အခန်း (၁၅)
နွေဦးကာလသည် လျင်မြန်စွာပင် ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ဆီးနှင်းများ အရည်ပျော်ကျလာပြီးနောက် စက်ရုံခေါင်းတိုင်များမှ ထွက်သည့် ကျပ်ခိုးအလိမ်းလိမ်းနှင့် ရွှံ့နွံများကိုပါ အတိုင်းသား မြင်တွေ့လာရတော့သည်။ ရွှံ့နွံတွေ၊ ရွှံ့နွံတွေမှသည် တလောကလုံး ရွှံ့နွံတွေချည်းသာ။
ရွာသားများ ဘယ်ကိုပဲကြည့်ကြည့် ရွှံ့နွံတွေကိုသာ မြင်နေရသည်။ နေ့ရက်တိုင်းတွင် ရွှံ့နွံများက ပို၍ပို၍သာ တိုးလို့လာနေသည်။ ရွာတစ်ရွာလုံးသည် ရေမိုးမချိုးရဘဲ စုတ်ပြတ်သတ်နေသော အဝတ်စုတ်များကို ဝတ်ဆင်ထားရသကဲ့သို့ ရှိတော့သည်။
နေ့ဘက်တွင် အိမ်ခေါင်မိုးများပေါ်မှ ရေစက်များက တစက်စက်နှင့် ငြီးငွေ့ဖွယ်ရာ အသံပြုကာ ကျနေတတ်ပြီး၊ အိမ်များ၏ မီးခိုးရောင် နံရံများဆီမှ စိုစွတ်ထိုင်းမှိုင်းကာ ပင်ပန်းနွမ်းနယ်ဖွယ်ရာ အငွေ့အသက်များ လည်း အားကျမခံထွက်ပေါ်နေတတ်သည်။ ညဉ့်ဦးယံသို့ ရောက်လုနီးသော် ဖြူလွှလွှ ရေခဲပန်းဆွဲ များက မှေးမှိန်သော အလင်းအောက်တွင် နေရာအနှံ့ တဖျတ်ဖျတ် တောက်ပလာကြသည်။
ကောင်းကင်ယံတွင် နေမင်းသည် မကြာမကြာ ပေါ်ထွန်းလာတတ်ပြီး၊ စမ်းချောင်းကလေးများသည်လည်း စိမ့်စမ်းအိုင်များဆီသို့ ဦးတည်ကာ တွန့်ဆုတ်တုံ့ဆိုင်းသော အသံကလေးများဖြင့် တိုးတိုးလေး မြည်တမ်းစီးဆင်းလာကြချေပြီ။ မွန်းတည့်ချိန် ရောက်သောအခါတွင်မူ နွေဦး၏ မျှော်လင့်ချက် သီချင်းသံဆန်းသည် ရွာကလေး၏ အထက်ကောင်းကင်တွင် တုန်ရီစွာ၊ တယုတယ ဖြင့် လွင့်ပျံ လွှမ်းမိုးလို့နေတော့သည်။
သူတို့သည် မေဒေး (မေလ ၁ ရက်နေ့) ကို ဆင်နွှဲရန် ပြင်ဆင်နေကြသည်။ စက်ရုံအတွင်း၌ ဤရုံးပိတ်ရက်၏ အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြထားသည့် လက်ကမ်းစာစောင်များ ပေါ်ထွက်လာပြီး နိုင်ငံရေး နှင့် လွတ်ကင်း နေသေးသည့် လူငယ်များပင် ထိုစာစောင်များကို ဖတ်ရှုပြီးနောက် "ဟုတ်တယ်၊ ငါတို့လည်း ပွဲတော်တစ်ခု ဖန်တီးရမယ်!" ဟု ပြောဆိုလာကြသည်။
ဗိုင်ဆိုဗ်ရှ်ချီကော့ဗ်ကမူ မဲ့ပြုံးပြုံးလျက်— "အချိန်တန်ပြီ! ငါတို့ တူ ပုန်းတမ်းကစားနေတာတွေကို ရပ်ရမယ့်အချိန် ရောက်ပြီ!" ဟု အားတက်သရော အော်ဟစ်လိုက်လေသည်။
