ကောင်းလိုက်တဲ့ တင်ပြချက်

by Hla Soewai - Jun 01 2026

အလန် ကလမန့်စ် သည် စာရေးဆရာတဦး၊ မြန်မာနိုင်ငံတွင် ရဟန်းအဖြစ် ဝတ်ခဲ့ဖူးသည့် ဗုဒ္ဓဘာသာ ရဟန်းတပါးနှင့် ကိုယ်ကျင့်တရားအသိစိတ်ဓာတ်၊ အကြမ်းမဖက်ရေးဝါဒနှင့် အာဏာရှင်စနစ် တော်လှန်ရေးတို့အပေါ်တွင် အခြေခံ၍ ဘဝတစ်လျှောက်လုံး ဆောင်ရွက်ခဲ့သည့် လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်ပြီး မြန်မာနှင့် ပတ်သက်၍ စာအုပ်ပေါင်း ၁၇ အုပ် ရေးသားခဲ့သူ ဖြစ်သည်။ 

 

ဖေါ်ပြမည့်စာသည် ကုလ အထူး သံတမန် ဂျုလီ ဘစ်ရှော့ထံ DVB မှ တဆင့် အိပ်ဖွင့် ပေးစာဖြစ်သည်။

 

ချစ်ခင်လေးစားအပ်ပါသော မစ်(စ်) ဘစ်ရှော့ပ် ခင်ဗျား

 

နွေးထွေးစွာ နှုတ်ခွန်ဆက်သအပ်ပါသည်။

 

ယခုအခါ ခင်ဗျား အနေနဲ့ စစ်အာဏာရှင်တို့၏ ကြောက်မက်ဖွယ် လုပ်ရပ်များကြောင့် ပျက်စီးကြေမွနေရသော်လည်း၊ နိုင်ငံသား များ၏ ထူးကဲလှသော သတ္တိနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကြောင့် လင်းလက်တောက်ပနေဆဲဖြစ်သည့် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် စတုတ္ထအကြိမ်မြောက် ဝင်ရောက်ရန် နောက်တကြိမ် ထပ်မံပြင်ဆင်နေပြီ ဟု သိရပါသည်။

 

မိမိ၏ မှတ်ဉာဏ်က ခွင့်ပြုသည့် သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ထားရသည့် သံတမန်ရေးရာ ခရီးစဉ်မျိုး အလွန်နည်းပါးလှပါသည်။ 

 

ပုံမှန်အားဖြင့် "အစိုးရ" ဆိုသည်မှာ ပြည်သူကို ကာကွယ်ရမည့် "တရားဝင်အာဏာပိုင်" ဖြစ်ပြီး၊ လူသတ်၊ လုယက်၊ မီးရှို့သူများကို "ရာဇဝတ်ကောင်" ဟု သတ်မှတ်ခဲ့မှု မှ ပြောင်းပြန် ဖြစ်နေသော နိုင်ငံ၊ အကြမ်းဖက်မှုအား အုပ်ချုပ်ရေး ဆိုသည့် စကားဖြင့် ဖုံးကွယ် ထားသည့်အချိန်၊ ဝါဒဖြန့်မှုကို အမှန်တရားအဖြစ် ဟန်ဆောင်နေသည့်အချိန်၊ နှင့် အာဏာရှင်များက သံတမန်ရေးရာနှင့် နိုင်ငံတော်အဆင့် အခမ်းအနားသုံး ဝေါဟာရများကို အသုံးချကာ ကမ္ဘာကြီးအား မိမိကိုယ်ကို ဖုံးကွယ်ပြသနေသည့် ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ရောက်ရှိလာသည့် ခရီးစဉ်မျိုးမှာ ပို၍ပင် ရှားပါးလှပါသည်။

 

မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်သူတဦး၊ လေ့လာဆန်းစစ်သူတဦး သို့မဟုတ် နိုင်ငံရေးအမြင် ဝေဖန်သုံးသပ်သူတဦးအနေဖြင့် မဟုတ်ဘဲ၊ မြန်မာပြည် တွင် နေထိုင်ခဲ့ရသည့် အတွက် မိမိ၏ အတွင်းစိတ် တခုလုံး တော်လှန် ပြောင်းလဲ နိုင်ခဲ့ရသူတစ်ဦးအဖြစ်၊ နှိမ့်ချသောအသိ၊ အရေးတကြီး လိုအပ်နေသောအသိတို့ဖြင့် ကျွန်တော်ကို စကားပြောခွင့်ပြုစေလိုပါသည်။

 

ကျွန်‌ တော် သည် ၁၉၇၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းတွင် ဗုဒ္ဓဘာသာရဟန်းအဖြစ် မြန်မာနိုင်ငံ၌ ပထမဦးဆုံး သာသနာ့ဘောင်ဝင်ခဲ့သည့် အနောက်တိုင်းသားများထဲမှ တဦးဖြစ်သလို၊ အမေရိကန်နိုင်ငံသားများထဲတွင်လည်း အစောဆုံးပုဂ္ဂိုလ်များအနက် တဦးအဖြစ် မြန်မာနိုင်ငံသို့ စတင်ခြေချခဲ့ပါသည်။ ထိုနိုင်ငံတွင် နှစ်အနည်းငယ်မျှသာ နေထိုင်ခဲ့ရသော်လည်း၊ ထိုနှစ်ကာလများသည် ကျွန်ုပ်၏ အတွင်းစိတ်ကမ္ဘာ တည်ဆောက်ပုံ အဆောက်အအုံတခုလုံးကို ထာဝရပြောင်းလဲပစ်ခဲ့ပါသည်။

 

မြန်မာနိုင်ငံသည် ကျွန်‌ တော် အတွက် နိုင်ငံတခုသက်သက် အဖြစ် သဘောထား၍ မရတော့ဘဲ၊ ကျွန်‌ တော် ၏ သွေးသားထဲအထိ စိမ့်ဝင်ပျံ့နှံ့သွားခဲ့ပါပြီ။ မြန်မာနိုင်ငံသည် စိတ်ဝိညာဉ်ဆိုင်ရာ မိခင်မြေ ဖြစ်လာခဲ့သလို၊ အလွန်တရာ နက်နဲသိမ်မွေ့သော ဒဿနအမြင်၊ တရားရှုမှတ်ဆင်ခြင်တတ်သော အသိဉာဏ်ပညာ၊ ဟာသဉာဏ်၊ ကြင်နာယုယမှု၊ သီလကျင့်ဝတ်ဆိုင်ရာ စည်းကမ်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အလှတရားတို့ တင့်တယ်စုံလင်ရာ ယဉ်ကျေးမှုလူ့အဖွဲ့အစည်း တခုလည်း ဖြစ်လာခဲ့ပါသည်။

 

ဆယ်စုနှစ်များစွာ ကြာမြင့်သွားခဲ့သည့် ယခုအချိန်အထိတိုင်အောင်၊ မြန်မာစကားပြောသံတို့၏ စည်းဝါးရိုက်ခတ်မှု၊ အရုဏ်မတက်မီ ဘုန်းတော်ကြီးကျောင်း စင်္ကြံများ၏ တိတ်ဆိတ်ငြိမ်သက်မှု၊ အမှောင်ထုကို ခွင်း၍ ပျံ့လွင့်လာသော ပရိတ်ပဌာန်းရွတ်ဖတ်သံများ၊ နှင့် မိုးသက်မုန်တိုင်းထဲတွင် ဖိနပ်မပါ ခြေဗလာဖြင့် တိတ်ဆိတ်စွာ ကြွချီတော်မူကြသော သံဃာတော်များ၏ သိက္ခာသမာဓိတို့သည် ကျွန် တော် ၏ အာရုံကြောထဲတွင် ထာဝရ ကိန်းအောင်း တည်ရှိနေဆဲဖြစ်ပါသည်။

