NUG ဦးစားပေးရမည့် အချက် (၃) ချက်

by Hla Soewai - May 25 2026

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနှင့် စစ်အုပ်စုသည် တရားမဝင် ရက်စက်ကြမ်းကြုတ်သည့်အဖွဲ့အစည်းဖြစ်ကြောင်း ကမ္ဘာကို သိအောင် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုတွင် အောင်မြင်ခဲ့ သော်လည်း အချိန်တွေ ကုန်ဆုံးလာနေပြီ ဖြစ်သည်။

 

ဒေသတွင်း သံတမန်ရေးရာမှာ ဒီမိုကရေစီထက် တည်ငြိမ်မှုနှင့် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးလေ့ ရှိတတ်သည့် နိုင်ငံတကာ၏ စိတ်ရှည်နိုင်စွမ်းက အကန့်အသတ် နှင့်သာ ဖြစ်သည်။ ထို့အတွက် အာဆီယံ သည် စစ်အုပ်စု နှင့် ပြန်လည်ထိတွေ့ဆက်ဆံဖို့ ဦးတည်လာနေသည်မှာ အဆန်းတော့ မဟုတ်။ ယခုလို အခြေအနေမျိုး ဖြစ်လာနိုင်ခြေရှိသည်ကို နှစ်အတော်ကြာ သိသာနေခဲ့ပါလျက်နှင့် NUG ဘက်က အဘယ်ကြောင့် လုံလောက်သည့် ပြင်ဆင်မှုမျိုး မရှိသလို ဖြစ်နေရတာလဲ ဆိုသည်ကို မေးခွန်းထုတ်ရတော့မည် ဖြစ်သည်ဟု The Diplomat စာစောင်တွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

ထိုမေးခွန်းသည် NUG ၏ ပြည်သူများအား တရားဝင်ကိုယ်စားပြု ရပ်တည်နေမှုကို အငြင်းပွား နေခြင်း မဟုတ်။ သို့ပေသိ တရားဝင်မှု ရှိရုံသက်သက်နှင့် မအောင်မြင်နိုင်။

 

မေလ ၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် တွင် NUG ခေါင်းဆောင်များ၏ အပြောအဆိုများ သိသိသာသာ တည်ငြိမ် နေပြီး သတိထားလာသည်ကို တွေ့ရသည်။ ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးကို “ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ်” အခြေအနေ ဟုတင်စားခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း NUG ရဲ့ အားနည်းချက်တွေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေကို "အမှန်အတိုင်း ဝေဖန်ထောက်ပြကြဖို့" တောင်းဆိုလာခဲ့သည်။

 

ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူတစ်ရပ်လုံး မျှော်မှန်းတဲ့ ပန်းတိုင်ကို မရောက်သေးဘူး” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ ယခုအခါ ပဋိပက္ခသည် တော်လှန်ရေးအင်အားစု များ အတွက် ပို၍ အန္တရာယ်များသည့် အဆင့်ကို ရောက်လာခဲ့သည်။

 

တကယ်တမ်းတွင် စစ်ဗိုလ်ချုပ်များ အဖို့ အပြတ်အသတ် နိုင်ဖို့ မလို။ အိမ်နီးချင်းနိုင်ငံ များနှင့် ပြင်ပအင်အားကြီးနိုင်ငံများက မြန်မာပြည်တွင်း အခြေအနေအပေါ် လိုက်လျောညီထွေ ဆက်ဆံသွား မည့် အချိန်အထိ အသက်ဆက်ရုံ၊ တောင့်ခံထားနိုင်ဖို့သာ လိုအပ်သည်။

 

