ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(12)

by Hla Soewai - Sep 29 2020

အခန်း (၃)

 

စစ်ကြိုခေတ်

 

၁၉၃၀ ကျော် နှစ်များ တွင် ဆိုဗီယက် ပြည်ထောင်စုသည် ပို၍ ခိုင်မာ တောင့်တင်းလာပြီ ဖြစ်၍ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်လာနေသော ကာလများ ဖြစ်သည်။ သို့သော် နိုင်ငံတကာ အခြေအနေများက တနေ့ထက် တနေ့ ဆိုးဝါးလာနေပြီး ကောင်းကင်ပြင်တွင် တိမ်မဲညိုများ ဖုံးလွှမ်းလာနေသကဲ့သို့ စစ်ရိပ်စစ်ငွေ့များ သန်းလာနေသည့် အဖြစ်ကို မည်သူမျှ မရိပ်စားမိပဲ မနေနိုင်ကြတော့ပေ။

 

 

 

နိုင်ငံတနိုင်ငံ ပြီး တနိုင်ငံမှာ ကျူးကျော်သူ ဂျာမဏီ၊ အီတလီ နှင့် ဂျပန်တို့ လက်အောက်သို့ ကျရောက် နေကြသည်။ အဆိုပါ နိုင်ငံများသည် ဒုတိယ ကမ္ဘာစစ်ကြီး ဆီသို့ ဦးတည်ရန် ခြေလှမ်းပြင်နေကြခြင်းလည်း ဖြစ်သည်။ ဥရောပ နှင့် အာရှ တွင် ကြီးနိုင်ငယ်ညှင်း ဖြင့် နယ်မြေများ တစစီ ဖဲ့ယူနေကြသည့် အဖြစ်ကို ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်တို့က ရွှေပြည်အေး ဝါဒ လက်ကိုင်ထားပြီး လေပြေထိုး ဖျောင်းဖျ၍ ကောင်းနေဆဲပင် ဖြစ်သည်။ ထိုမျှသာမကသေး ၎င်းတို့အပေါ် ရန်ပြုလာမည့် အရေးကို ရှောင်လွှဲနိုင်ရန် မြှားဦးကို ဆိုဗီယက်ထံ ဦးလှည့်ပေးဖို့အတွက်လည်း ဂမူးရှူးထိုး ကြိုးပမ်းနေကြပြန်သည်။ ယခုအချိန်ကျမှသာ ထိုစဉ်က ၎င်းတို့၏ ရည်ရွယ်ချက်ကို အားလုံးက နားလည် သဘောပေါက်ခဲ့ကြပေသည်။ ဤကဲ့သို့ မျက်နှာပျက်စရာ စာမျက်နှာ များကို သမိုင်း စာအုပ်မှ မည်သို့ ဆုတ်ဖြဲလုံးချေ ပြစ်၍ ရနိုင်ပေဦးမည်နည်း။

 

 

 

အနောက်နိုင်ငံကြီးများ၏ ထိုစဉ်က ကျင့်သုံးသော မူဝါဒသည် ၁၉၃၈ စက်တင်ဘာလတွင် အထွပ်အထိပ်သို့ ရောက်လာခဲ့ပေသည်။ ဤသည်ကား ဗြိတိန်၊ ပြင်သစ် နှင့် နာဇီ ဂျာမဏီတို့သည် မြူးနစ်တွင် အချင်းချင်း လက်ဝါးရိုက်ကာ သဘောတူညီချက် တခုကို ချုပ်ဆိုလိုက်ကြခြင်းပင် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ ထင်သလို ဟစ်တလာသည် ၎င်းတို့ကိုလည်း ချမ်းသာမပေးပဲ တနှစ်ပင် မပြည့်သေးမီမှာပင် စစ်မီးတောက် မီးလျှံများကို ဥရောပ ကုန်းမြေကြီး တခုလုံး ထိန်ထိန်ညီးအောင် ထွန်းညှိလာသည့်အခါကျမှသာ ကျောချမှ ဓါးပြမှန်း သိလာခဲ့ကြပေတော့သည်။

 

 

 

ဆိုဗီယက် ယူနီယံ အဖို့က ၁၉၃၀ ကျော် နှစ်များ အတွင်း ဥရောပ ကုန်းမြေကြီး၏ လုံခြုံရေးကို စုပေါင်း ကာကွယ်ရေး အတွက် စနစ် တခု ဖန်တီးနိုင်ရန် မဆုတ်မနစ် အားထုတ်နေခဲ့သည်။ မိမိတို့တွင် ရှိသော ဩဇာသက်ရောက်နိုင်မှု ကို အစွမ်းကုန် အသုံးချကာ ကျူးကျော်သူများအား ဟန့်တားပြီး စစ်ဘေးကြီးကို ရှောင်နိုင်ရန် လည်း ကြိုးပမ်းခဲ့သည်။ ထိုသို့ ပြုလုပ်နိုင်ရဖို့က ဆိုဗီယက်တို့အဖို့ မိမိရှိ သံခင်းတမန်ခင်း ကို အပြည့်အဝ အသုံးချရန်လိုအပ်လာသည်။

