ရွေးကောက်ပွဲ (၂)

by Hla Soewai - Sep 28 2020

နိုင်ငံတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ အရည်အတွက်သည် ဩဂုတ်လလယ်ပိုင်းမှ စ၍ နေ့စဉ်လို တိုးမြင့်လာလျက် ရှိနေရာ သောကြာနေ့ စာရင်းဇယားများအရ အတည် ပြုလူနာ ၈,၅၁၅ နှင့် သေဆုံးသူ ၁၅၅ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။

 

(ကိုဗစ်သည် လူများ၏ နေ့စဉ်ဘဝ တစိတ်တပိုင်း အဖြစ် ၂၀၂၁ တနှစ်လုံး ဆက်ရှိနေဦးမည် ဖြစ်သည်ဟု ပညာရှင်များက တညီတညွတ်တည်း ခန့်မှန်းထားကြပြီး ဖြစ်သည်) ထိုသိုသော အနေအထားတွင် ပြည်သူများ အနေဖြင့် ၎င်းတို့၏ လူနေမှု ဘဝ များကိုတိုးတက်အောင် ပြုလုပ်ပေးမည် အစိုးရအား နောက် ခြောက်ပတ်အကြာတွင် ရွေးချယ် ဆုံးဖြတ် ရဖို့ ရှိနေသည်။

 

တရားဝင် မဲဆွယ်ခွင့်ကို စက်တင်ဘာ ၈ ရက်နေ့က စတင်ခွင့်ပြုခဲ့ပြီ ဖြစ်သော်လည်း တင်းကျပ်သည့် အိမ်တွင်းနေရန် အမိန့်ကြောင့် ပါတီများအဖို့ လွတ်လပ်စွာ လှုပ်ရှား၍ မရ ဖြစ်နေသည်။ စက်တင်ဘာ ၁၁ ရက့်နေတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ရပ်ဆိုင်းပြစ်ခဲ့သည်။ တမြို နှင့် တမြို့ ကုန်းလမ်း သွားလာမှုကို တင်းကျပ်ခဲ့ပြီး မြို့အဝင် စစ်ကြောရေး ဂိတ်များ ချထားပြီး ဖြစ်သည်။

 

အစားအသောက် နှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများမှ လွဲ၍ ကျန်သည့် စက်ရုံ အလုပ်ရုံများ၊ ရုံးဌာနများကို ပိတ်ပြစ်ခဲ့သည်။ ဆူပါမားကက်များနှင့် စတိုးဆိုင်များ ကိုမူ ဆက်လက် ဖွင့်လှစ်ခွင့်ပြုထားခဲ့သည်။

 

မြို့တော်အတွင်း ယာဉ်သွားယာဉ်လာများ တနေ့ထက် တနေ့ ခြောက်ကပ်လာနေသည်။ ပုဂ္ဂလိက သတင်းစာ တိုက် များ ပိတ်ပြစ်ခဲ့ရသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ "ကျမ တို့ အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို မည်မျှအထိ အလေးထားလုပ်ကိုင်နေသည်ဆိုသည်နှင့် ပြည်သူများ၏ ကျန်းမာရေး နှင့် လုံခြုံရေး အတွက်လည်း အစွမ်းကုန် ဆောင်ရွက်လျက် ရှိနေတယ်ဆိုတာ ပြည်သူများ နားလည်သဘောပေါက်စေချင်ကြောင်း တနင်္လာနေ့က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

 

သို့သော် ယို့ယွင်းပြီးသား ဖြစ်နေသော ကျန်းမာရေး ကဏ္ဍကြောင့် လက်ရှိ ကပ်ရောဂါဆိုးကြီးအား ဟန့်တားနိုင်ရန် အားကုန်ထုတ် ရုန်းနေရပြီဖြစ်သည်။ ဆေးရုံတွင် ကုတင်များ လိုအပ်နေပြီး တနင်္လာနေ့ စာရင်းအရ သီးသန့် စောင့်ကြည့်ရန် လိုအပ်သူ အရည်အတွက် ၄၅,၀၀၀ အထိ ရှိလာနေပြီး ဘော်လုံးကွင်း တခုတွင်ပင် ယာယီ စခန်း ဖွင့်လှစ်လာခဲ့ရသည်။

 

