မြန်မာ အရေး ကုလ၏ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူထားသော ဂျုလီ ဘစ်ရှော့သည် မြန်မာ နိုင်ငံသို့ ယခုလ အတွင်း လေးကြိမ် မြောက် ရောက်ရှိလာဖို့ ရှိနေသည်။
ဂျူလီ ဘစ်ရှော့သည် အထူး သံတမန် အဖြစ် ဆက်ရှိ နေသည်လား ဆိုသည်က မသဲမကွဲ ဖြစ်နေချိန်တွင် ယခုလို ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဂျုလီ ဘစ်ရှော့သည် မင်းအောင်လှိုင်မှ အတုအယောင် ရွေးကောက်ပွဲ ဖြင့် သမ္မတ တု အဖြစ် ကိုယ့်ကိုကိုယ် တင်မြှောက်လာမှု အပေါ် ကုလ အပါအဝင် နိုင်ငံတကာက ရှုတ်ချ မှု များ ပွက်လော ရိုက်လာနေချိန်တွင် သူမ ထံမှ မည်သည့် မှတ်ချက်မျိုး မှ ထွက်မလာ၍ အထူး သံတမန် အဖြစ် ဆက်ရှိ နေသည်လား ဆိုသည်အပေါ် အငြင်းပွားစရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
မစ္စ ဘစ်ရှော့ပ် ၏ လက်ရှိလုပ်ဆောင်မှုများနှင့် လုပ်ပိုင်ခွင့်အာဏာဆိုင်ရာ ကိစ္စရပ်များကို မြန်မာနောင်း က ဆက်သွယ်မေးမြန်းပြီးနောက်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ် က ထိုခရီးစဉ်ကို အတည်ပြုပေးခဲ့သည်။
ဘစ်ရှော့ အဖို့ကလည်း နောက်လတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာ အရေး နှင့် စပ်လျင်း ၍ အစီရင်ခံရဖို့ ရှိနေသော ကြောင့်လည်း ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မှ စစ်အုပ်စု ၏ သက်ဆိုင်သူ အားလုံး နှင့် စားပွဲဝိုင်းထိုင် ဆွေးနွေးရန် အသင့် ဖြစ်နေသည် ဆိုသော စကား ထွက်လာမှု အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက "စစ်ကောင်စီက ငြိမ်းချမ်းရေးအကြောင်း ပြောနေပေမဲ့ လက်တွေ့မှာတော့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ ဒါကြောင့် အခုအချိန်အထိ စစ်ကောင်စီရဲ့ အပြောနဲ့ အလုပ်ဟာ လုံးဝကို ကိုက်ညီမှု မရှိသေးပါဘူး" ဟု ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မည့် ဆွေးနွေးပွဲမျိုး ရှိလာပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ရန် KIO တွင် အမြဲတမ်းချမှတ်ထားသည့် မူဝါဒရှိကြောင်း၊ သို့သော်လည်း နိုင်ငံ၏ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်မည့် အစစ်အမှန် ခြေလှမ်းမျိုးကိုမူ ယခုထက်ထိ မတွေ့ရသေးကြောင်းလည်း ၎င်းက ဆိုသည်။
စစ်အုပ်စု သည် စစ်ရေး အသာစီးရလာပြီဟု ယုံကြည်လာ၍ လက်နက်ချ ဖို့ အဆင်သင့် ဖြစ်လာပြီဆိုကာ ဆွေးနွေးချင်သပ ဆိုလျင် ဆွေးနွေး နိုင်သည် ဆိုသော အပြောမျိုးသာ ဖြစ်သည်။
ထိုသို့ ဆွေးနွေးရန် အာဆီယံ မှ ပြီးခဲ့သည့် ငါးနှစ် ကတည်းက တောင်းဆို နေပါလျက် နှင့် ယခု မှ ထိုသို့ ပြောလာခြင်းသည် ကပင် ရိုးသားမှု မရှိ ဆိုသည်က ပြဆိုနေသည်ဟု လေ့လာသူ တဦး က ပြောသည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
လက်တွေ့မှာတော့ စစ်ကောင်စီဟာ အုပ်စုအချို့ကို ချေမှုန်းပြီး အခြားအုပ်စုအချို့နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကြိုးစားရင်း၊ 'သွေးခွဲအုပ်ချုပ်ရေး' နည်းဗျူဟာတွေနဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းချင်နေတာ၊ သုတို့သာ ရိုးသားမယ် ဆိုရင် ဘယ် အဖွဲ့ကိုမှ ဖယ်ထုတ်စရာ မလိုဘဲ အားလုံး နဲ့ ဆွေးနွေးရဖို့သာ ရှိတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်တပ်သည် အပစ်အခတ် ရပ်စဲခြင်း မရှိယုံသာမက တပ်အင်အား အလုံးအရင်း နှင့် ထိုးစစ် ဆင်နေသည်ကို တွေ့ရသည်။
