ချေ ၏ ပြောက်ကျားစစ် လက်စွဲ(39)

by Hla Soewai - Jun 01 2026

ပထမဆုံး ပြောက်ကျား တပ်စု၏ မြေအောက်အဖွဲ့အစည်း အတွက် စည်းရုံးခြင်း

(တော်လှန်ရေး ဘက်တော်သားများ ဖတ်ရှုသင့်သည့် သဘောတရားများ ဖြစ်သည်။)

 

ပြောက်ကျားစစ်ပွဲသည် နိယာမ တရားများစွာနှင့်အညီ ဖြစ်ထွန်း တိုးတက်လာခြင်း ဖြစ်သည်။ ထိုနိယာမအချို့မှာ ယေဘုယျစစ်မဟာဗျူဟာ နိယာမများမှ ဆင်းသက်လာကြပြီး၊ အချို့မှာမူ ပြောက်ကျားစစ်၏ ထူးခြားသော ကိုယ်ပိုင်ဝိသေသလက္ခဏာများနှင့် ဆက်နွှယ်နေသည်။ အကယ်၍ တိုက်ပွဲကို ပြည်ပနိုင်ငံတစ်ခုခုမှ ဖြစ်စေ၊ သို့မဟုတ် ပြည်တွင်းရှိ သီးခြားကွာဝေးသော ဒေသများမှဖြစ်စေ စတင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါက၊ မြေအောက်တော်လှန်ရေးလုပ်ငန်းစဉ်ကို လူထု လှုပ်ရှားမှုများနှင့် သီးခြားခွဲထုတ်၍ အသိပညာပေး ပျိုးထောင်ထားသော ကနဦး အမာခံအင်အားစုငယ်လေးတခုဖြင့်သာ စတင်ရမည်မှာ ထင်ရှားလှပေသည်။

 

အကယ်၍ ပြောက်ကျားလှုပ်ရှားမှုသည် တစ်စုံတခု သော ဖိနှိပ်ချုပ်ချယ်မှုအပေါ် လူပုဂ္ဂိုလ် တစု၏ တုံ့ပြန်မှုကြောင့် အလိုအလျောက် ပေါ်ပေါက်လာခြင်းမျိုး ဖြစ်ပါက၊ မိမိကိုယ်ကိုယ် အမှုန့်ခြေ ဖျက်ဆီးခံရမည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် ဤပြောက်ကျားအမာခံအင်အားစုကို စနစ်တကျ ဖွဲ့စည်းလိုက်ရုံဖြင့် လုံလောက်နိုင်သည်။ 

 

သို့သော်လည်း ယေဘုယျအားဖြင့်မူ ပြောက်ကျားစစ်ဆိုသည်မှာ သေချာစွာ စဉ်းစားတွေးခေါ်ထားသော ယုံကြည်ချက် ခိုင်မာသည့် လုပ်ရပ်မျိုးမှ စတင်လေ့ရှိသည်။ ယင်းမှာ သြဇာအာဏာရှိသော ခေါင်းဆောင်တစ်ဦးက ပြည်သူလူထုကို ကယ်တင်ရန်အတွက် ပုန်ကန်ထမြောက်မှုကို စတင်ခြင်း ဖြစ်ပြီး၊ ဤလုပ်ငန်းစဉ်ကို ပြည်ပနိုင်ငံတခု၏ ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် စတင်အကောင်အထည်ဖော်လေ့ ရှိကြသည်။

 

ယခင် ခေတ်ကာလများက အာဏာရှင်များကို ဆန့်ကျင်ခဲ့ကြသည့် လူထုလှုပ်ရှားမှု အားလုံးနီးပါးသည် လုံလောက်သော ကြိုတင်ပြင်ဆင်မှု မရှိခြင်းဟူသော တူညီသည့် အခြေခံအားနည်းချက်များ ရှိခဲ့ကြရသည်။ လျှို့ဝှက်ချက်ကို အထူးထိန်းသိမ်းခြင်းနှင့် သတိကြီးစွာ ထားရှိခြင်း ဆိုသည့် လျှို့ဝှက်မြေအောက်တော်လှန်ရေး စည်းမျဉ်းများကို ယေဘုယျအားဖြင့် လိုက်နာခြင်း မရှိခဲ့ကြပေ။

 

