ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(22)

by Hla Soewai - May 25 2026

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု (၄)

 

ကျေးလက်လုပ်ငန်းများ (Township and Village Enterprises - TVEs) လျင်မြန်စွာ ထွန်းကားလာစေရန် အခြားသော အကြောင်းရင်းများစွာကလည်း အထောက်အကူပြုခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ကျင့်သုံးခဲ့သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် ခွဲဝေအပ်နှင်းမှု (Fiscal Decentralization) ကြောင့် ဒေသန္တရအာဏာပိုင်များသည် မိမိတို့ဒေသအတွင်းရှိ စက်မှုကဏ္ဍတိုးတက်ရေးကို ကူညီပံ့ပိုးပေးရန် ခိုင်မာသော တွန်းအားများ ရရှိခဲ့ကြသည်။ အကြောင်းမှာ စိုက်ပျိုးရေးမဟုတ်သော လုပ်ငန်းဆောင်တာများမှ အခွန်ဘဏ္ဍာ ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။

 

ထို့ပြင် မော်စီတုံး ခေတ်ကာလအတွင်းက ကာကွယ်ရေးနှင့် ဆက်နွှယ်သော အကြီးစားစက်မှုလုပ်ငန်းများကိုသာ ဦးစားပေးပြီး လူသုံးကုန်ထုတ်လုပ်သည့် အပေါ့စားစက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများကို လျစ်လျူရှုခဲ့ခြင်းကြောင့် လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အလွန်အမင်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

 

ထိုအချက် သည် ကျေးလက်လုပ်ငန်းရှင်များအတွက် အသုံးချရန် အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် ဈေးကွက်ကို အခြေခံသော ကျေးလက်လုပ်ငန်းများ (TVEs) သည် လူသုံးကုန်နှင့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရာတွင် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ထက် ပိုမို၍ ယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင်လည်း ကျေးလက်လုပ်ငန်းများ၏ ပါဝင်မှု ဝေစုမှာ တဖြည်းဖြည်း မြင့်မားလာခဲ့လေသည်။

 

ဘီဂျင်း ရှိ ဗဟိုအစိုးရထံမှ ရရှိသော မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများတွင် အဓိကအားဖြင့် ကျေးလက်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်များကို ကျေးလက်ငွေစုငွေချေးသမဝါယမအသင်းများနှင့် တရားဝင်မဟုတ်သော အရပ်ရပ် ဘဏ္ဍာရေးအရင်းအမြစ်များထံမှ ရန်ပုံငွေ ရယူခွင့်ပြုခဲ့ခြင်းတို့ ပါဝင်သည်။

 

ထို့အပြင် စျေးနှုန်းသတ်မှတ်ချက်ကို လမ်းကြောင်းနှစ်သွယ်ဖြင့် သွားသော ပြုပြင်ပြောင်းလဲမှု သည် အပြစ်အနာအဆာများ ရှိနေခဲ့သော်လည်း— တဖက်တွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ အသုံးပြုရသည့် သံမဏိ၊ အလူမီနီယံ၊ ဓာတုဗေဒပစ္စည်းများနှင့် အခြား အခြေခံကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်မှုကို လက်ဝါးကြီးအုပ်ထားသည့် 'နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ' (SOEs) အား ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုမြင့်မားသော စျေးကွက်အခြေပြုစျေးနှုန်းများဖြင့် ရောင်းချရန် တွန်းအားပေး တိုက်တွန်းခဲ့သည်။

 

ထိုသို့ ပြုပြင်ပြောင်းလဲ လာခဲ့ခြင်းကြောင့်ပင် မြို့နယ်နှင့် ကျေးရွာလုပ်ငန်းများ (TVEs) အနေဖြင့် မိမိတို့လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံကုန်ကြမ်းများကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် ဝယ်ယူခွင့် ရရှိလာခဲ့ကြသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲရေးကို အပြင်းပြဆုံး လိုလားတောင့်တခဲ့ကြသူများပင် လုံးဝမျှော်လင့်မထားခဲ့မိသည် အထိ TVEs များ သည် အရှိန် အဟုန် ပြင်းစွာ ပေါက်ကွဲသကဲ့သို့ တိုးထွက်လာခဲ့သည်။