 

ယခုကြုံတွေ့နေရသော ကပ်ဘေးဆိုးကြီး မကျရောက်မီ အချိန်အတော်ကြာကတည်းကပင်၊ မြန်မာပြည်သူပြည်သားများသည် ကမ္ဘာမြေပေါ်တွင် စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်း အရှိဆုံးနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ သတ္တိ အပြောင်မြောက်ဆုံးသော လူသားများအဖြစ် ကျွန်တော် စတင်သိရှိ နားလည်ခဲ့ပါသည်။

 

နှစ်အတော်ကြာပြီးနောက်၊ ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပထမဦးဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာပြီးနောက်၊ စစ်ထောက်လှမ်းရေးများ၏ စောင့်ကြည့်မှုများ ရှိနေသည့်ကြားမှ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်အတွင်း သူမနှင့်အတူ လပေါင်းများစွာကြာအောင် လျှို့ဝှက်စွာ စကားပြောဆိုခွင့်ရရှိခဲ့သည့် အခွင့်ထူးကို ကျွန်တော် ရရှိခဲ့ပါသည်။

 

ထိုသို့ ဆွေးနွေးပြောဆိုမှုများသည် မျှော်လင့်ချက်ရဲ့ အသံဗလံများ (The Voice of Hope) ဟူသော စာအုပ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ ထိုစာအုပ်ဖြစ်မြောက်ရေးအတွက် သူမနှင့် သူမ၏ ကွယ်လွန်သူခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြပါသည်။

 

ထိုအချိန်မှစ၍၊ ကျွန်‌ တော်၏ ရေရှည်လက်တွဲဖော် လုပ်ဖော်ကိုင်ဖက် ဖာဂတ်စ် ဟာလို နှင့်အတူ — နိုင်ငံရေးအကျဉ်းသားများ၊ ဗုဒ္ဓဘာသာရဟန်းသံဃာများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အနုပညာရှင်များ၊ တော်လှန်ရေးရဲဘော်များ၊ ပြည်ပ ထွက်ပြေးခဲ့ရသူများ၊ ညှင်းပန်းနှိပ်စက်မှုဒဏ်မှ လွတ်မြောက်လာသူများနှင့် သာမန်လူများဆိုက စိတ်ပိုင်းဆိုင်ရာအရ အစအနမကျန် ပျက်စီးသွားစေနိုင်သည့် အခြေအနေဆိုးများအောက်တွင် မိမိတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိကို ထုတ်ဖော်ပြသခဲ့ကြသည့် မြန်မာလူထု၏ ကိုယ်တွေ့သမိုင်းဖြစ်ရပ်များကို စုစည်း၍ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို မှတ်တမ်းတင်ထားသည့် စာအုပ်တွဲများကို ရေးသားထုတ်ဝေခဲ့ပါသည်။

 

 ထိုသို့ပြောရခြင်းမှာ မိမိကိုယ်ကို ဂုဏ် ဖေါ်လို၍ မဟုတ်ဘဲ၊ ရိုးရှင်းပြီး မရှိမဖြစ်လိုအပ်သည့် အမှန်တရားတခုကို အသိပေးချင်ရုံသက်သက်သာ ဖြစ်ပါသည် - ထိုအရာမှာ ကျွန် တော် တို့အတွက် မြန်မာနိုင်ငံသည် စိတ်ကူးယဉ်အယူအဆတခု သက်သက်မဟုတ်ပါ။ အဝေးကနေ ဘေးကင်းလုံခြုံစွာ လေ့လာဆန်းစစ်နေရုံမျှသာဖြစ်သည့် ဘူမိ နိုင်ငံ‌ ရေး ပိုင်း အကျပ်အတည်းတခု၊ မူဝါဒရေးရာ အကြပ်ရိုက်မှုတခု သို့မဟုတ် ဒေသတွင်း မတည်ငြိမ်မှုတခုဟု သဘောမထားနိုင်ပါ။ မြန်မာနိုင်ငံသည် မိသားစု ဖြစ်သည်။ အမှတ်တရ ဖြစ်သည်။ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထောင်သွင်းအကျဉ်းချခြင်းခံရပြီး ပျောက်ကွယ်သွားခဲ့ကြသည့် မိတ်ဆွေသူငယ်ချင်းများ၏ မျက်နှာများ ဖြစ်သည်။

