၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ်နီးပါးကြာ သံတမန်ရေးအရ အထီးကျန်ဖြစ်နေခဲ့သည့် မြန်မာနိုင်ငံ၏ အခြေအနေသည် ယခုအခါမှာ ပြန်လည်နွေးထွေးလာမည့် လက္ခဏာများ သိသိသာသာ အရှိန်အဟုန်မြင့်လာသည်ကို တွေ့ နေရသည်။
မေလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် သည် နေပြည်တော်သို့ ရောက်လာပြီး စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးလာခဲ့သည်။
မိုဟာမက် ဟာဆန်သည် ဖိလစ်ပိုင်နိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် အစိုးရသစ်ဟုသာ ပြောနေသော်လည်း "မိမိနိုင်ငံသားများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျုးလွန်နေဆဲ" ဖြစ်သည့်အတွက် အာဆီယံအစည်းအဝေး များတွင် နေရာပြန်ရဖို့ အဆင်သင့်မဖြစ်သေးဟု ရှင်းလင်းစွာ ပြောဆိုထားခဲ့သူ လည်း ဖြစ်သည်။
ယခု အခါ တွင်မူ ၎င်း၏ အပြောအရ မြန်မာဘက်က အရင်ကထက်စာလျှင် ပိုမိုပွင့်လင်းလာပြီး ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများ အားလုံးနှင့် တဝိုင်းတည်းမှာ အတူတကွထိုင် ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အပြုသဘောဆောင်သည့် အရိပ်အယောင်များ ပြသခဲ့သည်ဟု ယခုလို ပြောသွားခဲ့သည်။
ကျွန်တော့်ရဲ့ ဆွေးနွေးပြောဆိုခဲ့သူသည် ရာထူးရကာစ ဖြစ်ပေမဲ့ အရင်ကထက်စာရင် ပိုပြီး လျှော့လျှော့ပေါ့ပေါ့ ရှိလာပုံရတာကို သတိပြုမိပါတယ်။
… သူတို့အနေနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း၊ အဖွဲ့အစည်းအားလုံး တဝိုင်းတည်းမှာ အတူတကွ ထိုင်ဆွေးနွေးတာကို မြင်တွေ့ဖို့ အဆင်သင့်ရှိကြောင်း ပြောခဲ့ကြပါတယ်။ ဒါဟာ ထူးခြားတဲ့ တိုးတက်မှုအသစ်တခုဖြစ်ပြီး တကယ်လို့သာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျွန်တော့်အတွက်တော့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ၊ ဆီဗူး တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲ များ အပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လေ့လာဆန်းစစ်မှုများ ပြုလုပ်လာခဲ့ကြသည်။ လက်ရှိ မလေးရှား ခရီးစဉ်သည် မြန်မာအတွက် အာဆီယံ၏ ချဉ်းကပ်မှုပုံစံအသစ်တစ်ရပ် ချမှတ်နိုင်ဖို့အတွက် ကြိုတင်ကွင်းဆင်းလေ့လာတဲ့ ခရီးစဉ်လည်း ဖြစ် နေသည်။
၂၀၂၁ ခုနှစ်ကတည်းက အာဆီယံ ဖက်က မင်းအောင်လှိုင်၏ စစ်အုပ်စုကို အသိအမှတ်ပြုရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သော်လည်း၊ မလေးရှားနိုင်ငံ၏ ထိတွေ့ဆက်ဆံလာမှုသည် ၎င်းတို့၏ ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ် ချိန်ညှိမှုများ ပြုလုပ်နေပြီ ဆိုသည် ကို ဖော်ကျုးနေသည်။
သို့သော် ထိုသို့ ခေါင်းစဉ် တပ်ထားသော သတင်းကို မလေးရှား သတင်း ဝက်ဆိုက်ဒ် များက ပြန် ဖြုတ်သွားခဲ့သည်ကို သတိထားမိသည်။
ထိုနေ့တွင်ပင် အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၊ အော်လ်ဆင်း-ဘာမား နှင့် ပရိုဂရက်ဆစ် ဗွိုက်စ် အဖွဲ့တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အာဆီယံ၏ ချဉ်းကပ်ပုံမှာ ၎င်းတို့၏ "ဆိုးရွားလှသော ကျရှုံးမှုကြီး" ကို ထုတ် ဖေါ် ပြသ လိုက်ခြင်း ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
အဆိုပါ လူ့အခွင့်အရေးအဖွဲ့များက စစ် အုပ်စု စီစဉ်ကျင်းပခဲ့သည့် အဆင့်လိုက်ရွေးကောက်ပွဲများကို အချက်အလက်မှားများ ဖြန့်ဝေခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခြင်းတို့အပေါ် အခြေခံထားသည့် "အလိမ်အညာ ရွေးကောက်ပွဲ" ဟု သတ်မှတ်ကာ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြသည်။
နေပြည်တော်ရှိ စစ်ကောင်စီကို မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်ဆံခြင်းနှင့် ယခုအခါ ၎င်းတို့၏ ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုခြင်းအားဖြင့် — ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချခဲ့သည့် မင်းအောင်လှိုင် ဦးဆောင်သော မတရားအာဏာသိမ်းမှုကို အာဆီယံနိုင်ငံများက သွယ်ဝိုက်၍ အတည်ပြုပေးရာ ရောက်နေသည်ဟု ၎င်းတို့က ထောက်ပြကြသည်။
ထို့ပြင် အဆိုပါအဖွဲ့ ၃ ဖွဲ့က နိုင်ငံခြားအစိုးရများအမြင်တွင် တိုးတက်မှုများ ရှိနေသယောင် အတုအယောင် ဖန်တီးရန်အတွက် မကြာသေးမီက နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးကို နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းမှာ "သေချာဇာတ်ညွှန်းခွဲပြီး လုပ်ဆောင်ခဲ့သည့် အပြုအမူ" မျှသာဖြစ်ပြီး၊ ထိုကဲ့သို့ မျက်နှာပန်းလှအောင် လုပ်ပြသည့် အလျှော့ပေးမှုမျိုးဖြင့် အလှည့်စား မခံကြရန် သတိပေးခဲ့သည်။
