ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(33)

by Hla Soewai - Jun 01 2026

၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကားလ်မင်းဂလီး သည် ဂွန်ဇ်ဘာ့ဂ် မြို့၌ ကွယ်လွန်သွားခဲ့သည်။ သူသည် ကွယ်လွန်ချိန်တွင် အသက် ခုနစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သည်။ စီးပွားရေးသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနှစ် တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်၊ ၎င်း၏ ကုမ္ပဏီထုတ် “ဒေါ့ပဲလ်-ထရမ့်ဖ်” (Doppel-Trumpf) အမည်ရှိ မြေဩဇာဖြန့်စက်အသစ် အကြီးအကျယ် အောင်မြင်မှုရရှိခဲ့ခြင်းကြောင့် ကုမ္ပဏီကို ဝန်ထမ်းအင်အား နှစ်ထောင်အထိ နှစ်ဆတိုးချဲ့နိုင်ခဲ့၍ ဖြစ်သည်။

 

ဂျိုးဆက်မင်းဂဲလီ အနေဖြင့် သူ၏ဖခင်အား နောက်ဆုံး ဂါဝရ ပြုရန် ခိုးဝင်လာနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် အနောက်ဂျာမနီ၏ လျှို့ဝှက် ရဲအဖွဲ့ သည် ဈာပန အခမ်းအနားတွင် အရပ်ဝတ်ဖြင့် လျှို့ဝှက်စောင့်ကြည့်လိမ့်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

 

 အမှန်စင်စစ် “သေမင်း၏ တမန်‌ တော်” (Angel of Death) ဟု အမည်ဆိုးဖြင့် ကျော်ကြားသော ဂျိုးဆက်မင်းဂဲလီးသည် လွန်ခဲ့သော နှစ်အနည်းငယ် ၁၉၅၆ ခုနှစ် က မိသားစုနှင့်အတူ နှင်း လျောစီးအပန်းဖြေရန် ဆွစ်ဇာလန်နိုင်ငံသို့ အမှန်တကယ်ပင် သွားရောက်ခဲ့သေးသည်။ ထိုစဉ်က သူ့ကို မည်သူကမျှ တားဆီးခြင်း သို့မဟုတ် စစ်ဆေးမေးမြန်းခြင်း မပြုခဲ့ကြဘဲ တောင်အမေရိကသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအပန်းဖြေခရီးစဉ်သည် ပထမအိမ်ထောင်နှင့်ရခဲ့ပြီး ကွာရှင်းပြတ်စဲခဲ့သည့် သူ၏သားဖြစ်သူ ရော့လ်ဖ် အဖို့ ဖခင်ဖြစ်သူနှင့် လူချင်းတွေ့ဆုံ စကားပြောခွင့်ရခဲ့သည့် အနည်းငယ်သော အခွင့်အရေးများထဲမှ တကြိမ် ဖြစ်ခဲ့လေသည်။

 

သို့သော်လည်း အနောက်ဂျာမနီ ထောက်လှမ်းရေးအေးဂျင့်များသည် ထို ဂွန် ဘာ့ဂ် မြို့က သုသာန်သို့ ရောက်မလာခဲ့ကြပေ။ အကယ်၍သာ ရောက်လာခဲ့ကြလျှင် ဂျိုးဆက်မန်းဂဲလိက နာမည်မဖော်ဘဲ လာပို့ထားသည့်၊ ဖဲကြိုးပေါ်မှာ "ဝေးမြေအရပ်မှ နှုတ်ခွန်းဆက်သခြင်း" လို့ ရေးထိုးထားတဲ့ အကြီးမားဆုံး ပန်းခွေကြီးကို မြင်တွေ့ခဲ့ကြရမည် ဖြစ်သည်။ ထို့အပြင် တာဝန်ရှိသူများအနေဖြင့် ထိုဈာပနပွဲ၌ စိုးရိမ်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခုကိုလည်း သတိပြုမိကောင်း သတိပြုမိနိုင်သည်။

 