ထိုအနေအထားသည် ယခုကတည်းက စတင်လာနေပြီ ဖြစ်သည်။

 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့သလို၊ တဖက်မှာလည်း မြန်မာနိုင်ငံကို အာဆီယံမိသားစုကနေ ဖယ်ကျဉ်ထားရတာခဲ့ရမှုသည် "အော့နှလုံးနာစရာ အဖြစ်ဆိုး" လို့ ပြောခဲ့ပါတယ်။ စစ်အုပ်စုကို သဘောမကျသည့် အစိုးရများပင်လျှင် မြန်မာကို သံတမန်ရေးအရ ဆက်လက်အထီးကျန်ဆန်အောင် လုပ်ထားဖို့ထက် ဒေသတွင်းလုပ်ငန်းစဉ်တွေထဲ ပြန်လည်ထည့်သွင်းဖို့ကိုသာ ပိုမိုစိတ်ဝင်စားလာကြပုံရသည်။

 

NUG ကိုယ်တိုင်လည်း ထိုသို့ အပြောင်းအလဲကို ပို၍ သတိပြုမိလာပုံရပြီး မေလ ၁၁ ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး မည်သို့ သောထိတွေ့ဆက်ဆံမှုမျိုးမဆို NUG နှင့် EROs များကို တရားဝင် ပါဝင်ပတ်သက်သူတွေအဖြစ် "အတိအလင်း ထည့်သွင်းရမည်" ဟု တောင်းဆိုခဲ့သည်။

 

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (5PC) အား စစ်အုပ်စုက အကြိမ်ကြိမ် လျစ်လျူရှုခဲ့ သော်လည်း ကြီးကြီးမားမား အရေးယူခံရတာမျိုး မရှိခဲ့၍ လက်တွေ့တွင် ဟန်ပြသက်သက်သာ ဖြစ်လာသည်။

 

အာဏာသိမ်းမှုကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချနေမှုများကို အချိန်ဆွဲပြီး တောင့်ခံကျော်ဖြတ်သွားဖို့က စစ်အုပ်စု၏ ဗျူဟာ ဖြစ်သည်။ တဖက်တွင်လည်း NUG က စစ်ဗိုလ်ချုပ် များအပေါ် နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုသည် အချိန်ကြာလာသည်နှင့် အမျှ ပိုမိုပြင်းထန်လာလိမ့်မည်ဟု ပုံသေတွေးပြီး လုပ်ဆောင်ခဲ့ကြသည်က များသည်။

 

NUG ၏ အထင်ရှားဆုံး အားနည်းချက်သည်က စစ်ရေးပိုင်း မဟုတ်ဘဲ၊ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများ အပေါ် လိုက်လျောညီထွေ မကျင့်သုံး နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ မကြာသေးခင်က အင်တာဗျူးများကို ကြည့်လျှင် သူမကိုယ်တိုင်လက်တွေ့ပကတိအခြေအနေကို ပိုမိုနားလည်သဘောပေါက် နေသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်တုန်းကလည်း သူမက “နိုင်ငံတွေဟာ အစိုးရချင်း ဆက်ဆံတာမဟုတ်ဘူး၊ နိုင်ငံ (State) အချင်းချင်း ဆက်ဆံတာဖြစ်တယ်” ဆိုပြီး အဓိကပြဿနာကို မှန်မှန်ကန်ကန် သုံးသပ်ခဲ့ဖူးသည်။

 

“အမှန်အတိုင်းပြောရရင် ထိုင်းနိုင်ငံနဲ့ စကားပြောခွင့်ရဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။ ထိုင်းမှာလုပ်တဲ့ ပွဲအချို့ တက်ရောက်ဖို့ ဗီဇာလျှောက်ခဲ့ပေမဲ့လည်း အခြေအနေအမျိုးမျိုးကြောင့် ဗီဇာမရခဲ့ဘူး” လို့ ထုတ်ဖော်ပြောကြားခဲ့သည်၊ ဤသည်ကို ကြည့်မည်ဆိုက NUG ၏ သံတမန်ရေးရာ ချဉ်းကပ်မှုများသည် အကန့်အသတ်များ ရှိနေသည်။

 

NUG သည် အင်အားကြီးနိုင်ငံများ၏ လက်တွေ့ကျင့်သုံး နေသည့် မူဝါဒအပေါ် အထင်သေး တွက်ဆခဲ့ပုံရသည်။