ထိုနိုင်ငံများရှိ အစိုးရအာဏာပိုင်များသည် တော်လှန်ရေး အုပ်စုများ၏ ရည်ရွယ်ချက်များကို ၎င်းတို့၏ ထောက်လှမ်းရေးအဖွဲ့များမှတဆင့် ဖြစ်စေ၊ မဆင်မခြင် ပေါက်ကြားသွားမှုများမှတဆင့် ဖြစ်စေ ကြိုတင်၍ သိရှိသွားလေ့ရှိကြသည်။ အချို့သော ဖြစ်ရပ်များတွင်မူ ကျွန်ုပ်တို့ကဲ့သို့ ပွင့်ပွင့်လင်းလင်း အတိအလင်း ကြေညာခဲ့ခြင်းကြောင့်လည်း သိရှိသွားတတ်ကြသည်။ ဥပမာအားဖြင့် - "၁၉၅၆ ခုနှစ်မှာ ငါတို့ လွတ်မြောက်ရင် လွတ်မြောက်၊ မဟုတ်ရင် အာဇာနည်အဖြစ် အသေခံမယ်" ဟူသော ဖီဒယ် ကက်စထရို၏ ကျူးဘားသို့ ကျူးကျော်ဝင်ရောက်မည့်အစီအစဉ်ကို ကြေညာခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်သည်။

 

ရန်သူထံ သတင်းအချက်အလက် လုံးဝမပေါက်ကြားစေရေးနှင့် အကြွင်းမဲ့ လျှို့ဝှက်ထားနိုင်ရေးသည် တော်လှန်ရေးလှုပ်ရှားမှုတခု၏ ပထမဦးဆုံးနှင့် အဓိကအကျဆုံး အခြေခံအုတ်မြစ် ဖြစ်ရမည်။ ဒုတိယအချက် (၎င်းသည်လည်း အလွန်အရေးကြီးပါသည်) မှာ လူသားအရင်းအမြစ်ကို စိစစ်ရွေးချယ်ခြင်း ဖြစ်သည်။

 

အချို့သောအချိန်များတွင် ဤသို့ရွေးချယ်မှုကို လွယ်ကူစွာ ပြုလုပ်နိုင်သော်လည်း၊ အချို့အချိန်များတွင်မူ အလွန်ခက်ခဲလှပေလိမ့်မည်။ အကြောင်းမှာ မိမိတို့လက်လှမ်းမီသမျှ အင်အားစုများအပေါ်တွင်သာ မှီခို အားထားရခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့မှာ ရေရှည် ပြည်ပထွက်ပြေးတိမ်းရှောင်နေရသူများ သို့မဟုတ် မိမိတို့နိုင်ငံကို လွတ်မြောက်အောင် တိုက်ပွဲဝင်ရန်မှာ မိမိတို့တာဝန်ဖြစ်သည်ဟု ခံယူကာ လိုအပ်လာချိန်တွင် ကိုယ့်သဘောဆန္ဒအလျောက် ပါဝင်လာကြသူများ စသည်ဖြင့် ဖြစ်ကြသည်။

 

ထိုသူများ၏ နောက်ကြောင်းကို စေ့စေ့စပ်စပ် စိစစ်ရန်အတွက် လုံလောက်သော အခြေအနေနှင့် အခွင့်အလမ်းများ ရှိမနေသည်လည်း ဖြစ်နိုင်သည်။ သို့သော်ငြားလည်း၊ ရန်သူ့အုပ်စိုးသူအစိုးရ၏ သူလျှိုများက လှုပ်ရှားမှုအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခြေ ရှိသည်ဆိုစေဦးတော့၊ ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် သတင်းအချက်အလက်များကို ပြန်လည်ပေးပို့ခွင့် ရသွားခြင်းမျိုးကိုမူ လုံးဝ (လုံးဝ) ခွင့်မလွှတ်နိုင်ပေ။ 

 

အရေးယူဆောင်ရွက်မှု (စစ်ဆင်ရေး) မပြုလုပ်မီ ကာလအပိုင်းအခြားအတွင်း၌ ပါဝင်သူအားလုံးကို လူတဦးစ နှစ်ဦးစမျှသာ သိရှိသော လျှို့ဝှက်နေရာများတွင် စုစည်းထားရမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့အရာရှိများ၏ တင်းကျပ်သော စောင့်ကြည့်ကွပ်ကဲမှုအောက်တွင် ရှိနေရမည် ဖြစ်သလို အပြင် လောက နှင့်လည်း မည်သည့် နည်းနှင့်မျှ အဆက်အသွယ် မရှိစေရ။

 