ထိုအရာမှာ သုသာန်၏ အစွန်အဖျားတစ်နေရာတွင် နေကာမျက်မှန်တပ်ပြီး မတ်တပ်ရပ်နေသည့် မုတ်ဆိတ်မွေးနှင့် သူစိမ်းတယောက်ပင် ဖြစ်သည်။ ဘာဗေးရီးယား ဒေသ၏ ဆောင်းဦးကနဦးရက်များ ရောက်ရှိနေပြီး နေ့အလင်းရောင်မှာ မှိန်ဖျော့နေချိန်ဖြစ်၍ ယခုလို နေကာမျက်မှန်တပ်ထားခြင်းက ထူးဆန်းလှသည်။ ထိုသူစိမ်းထံ ချဉ်းကပ်ပြီး သူ ဘာကိစ္စရှိလို့လဲ၊ သို့မဟုတ် မိသားစုအတွင်း သီးသန့်ပြုလုပ်သည့် သုသာန်မြေမြှုပ်ပွဲကို သူ ဘာကြောင့် လာရောက်နှောင့်ယှက်ရတာလဲဟု မေးမြန်းရန် မည်သူမျှ စိတ်မကူးခဲ့ကြချေ။

 

သို့သော်ငြားလည်း သူ ရောက်ရှိနေခြင်းမှာ ထိုမြို့ကလေးထဲတွင် လျှို့ဝှက်ချက်အဖြစ် သိပ်မတည်မြဲခဲ့ပေ။ ဒေသခံ ကက်သလစ်အမျိုးသမီးကျောင်းမှ ကျောင်းသူလေးများကမူ ထိုသူသည် ၎င်းတို့ကျောင်းတွင် တပတ်ခန့်မျှ လျှို့ဝှက်တည်းခိုနေထိုင်ခဲ့သည့် လူမှန်း သိရှိထားကြသည်။ ထိုနေ့ညနေမှာပင် မုတ်ဆိတ်မွေးနှင့် သူစိမ်းသည် အရိပ်အယောင်ပင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားခဲ့တော့သည်။

 

နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် "ဂျိုးဆက်မန်းဂဲလာသည် သူ၏ဖခင် ဈာပနပွဲသို့ တက်ရောက်ခဲ့သလား" ဟု ဂွန်ဘာ့ဂ်မြို့ခံများအား မေးမြန်းသည့်အခါတိုင်း သူတို့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမျှမဟဟူသော လျှို့ဝှက်ချက်ကိုသာ ကိုင်စွဲထားကြလိမ့်မည်။ ထို့ထက် ပို၍ မယုံနိုင်စရာကောင်းသည်မှာ ဤမြို့ခံအချို့က "ကမ္ဘာကြီးအနေဖြင့် ရက်စက်ကြမ်းကြုတ်လှသော မန်းဂလိ အပေါ် ဘာကြောင့် ခွင့်လွှတ် မပေးနိုင်ရတာလဲ" ဟု တွေးတောနေကြခြင်းပင် ဖြစ်သည်။

 

**********************

 

ရွန်စထရက်စ် ဘုရားကျောင်းရှိ အမုန်းပွားဖွယ် အမှတ်အသားများကို ရှင်းလင်းဖျက်ဆီးမှု ဖြစ်ပွားခဲ့သည့် ကိုလုံးမြို့ တွင် ဖမ်းဆီးမှုအချို့ ရှိခဲ့သည်။ နာဇီလက် သစ်ပါတီ အပေါ် သစ္စာခံပါသည်ဟု ကျိန်ဆိုထားကြသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးထောင်ချလိုက်သည်။ ၎င်းတို့၏ လုပ်ရပ်နောက်ကွယ်တွင် မမျှော်လင့်ထားသော လှုံ့ဆော်မှုတစ်ခု ရှိနေသည်— ယင်းမှာ ထိုညကို အသေအချာ မှတ်မိနေကြဆဲဖြစ်သော ဒေသခံပြည်သူများက ‘ခရစ္စတယ်လ်နက်ခ်ျ’ (Kristallnacht - ဖန်ကွဲည) ဟူသော စကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်နေကြခြင်းပင် ဖြစ်သည်။

 

ရက်ပိုင်းအတွင်းမှာပင် နယူးယောက်၊ ဗီယင်နာ၊ လန်ဒန်နှင့် တောင်အာဖရိကတို့တွင်ပါ ပုံတူကူးချသည့် ပြစ်မှုများ ပေါ်ပေါက်လာခြင်းက နာဇီအစွန်းရောက်ဝါဒ ပြန်လည်ရှင်သန်လာပြီဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလထဲအထိ တလတိတိ တိုင် အောင် ကမ္ဘာတစ်ဝန်းရှိ ဂျူးတို့၏ အထွတ်အမြတ်နေရာများမှာ စော်ကားဖျက်ဆီးခြင်း ခံခဲ့ရသည်။

 