အနှေးယာဉ် လုပ်သားတဦး က ပုံမှန်အားဖြင့် ၎င်း၏ ဝင်ငွေသည် တနေ့ ကျပ် တသောင်းခန့် ရရှိနေသော်လည်း ယခုအခါ လမ်းပေါ်တွင် ဈေးထွက်ဝယ်သူများမှ လွဲ၍ လူမရှိ ဖြစ်လာနေသဖြင့် တနေ့ သုံးထောင်လောက် ရဖို့ပင် မသေချာတော့ဟု ပြောပြခဲ့သည်။ သို့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကိုသာ ၎င်း အနေဖြင့် ဆက်လက်ထောက်ခံသွားမည် ဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရောဂါပိုး ကို ထိန်းချုပ်ဟန့်တားနိုင်ရန် အပြင်းအထန် ကြိုးပမ်းလျက် ရှိနေသည်ကို မျက်မြင်ကိုယ်တွေ့သိရှိ နေရပြီး လက်ရှိ အစိုးရထက် မည်သူမျှ ပို၍ ကောင်းအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ကြောင်း ရှင်းပြသွားခဲ့သည်။

 

(ထိုသို့သော အနေအထားများကို သိမြင်လာနေသော) စစ်တပ်၏ မိတ်ဖက်ပါတီဟု လူအများ လက်ခံထားကြသည့် ကြံဖွံ့ပါတီကြီး အပါအဝင် ပါတီပေါင်း ၂၀ ကျော်သည် ရွေး/ကော်ထံ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းပေးရန် စာရေးသား တောင်းဆိုလာခဲ့ကြသည်။

 

ရွေး/ကော်ကမူ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုမှု ကို ပယ်ချခဲ့ပြီး ပြည်သူများ လုံခြူံစိတ်ချစွာ မဲပေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းနေသည်ဟု ဆိုသည်။

 

(လက်ရှိတွင် ဈေးဝယ်ထွက်ခွင့်၊ အရေးကြီးသော လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ခွင့်ပြူထားဆဲဖြစ်သည့်အနေအထား တွင်မဲရုံသွားခွင့်ကို ပိတ်ပင် ရမည့် အရေးကို ရွေး/ကော်က လက်မခံခြင်းမှာလည်း သဘာဝ ကျပေသည်။)

 

လက်ရှိ ဖွဲ့စည်းပုံအရ စစ်တပ်နှင့် အရပ်သား အစိုးရ အကြား အတိမ်းအစောင်းမဖြစ်အောင် သတိကြီးစွာ ထား‌နေရချိန်တွင် ကိုဗစ် သည် အမျိုးသား ဒီမိုကရေစီ အစိုးရ အတွက် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ပါက ဆိုးကျိုး ဖြစ်စေမည်လား၊ ကောင်းဖို့ဖြစ်လာမည်လား ဆိုကာ ဘေးကျပ်နံကျပ် ဖြစ်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည်ဆိုပါကလည်း ကျင်းပမည့် အချိန်တွင် အခြေအနေများ ကောင်းလာဖို့ မည်သူမျှ အာမ မခံနိုင်ပြန်ပေ။

 

ရှေ့လျောက်ပြီး အ‌ခြေအနေတွေက ဘယ်လိုဖြစ်လာမည်ကို မရေမရာ ဖြစ်နေချိန်တွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ဒီထက်မက များပြားသော ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်ကြောင်း၊ အထူးသဖြင့် လက်ရှိ ကျန်းမာရေး နှင့် စီးပွားရေး ပြဿနာများ ‌ဖြေရှင်းနေရဆဲ တွင်ပင် နိုင်ငံရေးအရ အကျပ်အတည်းကြီး ထပ်၍ ပေါ်ပေါက်လာမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးမျိုးညွန့်က ဧရာဝတီသတင်းဌာနကို ပြောပြခဲ့သည်။

 

ကိုဗစ်နှင့်အတူ အညွန့်တလူလူ ထွက်လာနေသော မြန်မာ့ ဒီမိုကရေစီသည် အရွယ်နှင့် မမျှသည့် စမ်းသပ်ခံရမှု များ နှင့် ကြုံလာနေရပြီ ဖြစ်သည်။

 

(၂၀၂၀ စက်တင်ဘာ ၂၆ ရက်နေ့ထုတ် Nikki Asia Review စာစောင်ပါ "Myanmar November Election overshadowed by Covid-19 surge" ဆောင်းပါးမှ ကောက် နှုတ် တင်ပြသည်)

 

Image credit -- SCMP

(Note- the text contained in parentheses are solely my opinions.)