 

 

 

ဆိုဗီယက် အဖို့ သူတဦးတည်း ကြိုးပမ်းခဲ့ရမှုများမှာ အရာမထင်ခဲ့၊ ဗြိတိန် နှင့် ပြင်သစ်တို့က ဆိုဗီယက်၏ အဆိုပြုချက်များကို ပြောင်ပြောင်တင်းတင်းပင် ပယ်ချလိုက်ကြသည်။ ဤသို့ဖြင့် ဥရောပ နိုင်ငံများ အားလုံးသည် စစ်ပွဲကြီး၏ တံခါးဝ သို့ စုပြုံရောက်ရှိလာကြပြီ ဖြစ်သည်။ ထိုသို့သော အနေအထားများကို မြင်တွေ့လာခဲ့ရသော ဆိုဗီယက်သည် စစ်ပွဲကြီးကို မကာကွယ်နိုင်တော့ လျှင်ပင် အချိန်ရနိုင်သလောက် ရအောင် ဆွဲပြီး ရန်သူကို တိုက်ခိုက်ဖို့ ပြင်ဆင်လာရပေတော့သည်။

 

 

 

ကျွနုပ်သည်လည်း မိမိကို ပေးအပ်လာသည့် တာဝန်ကို မဖြစ်မနေ ယူလာခဲ့ရသည်။ ထိုစဉ်က မိမိ အနေအထားကို ပြန်လည် သုံးသပ်ကြည့်သည်အခါ မိမိလုပ်ရပ်များသည် မှန်ကန်ခဲ့ပုံရှိပေသည်။ ကျွနုပ်သည် “ဗိုရိုရှီလော့ လက်ဖြောင့် သေနတ်သမား” ဆုကို လိုချင်၍ ပြိုင်ပွဲဝင်ခဲ့သည့်အခါ ထိုဆုကို ရရှိခဲ့သည်။ အလားတူ “လုပ်အား နှင့် ကာကွယ်ရေး ပြင်ဆင်နိုင်မှု” ဆုတံဆိပ်ကိုလည်း ပိုင်ဆိုင်ခဲ့ပြန်သည်။

 

 

 

ကျွနုပ်သည် လူငယ်ဘဝကပင် လီနင် အကြောင်းကို ဖတ်ရန် စိတ်အားထက်သန်ခဲ့ဖူးသည်။ သူ၏ နက်နဲသိမ်မွေ့လှသော အတွေးအမြင်များကို သဘောအကျကြီး ကျခဲ့သည်။ သို့သော်လည်း အကုန်အစင်တော့ သိခဲ့သည် မဟုတ်၊ ကျွနုပ် နားမလည်နိုင်သော စကားလုံး များ၊ အယူအဆ များ များစွာ ကျန်ရှိနေပေသေးသည်။ ထို့အတွက် ကျွနုပ် တလုံးမကျန် နားမလည်မချင်း အထပ်ထပ် ပြန်ဖတ်မည်ဟု သံဓိဠာန် ချလိုက်သည်။ မရှင်းတာ ရှိနေခဲ့လျှင် သိသူများကို မေးမြန်းမည်၊ နောက်ဆုံး တလုံးမကျန် နားလည် လာသည်အထိ ထိုအတိုင်းပဲ ဆက်လုပ်ခဲ့သည်။ ဤသည်က လီနင်နှင့် ပတ်သက်၍ ကျွနုပ် ဘဝတလျှောက်လုံး ထို အဓိဠာန်အတိုင်း ကျင့်သုံးခဲ့ပေသည်။

 

 

 

ကျွနုပ်သည် စာတွေ့မှရသော အသိလိမ္မာတရား ဖြင့် သိမြင်သမျှ အရာရာတိုင်းကို ရှင်းလင်းစွာ နားလည်ခဲ့သည်ဟု ပြောလျှင် ပလွှားရာ ကျပေမည်။ မိမိကိုယ် မိမိ အမြဲလို တိုးတက်အောင် ကြံဆောင်ဖို့ လိုအပ်သည် ဆိုသည်ကိုလည်း သတိမလွတ် ကျင့်ကြံနေခဲ့သည်။ အသေအချာ ပြောရဲသည် တခုက ကျွနုပ် လူငယ်ဘဝက ဖတ်ထား သိထားခဲ့သမျှသည် နောက်ပိုင်းတွင် လူ့ဘောင် အဖွဲ့အစည်းအကြီး အတွက် အသုံးတည့်စရာ ခိုင်မာသည့် အုတ်မြစ်ကြီး ဖြစ်လာခဲ့ရသည် ဆိုခြင်းပင် ဖြစ်သည်။