 

တိန့် ရှောင်ဖိန်က ၁၉၈၇ ခုနှစ်တွင် ဤသို့ ဝန်ခံပြောကြားခဲ့သည်။

 

“ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုကတော့—ကျွန်တော်တို့ လုံးဝ မျှော်လင့်မထားခဲ့တဲ့ —ကျေးရွာတွေနဲ့ မြို့နယ်တွေက ဦးစီးလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်း အမြောက်အမြား ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေဟာ သူ့ အလိုအလျောက် ပေါ်ပေါက်လာတဲ့ အင်အားစုအသစ် ဖြစ်‌ နေလို့။ ... ဒီအတွက် ဗဟိုကော်မတီအနေနဲ့ ဂုဏ်ပြုချီးမွမ်း မခံထိုက်ပါဘူး"

 

TVE လုပ်ငန်းများကို နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်အဖြစ် သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ ကျေးရွာ သို့မဟုတ် မြို့နယ်ကဲ့သို့သော ဒေသခံစုပေါင်းအဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်သည့် "စုပေါင်းပိုင်" လုပ်ငန်းများအဖြစ် တရားဝင် အမည်တပ်ထားခဲ့သဖြင့်၊ ၎င်းတို့ကို စစ်မှန်သော ပုဂ္ဂလိကလုပ်ငန်းများ မဟုတ်ဟု ပြော၍ ရနိုင်သည်။

 

သို့သော်လည်း လက်တွေ့တွင်မူ "စုပေါင်းပိုင်လုပ်ငန်း" ဟု အမည်တပ်ထားလင့်ကစား အများစုမှာ ပုဂ္ဂလိကလုပ်ငန်း အစစ် များ သာ ဖြစ်ကြသည်။ အကြောင်းမူကား ထိုခေတ်ကာလက တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပုဂ္ဂလိကပိုင်ဆိုင်မှုကို တရားဝင် အသိအမှတ်မပြုသေးသလို၊ တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဥပဒေကြောင်းအရ အကာအကွယ်မပေးသေးသည့်အချိန်တွင် (ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၄ ခုနှစ်ကျမှသာ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်)၊ ထိုသို့ စုပေါင်းပိုင်ဟု အမည်တပ်ထားခြင်းက ၎င်းတို့အတွက် "နိုင်ငံရေးအရ ပိုမိုလုံခြုံစိတ်ချရသော အကာအကွယ်"ကို ရရှိစေသောကြောင့် ဖြစ်သည်။

 

ပညာရှင် ရှီစိန့်ဟွမ် ၏ သုတေသနပြုချက်များအရ ၁၉၈၇ ခုနှစ်အရောက်တွင် ပြည်နယ် ၈ ခုရှိ TVE လုပ်ငန်းအားလုံး၏ ထုတ်ကုန်တန်ဖိုး ထက်ဝက်ခန့်မှာ ပုဂ္ဂလိကပိုင် TVE များမှ ဖြစ်ပြီး၊ အခြားပြည်နယ် ၁၅ ခုရှိ TVE ထုတ်ကုန်တန်ဖိုး၏ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိမှာလည်း ပုဂ္ဂလိကပိုင်များဖြစ်ကြောင်း ပြသနေသည်။ ၁၉၈၉ ခုနှစ်တွင်မူ ပုဂ္ဂလိကပိုင် TVE လုပ်ငန်းများသည် TVE အားလုံး၏ အခွန်ဆောင်ပြီးနောက် ရရှိသည့် အသားတင်အမြတ်ငွေ၏ ၅၈ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်ခဲ့ပြီး၊ TVE လုပ်ငန်းအားလုံး၏ လုပ်ခလစာစုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကိုလည်း တာဝန်ယူပေးနိုင် လာခဲ့သည်။