စစ်ဆင်ရေးအတွက် စတင်ထွက်ခွာရန် ပြင်ဆင်ခြင်း၊ အကြိုသင်တန်းများ ပေးရန်အတွက် ဖြစ်စေ၊ သို့မဟုတ် စစ်တပ်၏ရန်မှ ကိုယ်ယောင် ဖျောက်ရန်အတွက် ဖြစ်စေ လူအင်အား စုစည်းမှုများ ပြုလုပ်သည့်အခါတိုင်း — စိတ်ချရမှု ရှိမရှိ အသေအချာ မသိရသေးသော အဖွဲ့ဝင်သစ်များအားလုံးကို အရေးကြီးသော ဗဟိုချက်မနေရာများနှင့် ဝေးဝေးတွင် အမြဲတမ်း သီးသန့်ခွဲထားရန် လိုအပ်သည်။

 

လျှို့ဝှက်မြေအောက် လှုပ်ရှားမှုများ၏ စည်းကမ်းချက်အရ မည်သူမဆို — လုံးဝကို မည်သူတဦးတစ်ယောက်မျှ — မိမိတို့ တာဝန်အရ မသိမဖြစ် သိရမည့်အရာထက် ပို၍ မသိထားသင့်ပေ။ ထို့ပြင် တစုံတခုကို သိရှိရန် မလိုအပ်သော သူများ၏ ရှေ့မှောက်တွင် မည်သည့် လျှို့ဝှက်ချက်ကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရ။

 

အချို့သော အင်အားစုစည်းမှုများကို ပြုလုပ်ထားချိန်တွင်မူ လူတဦးချင်းစီ၏ အဆက်အသွယ်များကို အလုံးစုံ သိရှိထိန်းချုပ်နိုင်ရန်အတွက် အဝင်အထွက် ပေးစာအားလုံးကိုပင် စစ်ဆေးရန် လိုအပ်သည်။ မည်သူ့ကိုမျှ တဦးတည်း သီးသန့် နေထိုင်ခွင့် မပြုရ၊ သို့မဟုတ် အပြင်သို့ တယောက်တည်း သွားခွင့်မပြုရ။ နောင်တစ်ချိန်တွင် လွတ်မြောက်ရေးတပ်မတော်၏ ရဲဘော်ဖြစ်လာမည့်သူများ၏ ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များ (မည်သည့် အဆက်အသွယ်မျိုးကိုမဆို) လုံးဝမရှိစေရန် နည်းလမ်းမျိုးစုံဖြင့် တားဆီးပိတ်ပင်ထားရမည်ဖြစ်သည်။

 

စစ်ပွဲအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍသည် မည်မျှပင် အပြုသဘောဆောင်သည်ဖြစ်ပါစေ၊ ၎င်းတို့သည် ဖျက်ဆီးတတ်သော အခန်းကဏ္ဍမှလည်း ပါဝင်သွားနိုင်သည်ကို မဖြစ်မနေ အလေးအနက် သတိပြုရမည်ဖြစ်သည်။ မိမိတို့၏ ပုံမှန်လူနေမှုဘဝနှင့် ဝေးကွာပြီး ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုအောက်တွင် နေထိုင်နေရသည့် လူငယ်အမျိုးသားများအတွက် အမျိုးသမီးများ၏ သွေးဆောင်ဖြားယောင်းမှုဒဏ်ကို ခံရတတ်သည့် ဖြစ်ရပ်များ မှာ လူသိများလှသည်။ အာဏာရှင်များသည်လည်း ဤအားနည်းချက်ကို ကောင်းစွာသိရှိကြသဖြင့် သူလျှိုများ စိမ့်ဝင်စေရန်အတွက် ၎င်းကို အသုံးချရန် ကြိုးပမ်းကြလိမ့်မည်။

 

တခါတရံတွင် အဆိုပါအမျိုးသမီးများနှင့် ၎င်းတို့၏ အထက်အရာရှိများအကြား ဆက်ဆံရေးမှာ ရှင်းလင်းလှပြီး လူသိရှင်ကြားပင် ဖြစ်နေတတ်သော်လည်း၊ အခြားတဖက်တွင်မူ ၎င်းတို့အကြား ဆက်သွယ်မှုရှိကြောင်း အသေးအမွှားဆုံး အထောက်အထားကိုပင် သက်သေပြရန် အလွန်ခက်ခဲနေတတ်သည်။ ထို့ကြောင့် လုံခြုံရေးအရ အမျိုးသမီးများနှင့် ပတ်သက်ဆက်နွှယ်မှုကိုပါ ပိတ်ပင်တားမြစ်ထားရန် လိုအပ်ပေသည်။

 

