ထရမ့်မှ ကိုယ့် အစိုးရ ကိုယ် တရားပြန်စွဲ

by Hla Soewai - May 25 2026

ထရမ့်သည် ၎င်း၏ အခွန် တင်သွင်းလွှာကို ကို နယူးယောက်တိုင်းမ် သတင်းစာသို့ ပေါက်ကြားစေခဲ့ မှု အတွက် နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ရလိုမှု နှင့် ပြည်တွင်း အခွန် ဦးစီးဌာန (Internal Revenue Service) အား တရားစွဲဆိုခဲ့သည်။

 

IRS မှ ထိုအမှုအား တရားရုံးတွင် ရင်ဆိုင်ရန် ကြိုးပမ်းနေစဉ်မှာပင် တရားရေး ဝန်ကြီးဌာနမှ ကြားဝင်ပြီး ထရမ့်က တရားစွဲဆိုမှုကို ရုပ်သိမ်းပေးသည့်အတွက် အပြန်အလှန်အားဖြင့် ဖက်ဒရယ်အစိုးရ၏ မတရားပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ဆိုသူများအတွက် ဒေါ်လာ ၁.၇၇၆ ဘီလီယံတန်ဖိုးရှိ "လက်နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး" (anti-weaponization) ရန်ပုံငွေတရပ်ကို တည်ထောင်ကာ ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုငွေများကို ထရမ့်မှ ၎င်းအား ထောက်ခံခဲ့၍ နစ်နာခဲ့သူများ အား ချီးမြှင့်သွားမည် ဖြစ်သည်ဟု သိရသည်။

 

ထရမ့်သည် အဆိုပါ ရန်ပုံငွေအသစ်မှ ငွေကြေးတစုံတရာ ရရှိမည်မဟုတ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားထားသော်လည်း၊ ဝေဖန်ရေးသမားများကမူ ဤအစီအစဉ်ကို မစ္စတာထရမ့်၏ နိုင်ငံရေးထောက်ခံသူများအား ငွေကြေးပေးချေရန် ကြိုးပမ်းသည့် အကျင့်ပျက်ခြစားမှုတစ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

 

ထိုထောက်ခံသူများထဲတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အအုံ (Capitol Hill) ကို စီးနင်းတိုက်ခိုက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်ပိုင်းမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူများလည်း ပါဝင်နိုင်သည်။

 

ယာယီ ရှေ့နေချုပ်ဖြစ်သူ တော့ဒ် ဘလန့်ချ် သည် ထိုငွေကြေးခွဲဝေချထားပေးမှုကို ကြီးကြပ်မည့် ကော်မရှင်တွင် လူငါးဦး ခန့်အပ်ခွင့်ရရှိမည် ဖြစ်သော်လည်း ထရမ့်အနေဖြင့် ၎င်းတို့ထဲမှ မည်သူ့ကိုမဆို သဘောရှိ ရာထူးမှ ထုတ်ပယ်နိုင်ခွင့် ရှိသည်။ အဆိုပါ ရန်ပုံငွေမှ ငွေကြေးထုတ်ယူခွင့် ရရှိမည့်သူများမှာ မည်သူမည်ဝါဖြစ်သည်ဟူသော အချက်နှင့် ပတ်သက်၍ တရားရေးဝန်ကြီးဌာနဘက်မှ လက်ရှိအချိန်အထိ အသေးစိတ်အချက်အလက်များကို အနည်းငယ်သာ ထုတ်ပြန်ပေးထားသေးသည်။

 

အင်္ဂါနေ့တွင် တရားရေးဝန်ကြီးဌာနသည် ထရမ့်နှင့် ချုပ်ဆိုထားသော သဘောတူညီချက်ကို ထပ်တိုးလာခဲ့ပြီး၊ IRS အနေဖြင့် ထရမ့်ကို ၎င်း၊ ၎င်း၏ မိသားစု သို့မဟုတ် ၎င်းနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများအပေါ် အခွန် တင်သွင်းလွှာ မှန်မမှန် စစ်ဆေးရန် ရှိသည်များကို ရပ်ဆိုင်းပစ်မည်ဟု ကတိပြုခဲ့သည်။ IRS ၏ လုပ်ထုံးလုပ်နည်းများအရ သမ္မတ၏ အခွန်ကြေညာလွှာများကို နှစ်စဉ် စစ်ဆေးရန် တောင်းဆိုဖို့ ရှိ နေသည်။