ဖေဒ်ယာ မာဇင်မှာ စိတ်ဓာတ်များ တက်ကြွရွှင်လန်းနေသည်။ သူသည် အတော်ပင် ပိန်ချုံး သွားခဲ့ပြီး သူ၏ လှုပ်ရှားမှုများမှာ စိတ်လှုပ်ရှား တုန်ရင်ပြီး ကမူးရှူးထိုးနိုင်လှရာ၊ စကားပြောရာတွင်လည်း စိုးရိမ်တုန်လှုပ်မှုများ ပါဝင်နေသဖြင့် လှောင်အိမ်ထဲက ဘီလူးငှက်ငယ်တစ်ကောင်နှင့်ပင် တူနေတော့သည်။
သူသည် အမြဲတမ်းလိုလို ရာကော့ဗ် ဆိုမော့ဗ် နှင့် တွဲနေတတ်သည်။ ဆိုမော့ဗ်မှာမူ အရွယ်နှင့်မမျှအောင် စကားနည်းပြီး တည်ကြည်လေးနက်သူ ဖြစ်၏။ ထောင်ထဲတွင် ပို၍ပင် မျက်နှာနီရဲလာသော ဆာမွိုင်းလော့ဗ် ၊ ဗာသီလီ ဂူဆက်ဗ် ၊ ဆံပင်ကောက်ကောက်နှင့် ဒရာဂူနော့ဗ် နှင့် အခြားသူအချို့ကမူ ဆန္ဒပြပွဲတွင် လက်နက်ကိုင်ဆောင်ပြီး ထွက်ကြရမည်ဟု ငြင်းခုံဆွေးနွေးကြသည်။ သို့သော် ပါဗယ်၊ ရုရှား လေး ၊ ဆိုမော့ဗ်နှင့် ကျန်သူများက တော့ ထိုသို့မလုပ်သင့်ကြောင်း ပြော နေကြသည်။
ရေဂေါရ်သည် မြင်ရသည့် အခါတိုင်း ပင်ပန်းနွမ်းနယ်ကာ၊ ချွေးတလုံးလုံး၊ အသက်ရှူမဝသလို ဖြစ် နေ တတ်သော်လည်း အမြဲလိုလို ပြက်လုံးထုတ်တတ်သည်။
"လောလောဆယ် စနစ်ဟောင်းကို ပြောင်းလဲပစ်ဖို့ လုပ်နေတဲ့ အလုပ်ဟာ ကြီးကျယ်တဲ့ အလုပ်ဗျ၊ ဒါပေမဲ့ ဒီအလုပ် ပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင်ဖို့အတွက် ကျွန်တော့်မှာ ဖိနပ်အသစ်တရံ ဝယ်ဖို့ လိုအပ်နေပြီ!" ဟု သူ၏ စိုစွတ်ပြီး စုတ်ပြဲနေသော ဖိနပ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။
"ကျွန်တော့်ရဲ့ နှင်းစီးဖိနပ် တွေလည်း ပြန်ပြင်လို့ မရတော့လောက်အောင် စုတ်ပြဲနေပြီ၊ နေ့တိုင်း ခြေထောက်တွေ စိုနေတာပဲ။ ကျွန်တော်တို့တွေ စနစ်ဟောင်းကို လူသိရှင်ကြား အတိအလင်း မစွန့်ပယ်နိုင်သေးခင်အထိတော့ ဒီကမ္ဘာမြေကနေ အနီးဆုံးဂြိုဟ်ဆီကိုတောင်မှ စောစောစီးစီး အသက်ပျောက်ပြီး မပြောင်းရွှေ့ချင်သေးဘူးဗျ။ ဒါကြောင့် ရဲဘော် ဆာမွိုင်းလော့ဗ်ရဲ့ လက်နက်ကိုင် ဆန္ဒပြဖို့ တင်ပြချက်ကို ကျွန်တော် လုံးဝ ကန့်ကွက်တယ်။ ကျွန်တော့်အနေနဲ့ အဆိုပြုချက်ကို ပြင်ဆင်ချင်တာက... ကျွန်တော့်ကို ခိုင်ခံ့တဲ့ ဖိနပ်တစုံ အရင် ရအောင် လုပ်ပေးဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖိနပ်တစုံရှိနေတာက ဆိုရှယ်လစ်စနစ် နောက်ဆုံး အောင်ပွဲခံဖို့အတွက် လက်သီးထိုးပွဲတွေ၊ မျက်လုံးညိုမည်းကွဲပြဲတဲ့အထိ ရန်ဖြစ်ပြတာတွေထက် ပိုပြီး အကျိုးပြုလိမ့်မယ်လို့ ကျွန်တော် ပြတ်ပြတ်သားသား ယုံကြည်နေလို့ပဲ!"
