သမ္မတ တု မင်းအောင်လှိုင် ဖွဲ့စည်းလာသော အစိုးရသစ် အား ဘီဂျင်း မှ ဆက်လက်ပြီး စီးပွားရေး နှင့် သံတမန် ရေး အရ ထောက်ခံသွားမည်ဟု လူသိရှင်ကြား ကတိ ပေးထားခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းတို့ အပေါ် စေတနာရှိလွန်း၍ မဟုတ်၊ ထိုသို့ အကာအကွယ် ပေးထားရသည့် အတွက် ထိုက်ထိုက်တန်တန် ပြန်ရဖို့ အချိန်တန်လာပြီဟု ယူဆလာသည်။
တရုတ်သံအမတ်ကြီး မာကျား သည် ဒုတိယသမ္မတ ဆိုသူ ညိုစော နှင့် နေပြည်တော်တွင် အင်္ဂါနေ့က ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံ ဆွေးနွေးလာခဲ့ပြီ ဖြစ်သည်။
မာကျား မှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်း များအား အရှိန်မြှင့်တင် ပေးဖို့ ပြောဆိုလာခဲ့သည်။ ညိုစောကလည်း လုပ်ပေးပါမည်၊ တရုတ် စီမံကိန်းများ နှင့် ဝန်ထမ်းများ လုံခြုံရေး အတွက် ကာကွယ် ပေးသွားမည် ဟု ကတိပြုခဲ့ပြန်သည်။
မည်သည့် နိုင်ငံကမျှ ယခုလို အခြေအနေမျိုး တွင် ၎င်းတို့၏ ဝန်ထမ်း များကို သွားရောက်လုပ်ကိုင်ဖို့ စိတ်ကူးထဲပင် ထည့်ကြမည် မဟုတ်၊ ကိုယ်ကျင့် သိက္ခာအရလည်း လျှော်ကန် သင့်မြတ်မှု မရှိ၊ လက်နက်ကိုင် တပ်များက လုံခြုံ ရေး ယူပေးရမည့် အ ခြေ အနေမျိုး ဖြစ်သော်လည်း တရုတ် အစိုးရ အဖို့က ထည့်သွင်း စဉ်းစားရမည့် အရေးမဟုတ်၊ ထို စီမံကိန်းများ အကောင်အထည် ဖေါ်ဖို့ ၎င်းတို့ဖက်က အင်ဂျင်နီယာများ၊ ကျွမ်းကျင် အလုပ်သမားများ၊ ဖိုမင် အဆင့်လောက်သာ လွှတ်ဖို့ ရှိပြီး လိုအပ်နေသော လူကြမ်း အလုပ်သမား များ အတွက် မြန်မာ တို့သာ ပါလာရဖို့ ရှိပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ဂျပန်တို့၏ သံဖြူဇရပ် မီးရထား လမ်းကဲ့သို့ ချွေးတပ်ဆွဲခံရသည့် ဇာတ်လမ်းများ ထွက်ပေါ်လာပေတော့မည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ လာရောက်စဉ် အာဏာသိမ်း စစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးစဉ်က CMEC စီမံကိန်းများ အရှိန် မြှင့်သွားမည်ဟု ပြောကြားခဲ့သည် များ အတွက် မာကျားက ထပ်မံ နှိုးဆော်လာခြင်း ဖြစ်သည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လုပ်ဆောင်ရန်၊ နယ်စပ်ဒေသအခြေစိုက် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ညို စောသည် စစ်အုပ်စု၏ စီးပွားရေးယန္တရားတွင် အဓိကကျသော အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ သူသည် ယခင်က စစ်တပ်ပိုင် အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မင်းအောင်လှိုင်၏ စီးပွားရေးအကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ရေးသားထားသည်။
CMEC သည် တရုတ်နိုင်ငံ၏ ‘ရပ်ဝန်းနှင့် လမ်းမ’ (BRI) စီမံကိန်း၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မလက္ကာရေလက်ကြားကို ရှောင်ကွင်းကာ အိန္ဒိယသမုဒ္ဒရာသို့ တရုတ်နိုင်ငံအတွက် တိုက်ရိုက်လမ်းပေါက် ရရှိစေရန် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။
ထို့အတွက် ပိုက်လိုင်းကြီးသာမက နောက်ထပ် မီးရထား လမ်းမကြီးလည်း နိုင်ငံ အတွင်း ဖြတ်သန်း ဆက်သွယ် ခွင့် ပေးရတော့မည် ဖြစ်သည်။
အဆိုပါ စီးပွားရေးစင်္ကြံတွင် အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း (၃၅) ခုခန့် ပါဝင်ပြီး ၎င်းတို့အနက် စစ်မီးတောက်လောင်နေသော ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့မှာ ထင်ရှားပြီး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ အမျိုးမျိုးသော စီမံကိန်းများလည်း ပါဝင် နေသည်။
တချိန်တည်းမှာပင် မင်းအောင်လှိုင်သည် အဆိုပြုထားသည့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း၏ အဓိကကျသော လမ်းဆုံလမ်းခွဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ လမ်းများနှင့် လေဆိပ်အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင် နေသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သော်လည်း အဓိကကျသော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ကိုးကန့်တပ်မတော် (MNDAA) က ခိုင်ခိုင်မာမာ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ငြိမ်းချမ်းရေးမှာမူ အလွန်ပင် ထိလွယ်ရှလွယ်သည့် အခြေအနေတွင် ရှိနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့သည် မင်းအောင်လှိုင်၏ အမည်သစ်ပြောင်းထားသော စစ်အုပ်စု အစိုးရအပေါ် ထောက်ခံသည့် လက္ခဏာများ ပြသခဲ့ကြသော်လည်း MNDAA ကမူ သိသိသာသာ ရှောင်လွှဲနေခဲ့သည်။
ရေရှည်ခိုင်မြဲသော နိုင်ငံရေးအရ အဖြေရှာနိုင်ခြင်းမရှိပါက တိုက်ပွဲများ အချိန်မရွေး ပြန်လည်စတင်လာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးထားကြသည်။
တရုတ်နိုင်ငံနှင့် အဆင့်မြင့်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ မြေပြင်ရှိ ပကတိအခြေအနေများမှာမူ ပြတ်သား ရှင်းလင်းနေဆဲဖြစ်သည်။ ရှမ်းမြောက်ဒေသတွင် MNDAA က အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားပြီး၊ ရခိုင်ပြည်နယ်တွင်မူ CMEC ၏ ရေကြောင်းထွက်ပေါက်တစ်လျှောက်ရှိ မြို့အများစုကို အာရက္ခတပ်တော် (AA) က လက်ရှိတွင် ထိန်းချုပ်ထားသည်။
မင်းအောင်လှိုင် အဖို့က သမ္မတ လုပ်ပေး လျင် အဆင်ပြေပြီ ဟု မက်လုံးပေးခဲ့သော်လည်း ကျောက်ဖြူ မှ လွဲ၍ ကကြီးရေး ကပင် မစ နိုင် ဖြစ်နေရှာသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!