စစ်ပွဲအတွက် ပြင်ဆင်နေရသည့် လျှို့ဝှက်မြေအောက်အခြေအနေမျိုးတွင် တော်လှန်ရေးသမားတစ်ဦးသည် အလိုရမ္မက်ကင်းမဲ့ပြီး လုံးဝခြိုးခြံချွေတာသူ တဦး ဖြစ်ရမည်။ ဤအချက်သည် နောင်တစ်ချိန်တွင် ၎င်းတို့၏ ဩဇာအာဏာအတွက် အခြေခံဖြစ်လာမည့် အရည်အသွေးတခုဖြစ်သော "စည်းကမ်းသေဝပ်မှု" ကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။

 

အကယ်၍ လူတစ်ဦးသည် မိမိအထက်လူကြီးများ၏ အမိန့်ကို ထပ်ခါတလဲလဲ မနာခံဘဲ အမျိုးသမီးများနှင့် ဆက်သွယ်ခြင်း၊ ခွင့်မပြုထားသော သံယောဇဉ် အဆက်အသွယ်များ ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်လာပါက ၎င်းအား အဖွဲ့မှ ချက်ချင်းထုတ်ပယ်ရမည်။ ထိုသို့ ဆက်သွယ်မှုများကြောင့် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့်သာမကဘဲ၊ တော်လှန်ရေးစည်းကမ်းကို ဗြောင်ကျကျချိုးဖောက်ခြင်းကြောင့်ပင် ဖြစ်သည်။

 

မိမိတို့ လှုပ်ရှားမည့် စစ်ဆင်ရေးအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်ပေးထားသည့် အစိုးရတဖွဲ့သည် မိမိတို့အပေါ် ခင်မင်ရင်းနှီးသည်ဖြစ်စေ၊ သို့မဟုတ် လျစ်လျူရှုထား၍ဖြစ်စေ ထိုအစိုးရထံမှ အကြွင်းမဲ့ကူညီစောင့်ရှောက်မှုကို မျှော်လင့် မထားသင့်ပေ။ မိမိတို့၏ လှုပ်ရှားမှုသည် ရန်သူ့နယ်မြေသက်သက် (လုံးဝရန်လိုသောပတ်ဝန်းကျင်) ထဲတွင် ရောက်ရှိလှုပ်ရှားနေရသကဲ့သို့သာ အမြဲတစေ သဘောထားရမည်ဖြစ်သည်။ ယင်းအခြေအနေမှ ကင်းလွတ်သည့် ခြွင်းချက်အနည်းငယ်မျှ ရှိခြင်းသည် ယေဘုယျအားဖြင့် ဤစည်းမျဉ်းကို ပိုမိုခိုင်မာစေရုံသာ ဖြစ်သည်။

 

ကျွန်ုပ်တို့အနေဖြင့် ဤနေရာတွင် လေ့ကျင့်သင်တန်းပေးရမည့် လူဦးရေပမာဏ အတိအကျကို ပုံသေကားချပ် ပြောဆို၍မရနိုင်ပါ။ အလွန်တရာ များပြားလှပြီး အမျိုးမျိုး ကွဲပြားခြားနားသော အခြေအနေများအပေါ်တွင် တည်မှီနေသဖြင့် လက်တွေ့အားဖြင့် တိတိကျကျ သတ်မှတ်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ပြောက်ကျားစစ်ပွဲတစ်ရပ်ကို တင်ဆင်နွှဲနိုင်မည့် 'အနည်းဆုံး' လူဦးရေပမာဏကိုသာ ဆွေးနွေးငြင်းခုံရန် ဖြစ်နိုင်ပါလိမ့်မည်။

 

ကျွန်ုပ်၏ အမြင်အရဆိုလျှင်—တင်းကျပ်လှသော လူရွေးချယ်မှုလုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရသည့်တိုင်အောင်—ရှောင်လွှဲ၍မရသော လူစုခွဲထွက်ပြေးမှုများနှင့် အကန့်အသတ်များကို ထည့်သွင်းစဉ်းစားပြီးနောက်၊ ပြောက်ကျားတပ်ဖွဲ့ဝင် အမာခံအင်အား ၃၀ မှ ၅၀ ခန့် ရှိသင့်ပါသည်။ ဤကဲ့သို့သော ကိန်းဂဏန်းပမာဏသည် မြေယာငတ်မွတ်မှုများ၊ မတရားမှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေခြင်း စသည်တို့ ရှိနေပြီး စစ်ဆင်ရေးအတွက် အခွင့်သာသော နယ်မြေဒေသမျိုးရှိသည့် အမေရိကတိုက်အတွင်းက မည်သည့်နိုင်ငံတွင်မဆို လက်နက်ကိုင်တိုက်ပွဲတစ်ရပ်ကို စတင်ဆင်နွှဲရန် လုံလောက်သော ပမာဏ ဖြစ်ပါသည်။