 

မြန်မာနိုင်ငံဆိုသည်မှာ စစ်ကြောရေးစခန်းများမှ ထွက်လာချိန်တွင် စိတ်ပိုင်းဆိုင်ရာအရ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားခဲ့ရသော်လည်း ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင်မူ ဘယ်သောအခါမှ ကျိုးပဲ့မသွားခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ တိတ်ဆိတ်ငြိမ်သက်သော ဂုဏ်သိက္ခာ ဖြစ်သည်။ စစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းမှုများအောက်တွင် မေတ္တာသုတ်တော်ကို ရွတ်ဖတ်ပူဇော်နေကြသည့် သံဃာတော်များ၏ အသံ ဖြစ်သည်။

 

မြန်မာသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် မိမိတို့၏ သားသမီးရုပ်အလောင်းများကို လိုက်လံရှာဖွေ နေရသော မိခင်များ၏ ပူဆွေးသောက ဖြစ်သည်။ ကျွန်‌ တော် တို့ အတွက် မြန်မာနိုင်ငံသည် တချိန်က ရောက်ဖူးခဲ့သည့် နေရာတခုသက်သက် မဟုတ်တော့ဘဲ၊ ကျွန် တော်တို့၏ ကိုယ်ကျင့်တရား အသိစိတ်ဓာတ် တည်ဆောက်ပုံ အဆောက်အအုံ တခုလုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

 

ထိုကဲ့သို့သော ယဉ်ကျေးမှုလူ့အဖွဲ့အစည်းကြီးသည် ယနေ့အချိန်မှာတော့ ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံ‌ နေရ ရှာပါသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတရပ်ကို ဖြုတ်ချခဲ့ရုံသက်သက် မဟုတ်။ ထိုလုပ်ရပ်သည် ပြည်သူတရပ်လုံး၏ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ကူးစိတ်သန်းများကိုပါ အမြစ်ပြတ်ချေမှုန်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ 

 

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ခေါင်းဆောင်များသည် ညတွင်းချင်းပင် ဖမ်းဆီးဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။ အချို့မှာ ကွပ်မျက်ခံခဲ့ရပြီး၊ အချို့မှာမူ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ထောင်ပေါင်းများစွာသော ပြည်သူများသည် ယခုတိုင် အကျဉ်းကျနေဆဲ ဖြစ်သည်။ ရွာလုံးကျွတ် မီးရှို့ပြာချခံခဲ့ရပြီး၊ ကလေးငယ်များသည် ကောင်းကင်ယံမှ ဗုံးကြဲတိုက်ခိုက်မှုများကို ခံခဲ့ရသည်။

 

ဘုန်းတော်ကြီးကျောင်းများ လက်နက်ကြီးဖြင့် အပစ်ခံရသည်။ သတင်းထောက်များ လိုက်လံဖမ်းဆီးခံရသည်။ ဆရာ၊ ဆရာမများ ထောင်သွင်းအကျဉ်းချခံရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးသမားများကို ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒဏ်ရာရရှိသူများကို ဆေးကုသပေးမှုကြောင့် ဆရာဝန်များ အပြစ်ပေးခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသား ၂ သောင်းကျော်သည် လူသားတို့၏ ဂုဏ်သိက္ခာကို စနစ်တကျ တိုက်စားဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ဖန်တီးထားသည့် အကျဉ်းထောင် အခန်းကျဉ်းလေးများထဲတွင် စိတ်ဆင်းရဲကိုယ်ဆင်းရဲ ကြီးစွာ ဖြင့် ဘဝကို ကုန်ဆုံးနေကြရရှာပါသည်။