 

                                                ************************

၁၉၃၉ ခုနှစ် နွေဦးတွင် မော်စကိုရှိ နိုင်ငံခြားရေး ရုံးတွင် စတင် အမှုထမ်းခဲ့သည်။ ကျွနုပ်၏ တာဝန်ကား အမေရိကန် ရေးရာ ဌာနကို အကြီးအကဲ အဖြစ် တာဝန်ယူရမည် ဆိုလာ၍ ရင်တထိတ်ထိတ် ဖြင့် စတင်ခဲ့ရသည် အဖြစ်ကိုတော့ ဝန်ခံရမည်သာ ဖြစ်သည်။

 

 

 

ကျွနုပ်သည် အမေရိကန် သံရုံး သို့ သွားရောက် တွေ့ဆုံခဲ့ရသလို ၎င်းတို့ စေလွှတ်လိုက်သော သံတမန်များကိုလည်း နီးနီးကပ်ကပ် လေ့လာခဲ့ရသည်။ ထိုအချိန်က ဆိုဗီယက်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးသည် လောရင့်စ် စတိန်းဟတ် ဆိုသူ ဖြစ်သည်။ သူသည် ဆိုဗီဘက်သို့ သံအမတ် အဖြစ် ရောက်လာခဲ့သော်ငြားလည်း ဆိုဗီယက်-အမေရိကန် ဆက်ဆံရေး တိုးတက်လာအောင် မယ်မယ်ရရ လုပ်ခဲ့သည်ကို မတွေ့ရသဖြင့် သူ့လို လူအား သမ္မတ ရု့စ်ဘဲလ်က အဘယ်အတွက်ကြောင့်များ ရွေးချယ်စေလွှတ်ခဲ့ပေသနည်းဟု မတွေးမိပဲ မနေနိုင်အောင် ဖြစ်လာခဲ့ရသည်။ နှစ်ဖက်စလုံး အတွက် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ သူသည် မော်စကိုတွင် ကြာကြာနေမသွားခဲ့ပေ။

 

 

 

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စတင်ထူထောင်လာခဲ့သည့် ၁၉၃၃ ခုနှစ် နှင့် စတိန်းဟတ် အကြားတွင် သံအမတ်ကြီး နှစ်ဦး ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ပထမဆုံး သံအမတ်အဖြစ် ၁၉၃၃ မှ ၁၉၃၆ အတွင်း ဝီလျံ ဘူးလစ်က ထမ်းဆောင်ခဲ့သည်။ ဝီလျံ ဘူးလစ်သည် မော်စကို နှင့် စိမ်းသူ မဟုတ်ပေ။ တပ်နီတော်သည် အပြည့်အဝ ရုပ်လုံး ပေါ်လာနေချိန် ဖြစ်သည့် ၁၉၁၉ ခုနှစ်တွင် သမ္မတ ဝီလ်ဆင်၏ တာဝန်ပေးချက်အရ မော်စကို သို့ ရောက်လာခဲ့ဖူးသူ ဖြစ်သည်။ ၎င်း၏ တာဝန်ကား ရုရှားနိုင်ငံ အတွင်း စစ်ရေး လှုပ်ရှားမှု များ အဆုံးသတ်ရေး အတွက် ဆွေးနွေးညှိနှိုင်းရန်ပင် ဖြစ်သည်။

 

 

 

လီနင်က သူ့အား လက်ခံတွေ့ဆုံခဲ့သော်လည်း သူတင်ပြလာသည့် အဆိုပြုချက်များကို မလွှဲသာ မရှောင်သာပဲ အကုန် ပယ်ချခဲ့ရသည်။ သူ၏ အဆိုပြုချက်များသည် ရုရှားတွင် အရင်းရှင် စနစ်ကို ပြန်လည် ထူထောင်ရန် ဦးတည်လာနေသောကြောင့် ဖြစ်သည်။ ထိုသို့ ဆိုဗီယက်တို့နှင့် ပွဲဦးထွက် အတွေ့အကြုံရှိထားပြီး ဖြစ်သော ဘူးလစ်အား ပထမဆုံး သံအမတ်ကြီးအဖြစ် ရု့စ်ဘဲလ်က ရွေးချယ် စေလွှတ်ခဲ့ခြင်းမှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။

 

 

 