ဂျေရုဆလင်မြို့တွင်မူ အစ်ဆာဟာရယ် နှင့် မော့ဆက် တို့သည် ဒေါသတကြီး မကျေမချမ်း ဖြစ်နေကြသည်။ "ကမ္ဘာအနှံ့ ဒီလိုမျိုး နာဇီတံဆိပ် (Swastika) တွေ လိုက်ဆွဲတာနဲ့ စော်ကားပုတ်ခတ်တာတွေရဲ့ အတိုင်းအဆဟာ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့တယ်" ဟု ဟာရယ်က နောင်တွင် ရေးသားခဲ့သည်။

 

သို့သော် ဟာရယ်သည် လက်မှိုင်ချ ညည်းတွားနေရုံသက်သက်ဖြင့် အချိန်မဖြုန်းခဲ့ပေ။ နာဇီဝါဒ ပြန်လည်ခေါင်းထောင်လာမှုကို တုံ့ပြန်ရန်အတွက် သူ အစီအစဉ်တစ်ခု ဆွဲနေခဲ့သည်။

 

၎င်းအစီအစဉ်ကို မကြာမီမှာပင် အကောင်အထည်ဖော်တော့မည် ဖြစ်သည်။

****************

 

အခန်း (၉)

 

၁၉၆၀ ပြည့်နှစ်၊ မတ်လ ၃ ရက်

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့

နံနက်ခင်း

 

မော့ဆတ် အဖွဲ့သည် စတင်လှုပ်ရှားနေပြီ ဖြစ်သည်။ အေးဂျင့် ဇဗီ အာဟာရိုနီ သည် သံတမန်နိုင်ငံကူးလက်မှတ်ဖြင့် ခရီးနှင်လာပြီး လွန်ခဲ့သော နှစ်ရက်ကပင် ဗျူနိုအေးရိစ်မြို့ရှိ အီဇီဇာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။ အာဟာရိုနီသည် သူလျှိုလုပ်ငန်းတွင် ကျွမ်းကျင်ပြီး တကိုယ်တော် လှုပ်ရှားတတ်သူတဦး ဖြစ်သည်။ 

 

သူသည် အစ္စရေးထောက်လှမ်းရေးအေဂျင်စီ၏ တရားဝင်အဖွဲ့ဝင်တဦး မဟုတ်သော်လည်း၊ အစ္စရေး၏ FBI ဟု တင်စားနိုင်သော ရှင်ဘတ် အဖွဲ့ထံမှ ခေတ္တခေါ်ယူအသုံးပြုခြင်း ခံထားရသူ ဖြစ်သည်။ အာဟာရိုနီ၏ အဓိက အားသာချက်မှာ စစ်ဆေးမေးမြန်းခြင်း ပညာရပ်ပင် ဖြစ်၏။ တရားရုံးတွင် ပြစ်ဒဏ်စီရင်ချက် အသေအချာ ရရှိစေရန်အတွက် အဆင့်မြင့် သံသယရှိသူတစ်ဦးကို စစ်ဆေးမေးမြန်းရာ၌ သူ့ထက် ပိုမိုအရည်အချင်းပြည့်ဝသည့်သူ မရှိသလောက်ပင် ဖြစ်တော့သည်။

 

အဟာရိုနီ သည် အီတလီတွင် အတူတူစစ်မှုထမ်းခဲ့ဖူးသည့် စစ်တွင်းက မိတ်ဆွေဟောင်း ဘော်ဘီရိုဒန် ၏ အမည်ကို အသုံးပြုကာ ခရီးသွားလာနေခြင်းဖြစ်သည်။ ဂျာမနီတွင် စတင်ခဲ့သော ဂျူးမုန်းတီးရေး အကြမ်းဖက်မှုများသည် အာဂျင်တီးနားနိုင်ငံဆီသို့လည်း ကူးစက်ပြန့်ပွားလာခဲ့ပြီ ဖြစ်သည်။ 

 

အဟာရိုနီသည် ကမ္ဘာတစ်ဝန်းတွင် ဂျူးဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာမှုကို စုံစမ်းစစ်ဆေးရန် တောင်အမေရိကသို့ လာရောက်ခြင်းဖြစ်သည်ဟု ဆိုကာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးအဖြစ် ဟန်ဆောင်ထားသည်။ သူသည် တိတ်ဆိတ်ငြိမ်သက်သော အရိုယိုလမ်း ပေါ်ရှိ အစ္စရေးသံရုံးကို သူ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုသည်။

 