သူသည် ထိုသို့သော ပြောင်စပ်စပ်နှင့် ဟန်ကြီးပန်ကြီးနိုင်သော လေသံမျိုးဖြင့်ပင် တိုင်းပြည်အသီးသီးရှိ လူထုသည် သူတို့၏ပင်ပန်းဆင်းရဲလှသော ဘဝ၏ ဝန်ထုပ်ဝန်ပိုးများကို မည်သို့မည်ပုံ လျှော့ချရန် ကြိုးပမ်းခဲ့ကြကြောင်း ပြောပြပြန်သည်။ အမေသည် သူ ပြောသည် များ နားထောင်ရသည်ကို နှစ်သက်ပြီး ထိုအထဲမှ ထူးဆန်းသော အတွေးအမြင်တခုကို စွဲထင်ကျန်ရစ်ခဲ့သည်။
သူမ၏ စိတ်ကူးထဲတွင် လူထုအပေါ် အကောက်ကျစ်ဆုံးသော ရန်သူများ၊ လူထုကို အကြိမ်ကြိမ်နှင့် အယုတ်မာဆုံး လှည့်ဖြားခဲ့ကြသူများကို ဗိုက်ရွှဲရွှဲ၊ မျက်နှာနီနီနှင့် လူကောင်သေးသေး၊ စည်းမရှိကမ်းမရှိ၊ လောဘရမ္မက်ကြီးပြီး ကောက်ကျစ်ရက်စက်တတ်သော သတ္တဝါဆန်းများအဖြစ် ပုံဖော်ကြည့်မိတော့သည်။
ဇာဘုရင် အဆက်ဆက် အုပ်ချုပ်မှုအောက်တွင် ထိုသတ္တဝါများ၏ ဘဝ အခြေမလှ ဖြစ် လာသောအခါ သူတို့သည် သာမန်လူထုကို ဘုရင်အား တော်လှန်ပုန်ကန်ရန် ဆွပေးကြသည်။ ထို့နောက် လူထုက ထကြွသောင်းကျန်းပြီး ဘုရင်ထံမှ အာဏာကို လုယူလိုက်ကြသည့်အခါတွင်မူ ထိုလူကောင်သေးသေးလေးများသည် လှည့်ဖြားမှုများဖြင့် ထိုအာဏာကို လူထုလက်ထဲမှ သိမ်းယူ လိုက်ကြပြီး လူထုကိုမူ သူတို့လာရာ တွင်းများဆီသို့ မောင်းထုတ်ပစ်ကြတော့သည်။ အကယ်၍ လူထုက ကန့်ကွက်ဆန္ဒပြလျှင်မူ သူတို့သည် ထို လူထုကြီး ကို ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ သတ်ဖြတ်ပစ်ကြပြန်သည်။
တကြိမ်တွင် အမေသည် သူပြောပြခဲ့သော ဇာတ်လမ်း များမှ သူမစိတ်ထဲတွင် ပုံဖော်ထားသည့် ဘဝအမြင်ကို ပြောပြရန် သတ္တိမွေးလိုက်သည်။
“ယီဂေါရ် အီဗန်နိုဗစ်ချ်... တကယ်ပဲ အဲဒီလိုလား" ဟု တွေး မိလာသည်များကို ပြောရင်း မေးလိုက်သည်။
သူက တဟားဟား အော်ရယ်တော့သည်။ မျက်လုံးများ ပင့်တက်သွားပြီး၊ အသက်ရှူကြပ်မတတ် ဖြစ်ကာ ရင်ဘတ်ကို ပွတ်သပ်ရင်း ပြောရှာသည်။
