မင်းအောင်လှိုင် အဖို့ မျက်နှာ မလှ ဖြစ်ခဲ့ရသည်က ၎င်း၏ ခရီးစဉ် အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့ သော တရုတ်နယ်စပ် အနီး ပေါက်ကွဲမှု ကြီးက နိုင်ငံတကာ သတင်းစာမျက်နှာ များ ကို ဖုံးလွှမ်းသွားခြင်းပင် ဖြစ်သည်။
အိန္ဒိယ ၏ ကြိုဆိုမှု ကလည်း သံတမန်ရေး အရ အဆင့် နိမ့်ချ ထားသည်ကို တွေ့ရသည်။ ထုံးတမ်းစဉ်လာ ဖြစ်သော နှစ်နိုင်ငံ ခေါင်း ဆောင်များ ထွက်၍ ဝန်ကြီးချုပ် မိုဒီ နှင့် အတူ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို လည်း အတိမ်းအစောင်း မခံနိုင် သော အခြေအနေ များ ကြောင့်ဟု ဆိုကာ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။
အလားတူ လုပ်ရိုး လုပ်စဉ် ဖြစ် သော အလည်အပတ် ရောက်ရှိ နေသည့် နိုင်ငံတော် အကြီး အကဲ တဦး အား ညစာ စားပွဲ ဖြင့် တည်ခင်း ဧည့်ခံရန် ရှိသည်ကို လည်း ခရီးစဉ် အတွင်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။
ဒေလီသည် သမ္မတ တု အဖြစ် နာမည်ဆိုး ဖြင့် ကျော်ကြားနေသော မင်းအောင်လှိုင်အား နိုင်ငံရေးအရ အပြည့်အဝ ထောက်ခံအားပေးခြင်းမျိုးအထိ ဖြစ်မသွားရန် သတိကြီးစွာ ထားခဲ့ပြီး တဖက်တွင်လည်း ၎င်းလိုလားနေသည့် နိုင်ငံတကာ အသိအမှတ် ပြုမှု ဆိုသည့် ပုံရိပ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယ ရှိ လေ့လာသူများက ဆိုသည်။
တကယ်တမ်း တွင် ဇွန်လ ၁ ရက် နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အိန္ဒိယနိုင်ငံက ဦးဆောင်ဖွဲ့စည်းထားသော International Big Cat Alliance (IBCA) — အပြည်ပြည်ဆိုင်ရာ ကြောင်မျိုးနွယ်ကြီးများ မဟာမိတ်အဖွဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ထို အဖွဲ့ကြီး၏ အဓိက ရည်ရွယ်ချက်မှာ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော "ကြောင်မျိုးနွယ်ကြီး (Big Cats) ၇ မျိုး" ကို ရေရှည်ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့ ကျင်လည်ကျက်စားရာ ဂေဟစနစ်များကို ထိန်းသိမ်းရန် ဖြစ်သည်။
သို့သော် အာဖရိက တွင် ဖြစ်ပွားနေသော အီဘိုလာ ကူးစက် ရောဂါကြောင့် အစည်းအဝေးကို့ ရွှေ့ဆိုင်းလိုက်ရ၍ "ကြောင်ချီး" သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။
မိုဒီက ၎င်း နှင့် တွေ့ဆုံခဲ့စဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထည့်သွင်း မေးမြန်းခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းသို့ ရောက်ရှိလာရေး လိုအပ်ချက်တို့ကို အစဉ်တစိုက် ပံ့ပိုးကူညီပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီက သီးခြား ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောကြားခဲ့သည်။
မင်း အောင်လှိုင်က မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးအတွက်မျှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ဤသည်က ၎င်းကို ဖိတ်ခေါ်ရသည့် အဓိက အကြောင်းပင် ဖြစ်သည်။
မြန်မာ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် အိန္ဒိယ ၏ လုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် ဒေလီသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် လုပ်ငန်းသဘောအရ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ဟောင်ကောင် ထုတ် South China Morning Post သတင်းစာက ယင်း ခရီးစဉ် နှင့် ပတ်သက်၍ လေ့လာသူများ၏ အမြင်ကို ယခုလို ဖေါ်ပြထားခဲ့သည်။
ယခုအခါတွင်မူ အိန္ဒိယအစိုးရ အနေဖြင့် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ အစိုးရ ခေါင်းဆောင်အဖြစ် ဆက်ဆံနေရပါသည်ဟူသော ဟန်ဆောင်မှုမျိုး လုံးဝမရှိတော့သည့်အပြင်၊ ဤသို့ ဆက်ဆံခြင်းအပေါ် ပြင်ပအမြင် မည်သို့ရှိမည်ဆိုသည်ကိုလည်း ဂရုစိုက်ပုံမရတော့ခြင်းကသာ ယခင်နှင့်မတူဘဲ ကွာခြားသွားသည့် တခုတည်းသော အချက်ဖြစ်သည်ဟု ဆစ်ဒနီ ရှိ Lowy Institute မှ အရှေ့တောင် အာရှ ရေးရာ ဒါရိုက်တာ ဟန်တား မာစတန်က သုံးသပ်ပြောကြားခဲ့သည်။"