 

ဤအခြေအနေသည် မည်သည့် နည်းနှင့်မျှ အဓိပ္ပာယ်ပြည့်ဝသော ဒီမိုကရေစီစနစ် သို့မဟုတ် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင်ပင် "အုပ်ချုပ်ရေး" ဟု ခေါ်ဆိုနိုင်သော အရာမျိုး လုံးဝမဟုတ်ပါ။ ၎င်းသည် နိုင်ငံတော်အဆင့် စီမံခန့်ခွဲမှုအသွင် ဖုံးကွယ် ထားသည့် စနစ်တကျ ဖွဲ့စည်းထားသော "စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်အကြမ်းဖက်မှု" သာ ဖြစ်သည် — လူထုကို ထိန်းချုပ်ရန်သက်သက် မဟုတ်ဘဲ၊ ကြောက်ရွံ့မှုသည် ဓမ္မတာတစ်ခုဖြစ်လာသည်အထိ၊ တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် အသက်ရှင် ကျန်ရစ်မှု ဖြစ်လာသည်အထိ၊ နှင့် စိတ်ပိုင်းဆိုင်ရာ ကုန်ခမ်းနွမ်းလျမှုသည် ငြိမ်းချမ်းရေးအသွင် တဖြည်းဖြည်း ပြောင်းလဲဟန်ဆောင်လာသည်အထိ "ပကတိအမှန်တရား" ကိုပါ ပုံပျက်ပန်းပျက်ဖြစ်အောင် ဖန်တီးထားသည့် ချုပ်ကိုင်လွှမ်းမိုးရေး ယန္တရားကြီးတခုသာ ဖြစ်သည်။

 

ခဏမျှ စိတ်ကူးကြည့်ပေးပါ — အကယ်၍ ဩစတေးလျစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအပြီးတွင် ကင်ဘာရာ ရှိ ရွေးကောက်ခံခေါင်းဆောင်တိုင်းကို ဖမ်းဆီးကာ၊ ၎င်းတို့ကို ပွင့်လင်းမြင်သာမှုမရှိဘဲ ထောင်သွင်းအကျဉ်းချပြီး၊ အာဏာသိမ်းမှုကို တွန်းလှန်သည့် အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ကာ၊ သတင်းထောက်များကို နှုတ်ပိတ်ပြီး၊ မိမိကိုယ်ကိုယ် "အစိုးရ" ဟု ခေါ်ဆိုလျက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို တောင်းဆိုလာမည်ဆိုလျှင် မည်သို့ရှိမည်နည်း။

 

မည်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကမျှ ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို တခဏမျှပင် လက်ခံစဉ်းစားပေးမည် မဟုတ်။ သို့သော် တစုံတရာသော အကြောင်းပြချက်များဖြင့် မြန်မာစစ်ဗိုလ်ချုပ်များသည် ကြောက်ရွံ့ထိတ်လန့်စေမှု၊ ညှင်းပန်းနှိပ်စက်မှု၊ စောင့်ကြည့်ထောက်လှမ်းမှု၊ ဖမ်းဆီးဖျောက်ဖျက်မှုနှင့် ကွပ်မျက်မှုတို့ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေကြစဉ်မှာပင်၊ သံတမန်ရေးရာ ဘာသာစကားများဖြင့် တရားဝင်မှုအာဏာကို ဆက်လက်ရှာဖွေရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။

 