အမှန်စင်စစ်တွင်မူ အဟာရိုနီသည် အဒေါ့ဖ် အိုက်ခ်မန်း ရှိနေမည့်နေရာကို အပြီးသတ် အတည်ပြုနိုင်ရန် အာဂျင်တီးနားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ထိုနာဇီတရားခံသာ အသက်ထင်ရှားရှိနေပါက မော့ဆက် အနေဖြင့် အိုက်ခ်မန်းကို ပြန်ပေးဆွဲပြီး အစ္စရေးနိုင်ငံထဲသို့ တိတ်တဆိတ် မှောင်ခိုခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ 

 

နှုတ်ဆိတ်နေလိုသူများထံမှ အမှန်တရားကို ဖော်ထုတ်ရာတွင် ကျွမ်းကျင်လှသူဖြစ်သော်လည်း၊ ဇဗီ အဟာရိုနီ ကမူ အိုက်ခ်မန်းကို သတ်ပစ်ပြီး မတော်တဆဖြစ်ရပ်တခုလို ဖန်တီးလိုက်ရခြင်းက ပို၍လွယ်ကူလိမ့်မည်ဟု ယုံကြည်နေသည်။

 

သို့သော်လည်း အိုက်ခ်မန်းကို ဂျေရုဆလင်မြို့ရှိ တရားရုံးတွင် သူ၏စစ်ရာဇဝတ်မှုများအတွက် တရားရင်ဆိုင်စေရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယန် ကိုယ်တိုင်က အမိန့်ချမှတ်ထားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာနေခြင်းကြောင့် ယင်းကဲ့သို့ ဆိုးရွားလှသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာများ နောက်တကြိမ် ထပ်မံမဖြစ်ပွားစေရန်အတွက် နာဇီတို့၏ ရက်စက်ယုတ်မာမှုများကို လူသိရှင်ကြား ချပြရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

 

သို့သော် ပထမဦးစွာ အိုက်ခ်မန်း ဘယ်မှာရှိနေသလဲဆိုသည်ကို အရင်ဆုံး ရှာဖွေရမည်ဖြစ်သည်။ အေးဂျင့် အာဟာရိုနီသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂျေရုဆလင်မြို့မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ သူ့ အပေါ် သံသယ ကင်းရန် အတွက် အာဂျင်တီနား သို့ တိုက်ရိုက် မသွားဘဲ လမ်းခရီးတလျှောက်ရှိ တောင်အမေရိက နိုင်ငံအပြားသို့ ဝင်ရောက်ရပ်နားခဲ့သည်။

 

သူသည် ခရီးဆောင်အိတ်တစ်လုံးနှင့် အဒေါ့ဖ် အိုက်ခ်မန်း၏ SS စစ်မှုထမ်းမှတ်တမ်းဟောင်းဖိုင်၊ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များ ပါရှိသည့် ချိပ်ပိတ်ထားသော သံတမန်စာအိတ်တအိတ်ကိုသာ ရိုးရိုးရှင်းရှင်း သယ်ဆောင်ပြီး ပေါ့ပေါ့ပါးပါး ခရီးနှင်ခဲ့သည်။ အာဟာရိုနီသည် ထိုစာရွက်စာတမ်းများနှင့် ဓာတ်ပုံဟောင်းများကို စိတ်ထဲတွင် အလွတ်ရနေအောင် မှတ်သားထားပြီးသား ဖြစ်သည်။

 

မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် တော့ သူသည် ဗျူနိုအေးရိစ် မြို့သို့ နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။ နေ့တာကုန်လုနီးပြီ ဖြစ်သော်လည်း နွေနှောင်းရာသီ၏ အပူရှိန်က ပြင်းထန်နေဆဲပင်။ အိုက်ခ်မန်း နှင့်ပတ်သက်သည့် လျှို့ဝှက်စာတွဲကို အစ္စရေးသံရုံးရှိ လုံခြုံစိတ်ချရသော သေတ္တာထဲသို့ အပ်နှံပြီးနောက်၊ သူသည် ဟိုတယ်တွင် အခန်းတခန်းယူကာ နားနေလိုက်သည်။

 

အိုက်ခ်မန်း ရှိနေသည့်နေရာကို ယခုအချိန်ထိ တဦးတည်းသော မျက်မြင်သက်သေအဖြစ် အတည်ပြုပေးထားသည့် ဆီလ်ဗီးယား ဟာမန် မှာ ကောလိပ်တက်ရန် အမေရိကသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

 