အိန္ဒိယသည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ရှိ ဇိုရမ်ပူအီ (Zorinpui) ရွာတို့ကို ဆက်သွယ်မည့် ၁၀၉ ကီလိုမီတာ (၆၈ မိုင်) ရှည်လျားသော ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMT) ကို အကောင်အထည် ဖေါ် နိုင်ရန် လိုလားနေသည်။
ထို့ကြောင့် ဤလမ်းကြောင်းကို တည်ငြိမ်မှုရှိစေရန်အတွက် ချင်းပြည်နယ်အတွင်း စစ်ရေးအရ ပိုမိုအင်အားစိုက်ထုတ်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း မာစတန်က သုံးသပ်သည်။
ဘင်္ဂလားပင်လယ်အော်အတွင်း မိမိတို့၏ ရေကြောင်းစစ်အင်အားကို ပြသရန်နှင့် ၎င်းတို့၏ ရေပိုင်နက် ဝန်းကျင်ဒေသများအပေါ် တရုတ်က လွှမ်းမိုးချုပ်ကိုင်လာမည့် အန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် မြန်မာကို အရေးပါသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ်' ရှုမြင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဤခရီးစဉ် ပေါ်ပေါက်လာသည့် အချိန်အခါမှာ အချိတ်အဆက် ရှိ နေ ကြောင်း၊ အကြောင်းမှာ ယင်းခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ လာရောက်ပြီး မင်းအောင်လှိုင်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည့် ခရီးစဉ်၊ ထို့ပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်၏ ခရီးစဉ်များအပြီး နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အိန္ဒိယဖက်က လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
ဩစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ် မှ နိုင်ငံတကာစီးပွားရေးပညာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါ် ထွေးထွေးသိန်းက ဤခရီးစဉ်ကို '၎င်း၏ ကိုယ်ကျင့်တရားကို ထောက်ခံမှုထက် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှု' ဟု ဖော်ပြခဲ့သည်။
မည်သို့ပင် ဖြစ် စေ အိန္ဒိယနိုင်ငံအနေဖြင့် မင်းအောင်လှိုင်ကို လက်ခံကြိုဆိုခဲ့ခြင်းသည် သိမ်မွေ့နက်နဲသော နိုင်ငံရေးပရိယာယ် မဟုတ်ဘဲ သစ္စာဖောက်မှုတခုသာ ဖြစ်သည်' ဟု သူမက ဆိုသည်။ 'ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် လူအများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားသူတစ်ဦးကို ဧည့်ခံကြိုဆိုရန် ဆန္ဒရှိနေခြင်းသည် နိုင်ငံရေးအရ ရွေးချယ်မှုတစ်ခုမျှသာ မဟုတ်ဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာ ပျက်ယွင်း ခံရမည့် ကိစ္စ လည်း ဖြစ်သည်' ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ တရားဝင်သမ္မတ မဟုတ်' ဟု သူမက ဆိုသည်။ '၎င်းသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချခဲ့သော ရက်စက်ကြမ်းကြုတ်သည့် အာဏာသိမ်းမှုကို ဦးဆောင်ကြံစည်ခဲ့သူ ဖြစ်ပြီး၊ ထိုအချိန်မှစ၍ မိမိ၏ ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် လုပ်ငန်းစဉ်ကို ဦးဆောင်ကွပ်ကဲနေသူ ဖြစ်သည်။
ထို့အပြင် ပါမောက္ခ ထွေးထွေးသိန်းက အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ကဲ့သို့သော ကန့်သတ်ချက် သို့မဟုတ် တွဲဖက်စည်းကမ်းချက်များ ပါဝင်မှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သည်။
အကယ်၍ ထိုသို့သော ကန့်သတ်ချက်များ မပါဝင်ခဲ့ပါက အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ နယ်စပ်တစ်ဖက်ခြမ်းတွင် သေဆုံးနေရဆဲဖြစ်သော ပြည်သူလူထုအတွက် မည်သည့်အရာကိုမျှ ပြန်လည်တောင်းဆိုခြင်း မရှိဘဲ၊ မင်းအောင်လှိုင်ထံသို့ သံတမန်ရေးရာ 'လက်ဆောင်မွန်' တခုကို သက်သက်သာသာ ပေးအပ်လိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူမက ဆက်လက်ပြောကြားခဲ့သည်ဟု ရေးသားထားသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဗြဟ္မနယမ် ဂျိုင်ရှန်ကာထံသို့ ကန့်ကွက် စာ ပေးပို့ခဲ့သည်ဟု သိရသည်။
မည်သို့ပင် ဖြစ်စေ အားတက်လာသော မင်းအောင်လှိုင် နှင့် အဖွဲ့သည် ယခုနှစ် အတွင်း ကုလ သမဂ္ဂ တွင် နေရာ ပြန်ရလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းလာမည့် အရေးကို မဆုပ်မနစ် ဟန့်တားသွားဖို့ အရေးတကြီး လိုအပ်လာ နေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!