“အတိအကျပဲ အဖွား ရေ။ ကွက်တိပဲ။ ဟုတ်တယ်၊ ဟုတ်တယ်။ အဖွားက သမိုင်းရဲ့ ကတ္တီပါကားချပ်ပေါ်မှာ အလှဆင် ပန်းပွင့်လေးတွေ၊ အနုစိတ် ချယ်မှုန်း ထားတာ လေးတွေ နည်းနည်း ထည့်လိုက်တာပေါ့လေ။ ဒါပေမဲ့ အဲဒါက တကယ့်အရှိတရားရဲ့ မှန်ကန်မှုကိုတော့ ထိခိုက်မသွားဘူး။ လူသားမျိုးနွယ်စုတစ်ခုလုံးကို နှိပ်စက်ညှဉ်းပန်းနေတဲ့ အဓိက အပြစ်ရှိသူတွေ၊ လိမ်ညာလှည့်ဖြားသူတွေနဲ့ အဆိပ်ပြင်းဆုံး အင်းဆက်ပိုးမွှားတွေဟာ... ဒီလို ဗိုက်ပူနံပူ သတ္တဝါအောက်တန်းစားတွေပဲပေါ့။ ပြင်သစ်လူမျိုးတွေကတော့ သူတို့ကို 'ဘူဇွာ' လို့ ခေါ်ကြတာပေါ့။”
"ကျွန်ဝောာ် ပြောတဲ့ 'ဘူဇွာ' ဆိုတဲ့ စကားလုံးကို မှတ်ထားပါ အဖွား— 'ဘူဇွာ' တဲ့။ အာယားစ်... သူတို့တွေ ငါတို့ကို ဘယ်လိုတောင် ဝါးမျို၊ ကြိတ်ခြေပြီး အသက်သွေးချွေးတွေကို စုတ်ယူနေကြသလဲ!"
"ချမ်းသာတဲ့လူတွေကို ပြောတာလား?"
"ဟုတ်တယ်၊ သူဌေးတွေကိုပြောတာ။ အဲဒါ သူတို့ရဲ့ ကံဆိုးမှုပဲ အဖွားရဲ့။ သိရဲ့လား... ကလေးတယောက်ရဲ့ အစားအစာထဲမှာ ကြေးနီမှုန့်တွေကို တစိမ့်စိမ့် ထည့်ကျွေးနေမယ်ဆိုရင် အဲဒီကလေးရဲ့ အရိုးကြီးထွားမှုကို တားဆီးလိုက်သလိုဖြစ်ပြီး လူပုလေး ဖြစ်သွားလိမ့်မယ်။ အဲဒီလိုပဲ... လူတစ်ယောက်ကို ငယ်စဉ်ကတည်းက ရွှေ ဆိုတဲ့ စည်းစိမ် နဲ့ အဆိပ်ခတ်ထားမယ်ဆိုရင်တော့ သူ့ရဲ့ ဝိညာဉ်ဟာ သေဆုံးသွားလိမ့်မယ်။"
တခါက ပါဗယ်က ရေဂေါအကြောင်းကို ပြောရင်း—"မင်းသိလား အန်ဒရေး၊ အမြဲတမ်း ရင်ထဲမှာ နာကျင်ခံစားနေရတဲ့ လူတွေက အဆိုးဆုံး ပြက်လုံးတွေကို ပြက်တတ်ကြတယ်ဆိုတာကို?"
ရုရှား လေးက ခဏလောက် ငြိမ်သွားပြီး မျက်တောင်တခတ်ခတ်နှင့် ပြန် ပြောသည်။
"မဟုတ်ဘူး၊ အဲဒါ မမှန်ပါဘူး။ တကယ်လို့သာ အဲဒါ အမှန်ဆိုရင်... ရုရှားတနိုင်ငံလုံး ရယ်ရလွန်းလို့ နံဘေးတွေ ကွဲထွက် ကုန်ကြမှာပေါ့။"