 

တရုတ်သည် NUG ဘက်က တရုတ်၏ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဟု အကြိမ်ကြိမ် ကတိပြုထားပြီး ဖြစ်‌ သော်လည်း စစ်အုပ်စု နှင့် ဆက်ဆံရေး ဖြတ်တောက်မည့် အရိပ်အယောင်မျိုး မည်သည့် အခါကမှ မပြခဲ့။

 

အာဆီယံအဖွဲ့ဝင် အချို့ကလည်း နေပြည်တော်ကို အမြဲလို သံတမန်ရေးအရ အထီးကျန်အောင် လုပ်ထားဖို့ ထည့်သွင်း စဉ်းစားထားခြင်း မျိုး မရှိခဲ့။

 

အနောက်နိုင်ငံ အစိုးရများပင်လျှင် ၎င်းတို့၏ မူဝါဒကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးထက် ဒေသတွင်း မတည်ငြိမ်မှုများ ပြန့်ပွားမလာအောင် ထိန်းချုပ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲမှုအပေါ်တွင်သာ အဓိက အခြေခံခဲ့ကြခြင်း ဖြစ်သည်။

 

NUG အနေနှင့် နိုင်ငံတကာ၏ အပြည့်အဝ သံတမန်ရေးရာ အသိအမှတ်ပြုမှု မရရှိခဲ့မှု ကို အပြစ်တင်လို့မရ ပေ။ ပြဿနာ ဖြစ်နေသည်က NUG သည် ပြည်တွင်းတွင် မိမိတို့၏ အုပ်ချုပ်ရေးစွမ်းဆောင်ရည် မြှင့်တင်ဖို့ကို ပိုမိုအာရုံစိုက်ရမည့် အစား၊ သံတမန်ရေး အသိအမှတ်ပြုခံရမှုနှင့် စစ်အုပ်စု အား ကိုယ်ကျင့်တရားပိုင်းအရ ရှုတ်ချခံရမှုကိုသာ အောင်မြင်မှု၏ အဓိကစံနှုန်းများ အဖြစ် အချိန်အတော်ကြာ သတ်မှတ်လုပ်ဆောင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

 

တော်လှန်ရေး၏ တရားဝင်မှု ဆိုသည်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တစ်ခုတည်းအပေါ်မှာသာ အမြဲတမ်း ပုံသေ တွဲချိတ်နေလို့ မရ။ ပြည်တွင်းစစ် ၆ နှစ်ထဲကို ရောက်ရှိလာချိန်မှာတော့ နိုင်ငံရေးအာဏာတည်ဆောက်မှုသည် "အစားထိုးအုပ်ချုပ်မည့် အစိုးရယန္တရားတစ်ခု" လက်တွေ့တွင် တကယ်တမ်း လည်ပတ်နိုင်ခြင်း ရှိ၊ မရှိ ပေါ်မှာသာ ပိုမိုမူတည်လာနေသည်။

 

ထို့ ကြောင့် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများတွင် လက်နက်ကိုင်တိုက်ပွဲ များအပြင်၊ ပိုမိုစနစ်ကျပြီး သွေးစည်းညီညွတ်သည့် အုပ်ချုပ်ရေးစနစ်မျိုး ဖော်ဆောင်ပေးနိုင်သည် ဆို သော ထင်သာမြင်သာရှိမည့် သက်သေပြချက်မျိုးကို NUG အနေနှင့် အရေးတကြီး ပြသဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

ထို့အတွက် အချက်သုံးချက်ကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်လာသည်။ ပထမဆုံးအချက်သည်က အုပ်ချုပ်ရေးဆိုင်ရာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ဆိုလိုသည်က အာဏာစက် ထပ်နေခြင်း၊ အခွန်စနစ်များ မညီညွတ်ခြင်း၊ ပဋိပက္ခဖြေရှင်းရေး ယန္တရား အားနည်းခြင်း တို့ကို ဖြေရှင်းရမည်။