ယင်းသည် ခေတ်သစ်အာဏာရှင်စနစ်၏ အန္တရာယ်အရှိဆုံး အသွင်သဏ္ဌာန်များထဲက တခု ဖြစ်သည် - အာဏာရှင်စနစ်၏ အကြမ်းဖက်မှု သက်သက်ကြောင့်တင် မဟုတ်ဘဲ၊ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသည့် ရာဇဝတ်မှုတခုကို အငြင်းပွား နိုင်စရာ အကြောင်းအရာ တခုအဖြစ် (မှန်သလိုလို၊ မှားသလိုလိုဖြင့်) အဆုံးမရှိ ဟန်ဆောင်ငြင်းခုံနေရမည့် အခြေအနေဆိုးတခုထဲသို့ ပကတိအမှန်တရားကို အတင်းအဓမ္မ တွန်းပို့နိုင်စွမ်းရှိ နေခြင်းကြောင့်ပင် ဖြစ်သည်။

 

မစ်(စ်) ဘစ်ရှော့ပ် ခင်ဗျား၊ အခုဆိုရင် ခင်ဗျားဟာ အဲဒီလို ဟန်ပြဇာတ်ခုံထဲကို ဝင်ရောက်နေပြီဖြစ်ပြီး၊ ယခုလို ဝင်ရောက်သွားတဲ့အတွက်ကြောင့်ပဲ အလွန် တရာ ကြီးမားလှတဲ့ ပြယုဂ်ဖြစ်လာ၍ အကျိုးဆက် ကြီးမား သွားနိုင်မည့် ခရီးစဉ် မျိုး ဖြစ်လာသည်။

 

ခင်ဗျားရဲ့ ရပ်တည်ချက် ကို ကျွန် တော် ကိုယ်ချင်းစာမိပါသည်။ သံတမန်ရေးရာ ဆိုသည်မှာ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်နိုင်ခြေကို ထိန်းသိမ်းထားရင်း၊ တဖက်တွင်လည်း ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ညစ်ညမ်းပေကျံနေသော နေရာများကို ဖြတ်သန်းလျှောက်လှမ်းရန် မကြာခဏ လိုအပ်တတ်ပါသည်။ 

 

သို့သော် သံတမန်ရေးရာ အခင်းအကျင်းသည် လုပ်ထုံးလုပ်နည်းအရ ထိတွေ့ဆက်ဆံမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ရိုးရာဓလေ့များထက် ပိုမိုလွန်ကဲ လေးနက်ရမည့် အချိန်အခါမျိုး သမိုင်းက တောင်းဆိုလာမှု များ နှင့်လည်း ကြုံရတတ်ပါသည်။

 

သံတမန်ရေးရာ တွင် မိမိ၏ ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ဝိညာဉ်ကို ပြန်လည်ဆယ်ယူရမည့် အခိုက်အတန့်မျိုး ရှိတတ်ပါသည်။ ယခုအချိန်သည် ထိုကဲ့သို့သော အခိုက်အတန့်မျိုး ဖြစ်သည်ဟု ကျွန်‌ တော် ယုံကြည်ပါသည်။ ဤအကျပ်အတည်း၏ ဗဟိုချက်တွင် — ပြည်သူလူထု မြင်ကွင်းရှေ့မှ သိသာထင်ရှားစွာ ဖျောက်ဖျက်ခြင်းခံထားရမှု ၎င်းကိုယ်တိုင်ကပင် နိုင်ငံတကာ အခင်းအကျင်းအတွက် အပြစ်တင်စွဲချက်တခု ဖြစ်နေရရှာသည့် — အမျိုးသမီးတစ်ဦး ရှိနေပါသည်၊ သူမမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။

 

ကျွန်‌ တော် အနေဖြင့် ဤသို့ပြောရခြင်းမှာ သူမသည် အပြစ်အနာအဆာကင်းစင် စုံလင်သူတစ်ဦး ဖြစ်သောကြောင့် မဟုတ်ပါ။ လေးနက်တည်ကြည်သော သမိုင်းဝင်ပုဂ္ဂိုလ် မည်သူမျှ အပြစ်အနာအဆာကင်းစင်သူ မရှိပါ။ သို့မဟုတ် သူမအား မည်သူမျှ မဝေဖန်ရဟု ဆိုလိုခြင်းကြောင့်လည်း မဟုတ်ပါ။ မည်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမျှ လူပုဂ္ဂိုလ်တစ်ဦး တယောက်ချင်းစီအား ဝေဖန်ဆန်းစစ်မှု သို့မဟုတ် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆန်းစစ် မှုများမှ ကင်းလွတ်ခွင့် ပေးထားမည်ဆိုပါက ရေရှည်ရှင်သန်နိုင်မည် မဟုတ်ပါ။

