

ထရမ့် မျှော်လင့်ထားခဲ့သည့် တိုတောင်းပြီး ပြတ်ပြတ်သား သား အနိုင်ရနိုင်သည့် စစ်ပွဲသည် ချက်ချင်းဆိုသလိုပင် အမေရိကန်၏ တန်ဖိုးကြီးခဲယမ်းမီးကျောက် စတင်ပြတ်လပ်ကုန်ပြီး စစ်သည်အထိအခိုက် အကျဆုံးကို အသာထားဘိဦး စီးပွားရေးအရ ထိခိုက်နစ်နာမှုများအပေါ် အမေရိကန်၏ ခံနိုင်ရည်သည် အကန့်အသတ်သာ ရှိ နေပုံကို ဖော်ထုတ်ပြသရာ ရောက်သွားခဲ့သည်။

 

ယခင်က ဖြစ်ပွားခဲ့သော အမေရိကန်၏ ဗီယက်နမ်စစ်ပွဲနှင့် ဆိုဗီယက်ယူနီယံ၏ အာဖဂန်နစ္စတန်စစ်ပွဲ ကဲ့သို့သော စစ်ပွဲများတွင် ပိုမိုသေးငယ်ပြီး အင်အားနည်းသောဘက်က အနိုင်ရရှိခဲ့ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်မြေပြင် အနေအထားကို အသုံးချကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အင်အားနည်းသောဘက်ကပါ ပစ်မှတ် ကို တိကျသေချာစွာ ထိန်းကျောင်း ပစ်ခတ် နိုင်သည့်လက်နက်ခဲယမ်း များကိုပါ တပ်ဆင်အသုံးပြုနိုင်နေပြီ ဖြစ်သည်။

 

တတိယမြောက် တိုးတက်ပြောင်းလဲမှုမှာ - စစ်ပွဲဆိုင်ရာ ဥပ ဒေ များသည် တစစနှင့် ပိုမိုဖိအားပေး ချိုးဖောက်ခံနေရခြင်း ဖြစ်သည်။ ပူတင်၏ တပ်ဖွဲ့များသည် ယူကရိန်း အရပ်သားပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ ခွဲခြားမှုမရှိဘဲ ရမ်းသန်းဗုံးကြဲခြင်းနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ဟားမတ်စ်အဖွဲ့သည်လည်း အစ္စရေးအမျိုးသမီးများနှင့် ကလေးသူငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ဂုဏ်ယူဝင့်ကြွားခဲ့ကြသည်။

 

အတိတ်က စစ်ပွဲများသည်လည်း ယခုကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်ခဲ့ကြသည်မှာ မှန်သော်လည်း ထူးခြားဆန်းသစ်သည့် အချက်မှာ ယခုအခါတွင် အာဏာရှင်များ၊ အကြမ်းဖက်သမားများနှင့် သူပုန်များသာမက အနောက်ဒီမိုကရေစီနိုင်ငံအချို့မှ ခေါင်းဆောင်များသည်လည်း ထိုသို့ပင် ပြုလုပ်နေကြသည်။

 

အစ္စရေးသည် ဂါဇာရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အစုအဖွဲ့လိုက် အပြစ်ပေး ဒဏ်ခတ် မှု ကို ကျူးလွန်ခဲ့သည်။ အမေရိကန်၏ စစ်ဘက်ဆိုင်ရာဝန်ကြီး ကမူ စစ်ဆင်ရေးများအတွင်း "ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်မှု အားနည်းခြင်း" အပေါ် လှောင်ပြောင် သရော်ခဲ့သည်။ 

 

ထရမ့်က အီရန်၏ ယဉ်ကျေးမှုကို အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး စစ်သည်များ အပြည့်ပါလာသည့် သင်္ဘောများကို တော်ပီဒိုဖြင့် ပစ်ခတ်နစ်မြုပ်ရခြင်းမှာ "ပျော်စရာကောင်းသည်" ဟုပင် ပြက်လုံးထုတ်ခဲ့သည်။

 