 

 ဒုတိယမြောက် ဦးစားပေး လုပ်ဆောင်ရမည်က မိမိတို့၏ ကဏ္ဍအသီးသီး တွင်ရှိသည့် အားနည်းချက်၊ ပျက်ကွက်မှုများ နှင့် စည်းကမ်းပိုင်း ကို ကိုင်တွယ်ဖြေရှင်းဖို့ ပင် ဖြစ်သည်။

 

တတိယအချက်အနေနှင့် NUG သည် စစ်ကြီး ပြီးဆုံး ပြီး ကျင့်သုံးမည့် နိုင်ငံရေးလမ်းပြမြေပုံကို ပိုမိုရှင်းရှင်းလင်းလင်း ချပြဖို့ လိုအပ်ခြင်းပင် ဖြစ်သည်။

 

ထိုသို့ မဟုတ်က စစ်ရေးအရ အောင်မြင်မှုတွေရလာသည့်အခါ ပြဿနာသစ်များကိုသာ ထပ်မံဖန်တီးပေးရာ ရောက်သွားနိုင်သည်။ PDF ရဲဘော်များသည် နောင်ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် "နိုင်ငံတော်တည်ဆောက်ရေးသမားများ (သို့မဟုတ်) နိုင်ငံရေးသမားများ" အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဆိုသည့် ယာယီသမ္မတ ဒူဝါလရှီးလ ၏ ပြောကြားချက်သည် တော်လှန်ရေးအတွက် စိတ်အေးစရာ ဖြစ်သော်လည်း၊ တဖက်မှာလည်း စစ်ပြီးခေတ် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး နှင့် ပတ်သက်ပြီး မဖြေရှင်းရသေးသည့် မေးခွန်းများပေါ်ထွက်လာခဲ့သည်။

 

PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များ ကြား မည်သို့ ပေါင်းစည်းမည်နည်း။ စစ်ပွဲကာလ စစ်ရေးအမိန့်ပေးစနစ်များမှနေ စစ်ပြီးခေတ် အမြဲတမ်း နိုင်ငံရေးအဆောက်အအုံများ အဖြစ် ပြောင်းလဲသွား ရေးတွင် မည်သည့် အတားအဆီး များ ရှိနေမည်လဲ၊ ဆိုသည့် မေးခွန်းများပင် ဖြစ်သည်။

 

NUG အနေနှင့် ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတခုကို ချက်ချင်းကြီး ချပြနိုင်ဖို့ မလိုအပ်‌ သေး။ သို့သော် လက်ရှိ တော်လှန်ရေးသည် ရည်ရွယ်ချက် မရေမရာနှင့် စစ်အုပ်စုကို ဆန့်ကျင်ရုံသက်သက် စုဖွဲ့ထားသည့် မဟာမိတ်အဖွဲ့အစည်းအဆင့်ထက်ကျော်လွန်ပြီး၊ တာဝန်ခံမှုရှိသည့် ဖက်ဒရယ်စနစ် တခုဆီသို့ ဦးတည်တည်ဆောက် နေခြင်းဖြစ်ကြောင်း ပြသဖို့တော့ လိုအပ်သည်။

 

အထက်ပါ (အုပ်ချုပ်ရေး၊ ကိုယ်ပိုင်အားနည်းချက်ပြင်ဆင်ရေးနှင့် စစ်ပြီးခေတ်လမ်းပြမြေပုံ) ဆိုသည့် ကဏ္ဍသုံးရပ်စလုံးကို တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဆိုက ပြင်ပအင်အားကြီးနိုင်ငံများ အနေနှင့် စစ်အုပ်စု နှင့် ပုံမှန်ပြန်လည်ထိတွေ့ဆက်ဆံ ရေးသည် နောင်တွင် တန်ဖိုး ကြီးကြီး ပေးဆပ်ရဖို့ ရှိလာ‌ နေသည့် အတွက် အထပ်ထပ် အခါခါ စဉ်းစားလာရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!