 သို့သော် ထိုအချက်က အာဟာရိုနီ ကို မဟန့်တားနိုင်ခဲ့။ သူသည် စစ်ဆင်ရေးကို တယောက်တည်း အကောင်အထည်ဖော်ရန်သာ ပိုမိုနှစ်သက်ပြီး၊ လိုသာ ဟာမန် သို့မဟုတ် သူ၏သမီးဖြစ်သူတို့ထံ ဆက်သွယ်ရန်လည်း မည်သည့်အခါ မကြိုးပမ်းခဲ့။

 

ဟိုတယ်တွင် ရှိနေစဉ် အာဟာရိုနီသည် “ကလီမန့်” ဟူသော အမည်ကို လိုက်လံရှာဖွေရန် ဒေသခံ ဖုန်းစာအုပ်များကို အသေအချာ မွှေနှောက်ဖတ်ရှုခဲ့သည်။ အဆိုပါအမည်ဖြင့် မှတ်ပုံတင်ထားသူ နှစ်ဦးကို သူ ရှာဖွေတွေ့ရှိခဲ့သည်။

 

နှစ်ရက်ခန့် ကြာပြီးနောက်တွင်မူ အသစ်ဝယ်ယူထားသော လမ်းညွှန်မြေပုံကို အသုံးပြု၍ အာဟာရိုနီသည် သူငှားရမ်းထားသော ဖီယတ် ကားလေးကို မောင်းနှင်ကာ အိုလီဗို့စ် ရပ်ကွက်ရှိ သစ်ပင်များ အုပ်ဆိုင်း နေသော မြေနီလမ်းများအတိုင်း မောင်းနှင်လာခဲ့သည်။

 

အစပိုင်းတွင် သူသည် ဗီလာအိမ်ကြီးများကို ဖြတ်သန်းလာခဲ့သော်လည်း မကြာမီမှာပင် ထိုအိမ်ကြီးများနေရာတွင် ပျက်စီးယိုယွင်းနေသော တိုက်ခန်းတွဲများ အစားထိုး ဝင်ရောက်လာသည်။ သူသည် အိုက်ခမန်း နေထိုင်သည်ဟု သံသယရှိရသော တိုက်ခန်းတည်ရှိရာ “ချာကာဗူကို လမ်း၊ အမှတ် ၄၂၆၁” ကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။

 

အာဟာရိုနီသည် အသက်လေးဆယ်နီးပါး ရှိနေပြီ ဖြစ်သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖမ်းဆီးရမိထားသော နာဇီများကို စစ်ဆေးမေးမြန်းပေးရင်း နာမည်ကျော်လာခဲ့သူ ဖြစ်သည်။ လူပုံပိန်ပိန်ပါးပါးဖြစ်ပြီး ဇွဲထက်သန်ခြင်း၊ ရိုးသားခြင်းနှင့် အရာရာကို အကျိုး နှင့် အကြောင်းနှင့် တွေးခေါ်တတ်ခြင်းတို့ကြောင့် လူသိများသည်။ 

 

အိုက်ခ်မန်းအပေါ် ထားရှိသည့် သူ၏ ခံစားချက်ကမူ အလွန်ပင် ရှင်းလင်းပြတ်သားလှသည်—ထိုနာဇီသည် သူ၏ ဆွေးမျိုးသားချင်းများနှင့် သူငယ်ချင်းများစွာ သေဆုံးခဲ့ရမှုအတွက် တာဝန်ရှိသူ ဖြစ်ပြီး၊ သူကိုယ်တိုင်လည်း ကံကောင်းထောက်မစွာ ပွတ်ကာသီကာ မလွတ်မြောက်ခဲ့ပါက အိုင်ခ်မန်း လက်ချက်ဖြင့် သေဆုံးခဲ့ရသူများထဲမှ တဦး ဖြစ်နေလောက်ပြီ ဖြစ်သည်။

 

ချာကာဗူကို လမ်းပေါ်ရှိ အဆိုပါ တိုက်ခန်းနှင့် ကိုက်ငါးရာခန့်အကွာတွင် ဖီယတ်ကားလေးကို ရပ်လိုက်ရင်း—ကမ္ဘာက အလိုရှိနေသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သူကြီးကို ရှာဖွေရသည်မှာ ဖုန်းစာအုပ်ထဲတွင် နာမည်နှင့် လိပ်စာကို လိုက်ရှာရုံမျှဖြင့် တကယ်ပဲ ဤမျှလောက်အထိ လွယ်ကူရိုးရှင်းနေနိုင်ပါ့မလားဟု ဇဗီ အာဟာရိုနီ တယောက် ကိုယ့်ဘာသာ တွေးမိပြီး သံသယဝင်နေမိတော့သည်။

 

*******************