 

နောင်လာမည့် နှစ်ပေါင်းများစွာအထိတိုင်အောင် သမိုင်းသည် သူမ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးအရ ရွေးချယ်ခဲ့သည့် ကဏ္ဍရပ်များကို ဆက်လက်ငြင်းခုံ ဆွေးနွေးနေကြဦးမည် ဖြစ်သည်။ သို့သော် တချိန်က ကမ္ဘာမြေပေါ်တွင် လူသိအများဆုံးသော နိုင်ငံရေးအကျဉ်းသားများထဲမှ တဦးအဖြစ် ရပ်တည်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးအား နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်အဖြစ် ထိရောက်စွာ ဖျောက်ဖျက်ထားနိုင်ပြီး၊ အခြားတစ်ဖက်တွင်လည်း ဒီမိုကရေစီကမ္ဘာကြီး၏ အစိတ်အပိုင်းအတော်များများက သူမ၏ ကျန်းမာရေးအခြေအနေနှင့် ရောက်ရှိနေသည့် နေရာတို့အပေါ် လွှမ်းမိုးထားသည့် တိတ်ဆိတ်ငြိမ်သက်မှုဒဏ်ကို တဖြည်းဖြည်း ယဉ်ပါးလက်ခံလာကြသည့်အခါ — အလွန်တရာ အန္တရာယ်ကြီးမားသော အခြေအနေဆိုးတစ်ခု ဖြစ်ပေါ်လာစေပါသည်။

 

ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် ဘက်မလိုက်ဘဲ ကြားနေခြင်း မဟုတ်ပါ။

 

တိတ်ဆိတ်ငြိမ်သက်နေခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ ပကတိအမှန်တရားကို သွေဖည်ပျက်ပြားစေပါသည်။

 

ကမ္ဘာကြီးသည် သူမ တကယ်တမ်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိကြပါ။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကိုလည်း မသိရပါ။ သူမ ကျန်းမာရေး ကောင်းမွန်ရဲ့လား၊ လူသူနှင့် အဆက်အသွယ်ဖြတ်၍ အထီးကျန် ဆိတ်သုဉ်းစွာ ထားရှိခြင်း ခံနေရသလား၊ ဆေးကုသခွင့်များ ပိတ်ပင်ခံထားရသလား၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံနေရသလား၊ သို့မဟုတ် ပြည်သူလူထုက ကောင်းစွာ သိရှိလက်ခံနိုင်မည့် အခြေအနေမျိုးဖြင့် အသက်ရှင်လျက် ရှိနေသေးရဲ့လား ဆိုသည်ကို ကျွန် တော် တို့ မသိရပါ။

 

စနစ်တကျ စီမံဖန်တီးထားသည့် အချက်အလက် အပိုင်းအစလေးများသာ ရံဖန်ရံခါ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။ ကောလာဟလများကလည်း အဆုံးမရှိ ပျံ့နှံ့နေသည်။ အာဏာပိုင်များကမူ သီးခြားအတည်မပြုနိုင်သည့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုများကို အကြိမ်ကြိမ် ကိုးကားပြောဆိုနေကြသည်။ သို့သော် သူမ၏ မိသားစုအတွက်ဖြစ်စေ၊ မြန်မာပြည်သူပြည်သားများအတွက်ဖြစ်စေ သို့မဟုတ် ကမ္ဘာကြီး၏ ဒီမိုကရေစီ ကိုယ်ကျင့်တရား အသိစိတ်ဓာတ်အတွက်ဖြစ်စေ လုံလောက်စိတ်ချရသည့် စစ်မှန်သော အသက်ထင်ရှားရှိမှု သက်သေအထောက်အထားမျိုးမူ ယနေ့တိုင် လုံးဝမရှိသေးပါ။