မလေးရှားကဲ့သို့သော နိုင်ငံများက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းလာစေရေးအတွက် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမည့်ဘက်သို့ ယိုင်နေချိန်တွင်၊ လူ့အခွင့်အရေးအဖွဲ့များကမူ အာဆီယံအနေဖြင့် ယခင်က ချမှတ်ထားခဲ့သော "ဘုံသဘောတူညီချက် ၅ ချက်" ကို လုံးဝ စွန့်လွှတ်ရန် တောင်းဆိုနေကြသည်။
ထို အစား “တန်ပြန်အချက် ၅ ချက်” (Five Counter Points) ကို တွန်းအားပေး တောင်းဆိုနေကြပြီး၊ ယင်းအချက်များတွင် လေကြောင်းမှ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေးအားလုံး ဖြတ်တောက်ရန်၊ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်သာ သီးသန့်ထိတွေ့ဆက်ဆံရန် စသည်တို့ ပါဝင်သည်။
ဒေသတွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိသူများက လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် နေပြည်တော် ရှိ စစ်အုပ်စု နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်သည်ဟု အကြောင်းပြနေကြသော်လည်း၊ လူ့အခွင့်အရေးအဖွဲ့များကမူ စစ်တပ်က ထိန်းချုပ်ထားသော ယန္တရားများမှတစ်ဆင့် အကူအညီများ ပေးလာမည့် အရေး ကို ပြတ်ပြတ်သားသား ဆန့်ကျင် နေကြသည်။
ယင်းအစား အကူအညီများကို နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့် ပေးပို့ရန်နှင့် မြေပြင်ရှိ ဒေသခံ အရေးပေါ်တုံ့ပြန်ကူညီရေးအဖွဲ့များက တိုက်ရိုက်စီမံခန့်ခွဲရန် ၎င်းတို့က အဆိုပြုထားကြပြီး၊ စစ်အုပ်စု သည် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများကို လက်နက်သဖွယ် အမြဲတစေ အသုံးချလေ့ရှိကြောင်း သတိပေးထားသည်။
မလေးရှားနိုင်ငံအနေဖြင့် မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့နှင့် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံရန် ခြေလှမ်းပြင်လာသည့်အတွက်၊ ကျန်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်း သံတမန်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဘက်မှ ထွက်ပေါ်လာနေသည့် ဖိအားများကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟု DVB တွင် ရေးသားထားသည်။
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံ၏ ဆွေးနွေးမှုအပေါ် မြန်မာဘက်က ပုံမှန်မဟုတ်သည့် ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုမှုများ ရှိခဲ့ပြီး၊ အာဆီယံအဖွဲ့၏ ဆက်လက်ပိတ်ပင်ကန့်သတ်မှု များနှင့် ဝင်ရောက်စွက်ဖက်မှု များအပေါ် ဝေဖန်ပြစ်တင်ခဲ့သည်။ ဤသည်ကို ကြည့်မည်ဆိုက နေပြည်တော် ရှိ စစ်အုပ်စုသည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဆင်ခြင်လိုစိတ် တကယ်တမ်း ကင်းမဲ့နေသည်မှာ ထင်ရှားနေသည်ဟု ထိုင်း နိုင်ငံရေး သုံးသပ်သူ ကဝိ ချောင်ကစ်တာဝန်းက ဆိုသည်။
အာဆီယံ သိထားသင့်သည်က မင်းအောင်လှိုင် သည် မြန်မာ ကို ၎င်း အ ပိုင်စား ရထားသော နယ်မြေ ဟု သတ်မှတ်ထားသူ ဖြစ်ပြီး တိုင်းပြည် စီးပွားရေး၊ လူမှု ရေး၊ လူအချင်းချင်း စာနာ ထောက်ထား စရာများသည် အဆင်ပြေမှ လုပ်မည့် သ ဘောရှိပြီး စစ်နိုင်ရေးသာ အဓိက ထား နေသူ ဖြစ်သည်။ အာဆီယံသည်လည်း ၎င်း၏ ခံယူချက်များ နှင့် အညီ လိုက်ပြီး က ပြ အသုံးတော်ခံဖို့သာ လိုအပ်သည်ဟု ယူဆထားသူ ဖြစ်သည်။
ယခု ပင်လျင် ၎င်း၏ တပ်များသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ကို တော်လှန်ရေးအဖွဲ့များထံမှ ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် အရပ်သားပြည်သူများထံသို့ ရိက္ခာနှင့် ဆေးဝါးများ သယ်ယူပို့ဆောင်ခွင့် လမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်ဟုဧရာဝတီ သတင်း တွင် ပါရှိလာသည်။
"ကျွန်တော်တို့ မြို့ပြင်ကို ချဉ်ပေါင်ပင်တပင်တောင် သယ်ခွင့်မရဘူး" ဟု ဒေသခံတဦး ပြောခဲ့သည်ဟုလည်း ဆိုသည်။
တချိန်တည်းမှာပင် မေလ ၁၇ ရက်နေ့က ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၂) ခဲယမ်းမီးကျောက်စက်ရုံမှ စစ်အုပ်စု တပ်များ ဝင်ရောက် လာပြီးနောက်၊ အိမ်နီးချင်း ပေါက်မြို့နယ်ရှိ ဒေသခံပြည်သူ ၅,၆၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!