 

ထိုရန်ပုံငွေ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပုံမှန်ဖြစ်နေသော အချက်ဟူ၍ လုံးဝမရှိဟု ထောက်ပြခဲ့ကြသည်။ တရားရေးဝန်ကြီးဌာန (DOJ) က နိုင်ငံရေးရပ်တည်ချက်ကြောင့် "လက်နက်သဖွယ် အသုံးချခံရမှုနှင့် ဥပဒေကို အလွဲသုံးစားလုပ် တိုက်ခိုက်ခံရမှုများ" (weaponisation and lawfare) ခံစားခဲ့ရသူ မည်သူမဆို နစ်နာကြေးတောင်းခံနိုင်ပြီး ငွေကြေးထုတ်ပေးမှုများကိုလည်း လျှို့ဝှက်ထားနိုင်ကြောင်း ပြောကြားထားသည်။ 

 

အမှန်စင်စစ်အားဖြင့်မူ ၎င်းသည် "ဥပဒေအရ အသိအမှတ်ပြု၍မရသော ထိခိုက်နစ်နာမှုများရှိနေသူများအတွက် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြင့် စိုက်ထုတ်ထားရပြီး၊ လွှတ်တော် သို့မဟုတ် တရားရုံးများ၏ ခွင့်ပြုချက် တခါမျှ မရရှိခဲ့ဖူးသည့် ကိုယ်ကျိုးသုံး/တရားမဝင် ရန်ပုံငွေ (slush fund)" တရပ်သာ ဖြစ်သည်။

 

၎င်းကို သီးသန့် သဘောတူညီချက်မျိုးဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအသုံးစရိတ်များကို ထိန်းချုပ်ပိုင်ခွင့်ရှိသည့် လွှတ်တော်ကို ကျော်ဖြတ်ရန် အဆင်ပြေလွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်သွားစေသည်။

 

လွှတ်တော်အဆောက်အအုံကို စီးနင်းတိုက်ခိုက်ခဲ့သူများသည် ထိုရန်ပုံငွေကို တောင်းခံရန် ဦးစားပေးအဆင့်တွင် ရှိနေလိမ့်မည်ဟု မျှော်လင့်ရသည်။ မစ္စတာထရမ့်သည် ရာထူးသက်တမ်း ပြန်လည်စတင်သည့် ပထမဆုံးနေ့၌ပင် ပါဝင်ခဲ့သူ ၁,၆၀၀ နီးပါးလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

 

ဆေးခန်းများကို ပိတ်ဆို့တားဆီးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည့် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများသည်လည်း အခြေခံအားဖြင့် ဤငွေကြေး payouts များနှင့် သက်ဆိုင် သကဲ့သို့ ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်က ထရမ့်သည် ထိုကဲ့သို့သောသူ ၂၄ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ဧပြီလအတွင်းကလည်း တရားရေးဝန်ကြီးဌာန (DOJ) သည် လွန်ခဲ့သော သုံးနှစ်က တရားရုံးတွင် အမှုမှ တရားသေလွတ်မြောက်ခဲ့သူ အခြားတဦးအား ဒေါ်လာ ၁.၁ သန်း ချီးမြှင့်ခဲ့သည်။

 

ထို့အပြင် နစ်နာကြေးတောင်းခံမည့် နောက်ထပ်အုပ်စုတစုမှာ အကြမ်းဖက်လို သော ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာနိုင်ဖွယ် ရှိသည်။ ထရမ့်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ စွဲချက်များကို လျှော့ချခြင်းနှင့် ပြစ်ဒဏ်များကို လျှော့ပေါ့ပေးခြင်းတို့ဖြင့် အင်အားအလွန်အကျွံသုံးစွဲမှုကြောင့် ဘိုင်ဒန်အစိုးရအဖွဲ့၏ တရားစွဲဆိုမှုကို ခံခဲ့ရသူများအပေါ် စွဲဆိုထားသော အမှုပေါင်း အနည်းဆုံး လေးခုကို ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့သည်။