 

TVE ၏ နောက်ထပ် ရေရှည်တည်တံ့ပြီး အကျိုးသက်ရောက်မှု ကြီးမားလှသည့် ရလဒ်တစ်ခုမှာ ၎င်းတို့သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် မျိုးဆက်သစ်တစ်ရပ်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုစဉ်က TVEs များ၏ ပိုင်ဆိုင်မှုပစ္စည်းများကို ငှားရမ်းလုပ်ကိုင်ခဲ့သူများ သို့မဟုတ် နောက်ပိုင်းတွင် စီမံခန့်ခွဲမှု တာဝန်များကို ရယူခဲ့ကြသူများသည် အောင်မြင်ဖြစ်ထွန်းသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို တည်ထောင်နိုင်ခဲ့ကြသည်။ 

 

၎င်းတို့အနက် အောင်မြင်မှု အမြင့်ဆုံး ရရှိခဲ့ကြသူများသည် ကမ္ဘာ့အဆင့်မီ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုမ္ပဏီကြီးများကို ဦးဆောင်သည့် သူဌေးကြီးများ ဖြစ်လာခဲ့ကြသည်။ ဥပမာအားဖြင့်— ကော်တယ်ဝမ်တည်ထောင်ခဲ့သည့် မော်တော်ယာဉ် မှန်ထုတ်လုပ်မှုသည် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီဖြစ်လာသည့် ဖူယောင်းစက်မှုမှန်ထုတ်လုပ်ရေးအုပ်စု နှင့် လူကွမ်းချူး တည်ထောင်ခဲ့သည့် မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ဖြစ်‌ သော ဝမ်ရှန်းအုပ်စု တို့ ဖြစ်ကြသည်။

 

TVEs များကို ငှားရမ်းခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း မလုပ်ခဲ့သော်လည်း၊ မတည်ရင်းနှီးငွေ အလုံအလောက်ရအောင် စုဆောင်းနိုင်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း အောင်မြင်ထွန်းကားသော ကိုယ်ပိုင်ကုမ္ပဏီကြီးများအဖြစ် ကြီးထွားလာမည့် စီးပွားရေးလုပ်ငန်းများကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။ 

 

စီချွမ်းပြည်နယ်၌ တိရစ္ဆာန်အစာ ထုတ်လုပ်သည့် ကုမ္ပဏီငယ်လေးတစ်ခုအဖြစ် စတင်ခဲ့သော နယူးဟုတ်ပ်အုပ်စု (New Hope Group) သည် ယင်းသို့သော လုပ်ငန်းမျိုး ဖြစ်သည်။

 

၁၉၉၁ ခုနှစ်တွင် အစိုးရက ကမကထပြု၍ ကျေးလက်စီးပွားရေးလုပ်ငန်းရှင်များကို လေ့လာဆန်းစစ်ခဲ့သည့် သုတေသနတခုအရ— ၁၉ ရာခိုင်နှုန်းမှာ TVEs များ၏ အကြီးအကဲများဖြစ်ကြပြီး၊ ၁၃ ရာခိုင်နှုန်းမှာ တစ်ချိန်က TVEs များတွင် အလုပ်လုပ်ခဲ့ဖူးသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

 

 တစ်နည်းအားဖြင့်ဆိုရသော် ကျေးလက်စီးပွားရေးလုပ်ငန်းရှင် အားလုံး၏ သုံးပုံတစ်ပုံခန့်သည် TVEs များနှင့် ဆက်နွှယ်မှု ရှိခဲ့ကြသည်။ အခြားသော လေ့လာမှုများတွင်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၏ ၁၇ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်းအထိသည် TVEs များတွင် အဆင့်မြင့်အရာရှိကြီးများ သို့မဟုတ် အလုပ်သမားများ ဖြစ်ခဲ့ဖူးကြောင်း တွေ့လာရသည်။