သို့သော် သံအမတ်ကြီး အဖြစ် ရောက်ရှိလာသူ ဘူးလစ်သည် ဆိုဗီယက် အပေါ် မိတ်ဆွေ မပီသသည့် လုပ်ရပ်များကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သူ ဖြစ်နေသည်။ ၎င်းက ဆိုဗီယက်သည် အင်အားချည့်နဲ့နေပြီဆိုသည်များ နှင့် မော်စကိုတွင် မြင်တွေ့ ကြားသိခဲ့ရသည်မှန်သမျှ ကိုလည်း ကိုယ်လိုရာ ဆွဲ အဓိပ္ပါယ်ဖွင့်ကာ ဝါရှင်တန် သို့ အခွင့်အရေး ရတိုင်း နားသွင်းနေခဲ့သည်။ ၎င်းအား မော်စကိုမှ ပြင်သစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက်တွင်ပင် ဆိုဗီယက် အပေါ် အရင်အတိုင်း ကျင့်သုံးနေခဲ့သည်။

 

 

 

ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ရု့စ်ဘဲလ်သည် ၎င်း၏ မဟာမိတ် ဖြစ်လာသော ဆိုဗီယက်အား အကောင်းဖက်က ရှုမြင်ရန် ပြောဆိုလာနေချိန် ဖြစ်သည့် ၁၉၄၄ တွင် ဘူးလစ်သည် လိုက်ဖ် ဂျာနယ်ကြီးတွင် “ရောမ က လှမ်းမြင်ရသည့် ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် ဆိုဗီယက် ဆန့်ကျင်ရေး ဆောင်းပါးတပုဒ် ရေးသားခဲ့သဖြင့် အမေရိကန်ရှိ တိုးတက်သော အမြင်ရှိသည့် အင်အားစုများမှာ ဒေါသ အမျက်ချောင်း ထွက်ခဲ့ကြရဖူးသည်။

 

 

 

သူ့နေရာကို ဆက်ခံလာသူက ဂျိုးဇက် ဒေးဗီး ဆိုသူ ဖြစ်သည်။ သူသည် သံအမတ်ကြီး အဖြစ် ၁၉၃၇ ဇန်နဝါရီ မှ ၁၉၃၈ ဇွန်လ အထိ တာဝန်ထမ်းဆောင်သွားခဲ့စဉ်အတွင်း အပြုသဘော ဆောင်သည့် သဘောထားများ ပြသခဲ့သူ ဖြစ်သည်။ ဘူးလစ်နှင့် တခြားစီဟု ဆိုရ လောက်အောင် သူသည် ယူအက်စ်အက်စ်အာ နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းရန် အမေရိကန် အစိုးရကို တိုက်တွန်းခဲ့သူ ဖြစ်သည်။ အထူးသဖြင့် ကုန်သွယ်ရေး ဖက်တွင် ဖြစ်သည်။ သူသည် ဒီမိုကရက် ပါတီ တွင် ထင်ရှားကျော်ကြားသူ တဦး ဖြစ်ပြီး သူ၏ ဇနီး ဖြစ်သူ မာဂျိုရီ ပို့စ်သည်လည်း သူ့လိုပင် ကျော်ကြားသူတဦးလည်း ဖြစ်သည်။ (သူမသည် ထင်ရှားသော စားသောက်ကုန် လုပ်ငန်း ပိုင်ရှင် အမျိုးသမီး တဦး ဖြစ်ပြီး ယခု ဒေါ်နယ် ထရန့် ပိုင်ဆိုင်နေသည့် ဖလော်ရီဒါ ရှိ Mar-a-lago စံအိမ်ကြီး၏ မူလပိုင်ရှင်လည်း ဖြစ်သည်)

 

 

 

၎င်း သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အတွင်း အမေရိကန်တွင် ဆိုဗီယက် ဆန့်ကျင်ရေး ဝါဒဖြန့် မှုများကို အရှိန်အဟုန် နှင့် ပြုလုပ်နေချိန်လည်း ဖြစ်သည်။ သတင်းစာ စာနယ်ဇင်းများ နှင့် နိုင်ငံရေးသမားများက ဆိုဗီယက် စနစ်ကို တိုက်ခိုက်ခဲ့ကြရုံမက ယုံတမ်းစကားများကိုလည်း အုံနှင့် ကျင်းနှင့် ဖြန့်ချီနေကြသည်။ ထိုအထဲတွင် ဆိုဗီယက်ပြည်သူများ အငတ်ဘေးနှင့် ကြုံနေရပြီး နိုင်ငံသည်လည်း ပြိုလဲလုမတတ် ဖြစ်လာနေပြီ ဆိုသည်များလည်း ပါဝင်ခဲ့သည်။