ဤကဲ့သို့ စံနှုန်းဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းသည် ကိုယ်ကျင့်တရား ပျက်ပြားရုံမျှမက အမြော်အမြင် ကင်းမဲ့ရာလည်း ရောက်သည်။ အကြောင်းမှာ အဝေးပစ်ဒရုန်းများနှင့် ဒုံးကျည်များ ပါဝင်လာမည့် အနာဂတ်စစ်ပွဲများတွင် အနောက်နိုင်ငံများမှ အရပ်သားပြည်သူများသည်လည်း ယခင်က ပုံသေတွက်ပြီး ခံစားခဲ့ရဖူးသော လုံခြုံစိတ်ချရသည့် ဘေးမဲ့ဒေသ မျိုးကို ဆက်လက်ရရှိခံစားနိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။

 

လာမည့်နှစ်များတွင် ပဋိပက္ခသစ်များ မလွဲမသွေ ဆက်လက်ဖြစ်ပွားလာဦးမည် ဖြစ်သည်။ ထရမ့်သည် ၎င်း၏ မဟာမိတ်များအပေါ် အထင်အမြင်သေးကြောင်း ပေါ်ပေါ်ထင်ထင် ပြသခဲ့ခြင်းဖြင့် ကျူးကျော်မည့်သူများကို ဟန့်တားနိုင်သည့် အမေရိကန်၏ ဩဇာအာဏာကို အားနည်းသွားစေခဲ့သည်။ 

 

ထို့ပြင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံရေးခေါင်းဆောင်များသည်လည်း မိမိတို့၏ ထူးချွန်ပြောင်မြောက်လှသော ဦးဆောင်မှုအောက်တွင် နောက်ထပ်ဆင်နွှဲမည့် စစ်ပွဲသည် မြန်ဆန်ပြီး အထိအခိုက် အကျအဆုံး ကင်းမဲ့လိမ့်မည်ဟု ဆက်လက်၍ စိတ်ကူးယဉ်နေကြဦးမည် ဖြစ်သည်။

 

သို့သော်လည်း စစ်ပွဲများသည် ပိုမိုခက်ခဲလာပြီး ကုန်ကျစရိတ် ပိုမိုကြီးမားလာနေကြောင်း၊ အင်အားနည်းသောနိုင်ငံများအနေဖြင့် အင်အားကြီးနိုင်ငံများကို ခုခံတွန်းလှန်ပြီး အထိနာအောင် ပြုလုပ်ရန် ပိုမိုလွယ်ကူလာကြောင်း၊ စစ်ပွဲတစ်ခုကို စတင်ရန်မှာ အဆုံးသတ်ရန်ထက် ပိုမိုလွယ်ကူကြောင်း စသည့်အချက်များကို လက်တွေ့သက်သေများက ဖော်ပြနေသည်။

 

ဤအချက်သည် အီရန်အပေါ် စစ်ပွဲပြန်စရမလား သို့မဟုတ် ကျူးဘားတွင် စစ်ပွဲတပွဲ ဆင်နွှဲရမလားဆိုသည်ကို အသည်းအသန် စဉ်းစားနေသည့် ထရမ့်အတွက်‌၎င်း၊ ယူကရိန်းစစ်မြေပြင်တွင် လူ့အသက်ပေါင်းများစွာနှင့် ငွေကြေးဓနများကို ဆက်လက်မီးရှိို့ဖျက်ဆီးနေသည့် ပူတင်အတွက်၎င်း၊ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရမလားဆိုသည်ကို ဆုံးဖြတ်ရတော့မည့် တရုတ်နိုင်ငံမှ ရှီကျင့်ဖျင်အတွက် ၎င်း အလေးအနက် တွေးဆဆင်ခြင်ရမည့် အချက်ပင် ဖြစ်သည်။ 

 

စစ်ဘက်ဆိုင်ရာနည်းပညာများ ပိုမိုခေတ်မီဆန်းပြားလာသည်နှင့်အမျှ ကိုယ်တိုင် ရွေးချယ် တိုက်ခိုက်ခဲ့ကြသည့် စစ်ပွဲများ သည် ယခင်ကထက်ပင် ပို၍ မိုက်မဲရာကျနေတော့သည်။