 

"လက်နက်သဖွယ် အသုံးချမှု" ကို ဆန့်ကျင်သည့် ထရမ့်၏ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်မှုသည် ၎င်း၏ ကိုယ်ပိုင်အတွေ့အကြုံများမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ၎င်းသည် ဂျိုးဘိုင်ဒန်၏ တရားရေးဝန်ကြီးဌာန (DOJ) မှ နှစ်ကြိမ်၊ ဒီမိုကရက်တစ်ပါတီဝင် ခရိုင်ရှေ့နေများမှ နှစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိုင်တိုင် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထို့အပြင် တရားမ ရုံးတွင်လည်း တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထိုတရားစွဲဆိုသူ အချို့သည် ၎င်းအား အရေးယူအပြစ်ပေးမည်ဟူသော ကတိကဝတ်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထရမ့်သည် ၎င်းအား ဝေဖန်သူများကို ပစ်မှတ်ထား၍ အခြေအမြစ်မရှိ ကလဲ့စားချေ တရားစွဲဆိုမှုများ ပြုလုပ်ခြင်းဖြင့် ထိုသူအားလုံးထက်ပင် အဆမတန် ပိုမိုဆိုးရွားစွာ လုပ်လာခဲ့သည်။

 

IRS အပေါ် ထရမ့်၏ တရားစွဲဆိုမှုနှင့် ပတ်သက်သည့် ပြဿနာမှာ ထိုအမှု၏ တရားလိုနှင့် တရားခံ နှစ်ဖက်စလုံးသည် ၎င်း၏ လက်အောက်၌သာ ရှိနေခြင်းပင် ဖြစ်သည်။ ထိုစဉ်က ၎င်းက သတင်းထောက်များအား "ကျွန်တော်က ကိုယ်စွဲတဲ့ အမှု ကိုယ် ပြန်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ သဘောတူညီချက် ယူရမယ့်သဘော ဖြစ်နေတာပေါ့" ဟု ပြောခဲ့သည်။

 

The New Yorker မဂ္ဂဇင်း၏ ဇန်နဝါရီလအတွင်း ခန့်မှန်းချက်အရ ထရမ့်နှင့် ၎င်း၏ မိသားစုသည်  ထရမ့်၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း ဒေါ်လာ ၄ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။

 

ထရမ့်နှင့် ၎င်း၏ အဖွံ့သည် ငွေကြေးများကို မိမိတို့ကိုယ်တိုင်၊ မိမိတို့၏ အသိုင်းအဝိုင်း သို့မဟုတ် မိမိတို့၏ ထောက်ခံသူများထံသို့ မည်သို့ စီးဆင်းအောင် ဦးတည်လုပ်ဆောင်နေသည်ဖြစ်စေ၊ ၎င်းတို့သည်နိုင်ငံအုပ်ချုပ်ရေး လုပ်ငန်းစဉ်ကို မည်သို့နားလည်သဘောပေါက်ထားသလဲဟူသော မက်ဆေ့ခ်ျ တခုကို ပေးနေခြင်းဖြစ်သည်။ အကျိုးအမြတ်များနှင့် ဆုလာဘ်များသည် အမြဲတမ်းလိုလို မျက်နှာသာပေးခံရသူ အနည်းစုထံသို့သာ စုပုံရောက်ရှိသွားလေ့ရှိပြီး ကျန်ရှိနေသည့် ပြည်သူများ ကမူ ထိုအရာများအတွက် မိမိတို့ အခွန်ငွေဖြင့် စိုက်ထုတ်ပေးဆပ်နေရုံသာ ရှိ ပေတော့သည်။

 

Ref: The New York Times/ The Economist/ The Atlantic သတင်းဆောင်းပါး များ အား ကိုးကားသည်