 

သားဖြစ်သူ ကင်မ်အဲရစ် သည် မိခင်ဖြစ်သူ အသက်ထင်ရှား ရှိနေကြောင်းနှင့် ကျန်းမာ ပကတိ ရှိနေကြောင်း သက်သေပြရန် လူသိရှင်ကြား အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်ပါသည်။ ဤတောင်းဆိုချက်သည် အကြောင်းပြချက် မရှိဘဲ လွန်လွန်ကဲကဲ တောင်းဆိုနေခြင်း မဟုတ်ပါ။ ၎င်းသည် လူသားဆန်စွာ အနည်းဆုံး ပေးဆပ်ရမည့် အခြေခံအကျဆုံး အခွင့်အရေးသာ ဖြစ်ပါသည်။

 

မစ်(စ်) ဘစ်ရှော့ပ် ခင်ဗျား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် လူကိုယ်တိုင် တွေ့ဆုံခွင့်ရရန် အပြင်းအထန် တောင်းဆိုတိုက်တွန်းပေးပါရန် ကျွန်‌ တော် အနူးအညွတ် တောင်းပန်အပ်ပါသည် — ဟန်ပြသက်သက် မဟုတ်ဘဲ၊ ကြားလူများမှတစ်ဆင့် မဟုတ်ဘဲ၊ နှင့် ပွင့်လင်းမြင်သာမှုများကို ဆက်လက်ဖုံးကွယ်ထားလိုကြသည့် အာဏာပိုင်များက စနစ်တကျ ပြင်ဆင်ဖန်တီးပေးထားသည့် ပြောကွက်များမှတဆင့် မဟုတ်ဘဲ တိုက်ရိုက်တွေ့ဆုံနိုင်ရန် ဖြစ်ပါသည်။

 

သူမနှင့် မျက်နှာချင်းဆိုင် တိုက်ရိုက်တွေ့ဆုံပါ။ ဖြစ်နိုင်လျှင် သီးသန့်လွတ်လပ်စွာ စကားပြောဆိုပါ။ သူမ၏ လူသားဆန်မှု၊ သူမ၏ အသိတရား၊ သူမ၏ လက်ရှိအခြေအနေနှင့် သူမ၏ နှုတ်ထွက်စကားလုံးများကို ကမ္ဘာကြီးက မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရပါစေ။

 

 အကယ်၍ စစ်အာဏာရှင်အဖွဲ့က တွေ့ဆုံခွင့်ကို ငြင်းပယ်ခဲ့မည်ဆိုလျှင်လည်း ထိုငြင်းပယ်မှု ၎င်းကိုယ်တိုင်ကပင် ကမ္ဘာကြီးက နောက်ဆုံးတွင် အမှန်အတိုင်း သိခွင့်ရသွားမည့် ပကတိအမှန်တရား ဖြစ်ပါစေ။

 

အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင့်အား တွေ့ဆုံခွင့် ငြင်းပယ်ခဲ့မည်ဆိုပါက — ၎င်းသည် စနစ်တကျ လုပ်ကြံဖန်တီးထားသည့် သတင်းစာရှင်းလင်းပွဲပေါင်း တထောင်ထက် ပိုမို ထိရောက်သော အမှန်တရားများကို ထင်ရှားစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ထိုသို့ ငြင်းပယ်ခြင်းဖြင့် ဟန်ပြဖန်တီး မှုများ၏ နောက်ကွယ်ရှိ ကြောက်ရွံ့ထိတ်လန့်မှုများကို ကမ္ဘာ့ရှေ့မှောက်တွင် ၎င်းကိုယ်တိုင် ဖော်ထုတ်ပြသရာ ရောက်ပါလိမ့်မည်။

 

ဆက်လက် တင်ပြသွားပါမည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!