စစ်အုပ်စု သည် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) အားလုံးကို ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ဧပြီလအတွင်းက ဖိတ်ခေါ်ခဲ့ပြီး၊ တဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို လက်နက်ချရမည်ဟု ပြောလာသည်။
အာဆီယံသည် မြန်မာ စစ်အုပ်စု နှင့် ပြန်၍ ဆက်သွယ်ရန် အကြောင်းပြချက် ကောင်းကောင်း ရှာလာနေချိန်လည်း ဖြစ်သည်။ "ခင်ဗျား တို့ ဒီလို လုပ်မယ် ဆိုရင် ကျုပ်တို့ဘက်ကလည်း ဒီလို လုပ်ပေးလို့ရတယ်" ဆိုသည့် ပုံစံ မျိုး ဖြစ်လာသည်။
ယင်းနှင့် ပတ်သက်၍ မြန်မာ့ အရေးကို နှစ်ပေါင်း ၃၀ နီးပါး အစဉ်တစိုက် လေ့လာခဲ့သူ Alternative ASEAN Network on Burma (Altsean-Burma) ၏ တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး ဒက်ဘီ စတော့ဟတ်ဒ် က “စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးတင်မကဘဲ အတုအယောင် သမ္မတ မင်းအောင်လှိုင်ကိုယ်တိုင်ပါ ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ရည်ရွယ်ပြီး လူကြား ကောင်း အောင် လုပ် နေတဲ့ အကွက်မျိုးစုံဟာ လုံးဝကို ယုံကြည်စိတ်ချရမှုနဲ့ ရိုးသားမှု ကင်းမဲ့နေတယ်ဆိုတာ လူတိုင်း သိပါတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား သမ္မတအဖြစ် ခန့်အပ်ခဲ့မှုများအကြား အကြမ်းဖက်မှုများကို လျှော့ချနိုင်ခြင်းမရှိဘဲ ကျရှုံးနေသည့်အတွက် အာဆီယံအဖွဲ့အနေဖြင့် ပိုမိုစိတ်ပျက် အကျပ်ရိုက်လာနေကြောင်း၊ ထို့ကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ယင်း “တရားမဝင်” စစ်ကောင်စီထံ လာရောက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ကြရခြင်းမှာ ရှောင်လွှဲ၍မရသည့် အခြေအနေဖြစ်လာကြောင်းလည်း သူမက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ပိုမိုများပြားလာကြောင်း သူမက ထောက်ပြခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လုံးဝတိုးတက်မလာဘူးဆိုတာ အာဆီယံက နားလည်ပါတယ်။ ဒါကြောင့် သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တခုခု ပေါ်ထွက် လာဖို့နဲ့ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့အတွက် ဘယ်လိုနည်းလမ်း၊ ဘယ်လိုပုံစံမျိုးနဲ့မဆို အသည်းအသန် ကြိုးပမ်းနေကြတာပါ” ဟု စတော့ ဟတ်ဒ်က ပြောသည်။
အာဆီယံအနေဖြင့် မြန်မာ့ပဋိပက္ခကို အဆုံးသတ်ရန် တကယ်တမ်း ဆန္ဒရှိပါက နေပြည်တော်ရှိ စစ်အုပ်စုနှင့် တွေ့ဆုံနေမည့်အစား၊ အရပ်သားပြည်သူများကို ဆက်လက်တိုက်ခိုက်နေသည့် လက်နက်များ၊ လေယာဉ်ဆီများ၊ နည်းပညာများနှင့် ဝင်ငွေ စီးဆင်းမှုများကို ရပ်တန့်စေမည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်သင့်ကြောင်းလည်း သူမက ဆက်လက်ပြောကြားခဲ့သည်။
True peace is not merely the absence of war, it is the presence of justice.
Jane Addams