Arakan Army (AA) ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖော်ဆောင်မည့် "ရက္ခိတအိပ်မက်" သည် ယခုအခါ အဆင့်သစ်တခုကို တက်လှမ်းလာနေပြီ ဖြစ်သည်။ AA သည် စစ်အုပ်စု ကို တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့တခုအဖြစ် တင် မကတော့ဘဲ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွေနှင့်အခြေခံအဆောက်အအုံ များကို တည်ဆောက်ပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိအောင် လုပ်ဆောင်လာ နေခြင်း ကြောင့် နယ်စပ်ဒေသတွင် အဓိကဦးဆောင်သူတဦး ဖြစ်လာသည်။
ယခု လိုမျိုး ဘူမိနိုင်ငံရေးအရ အချက်အချာကျ နေသည့် ရခိုင်ပြည်နယ်ကို AA က ခိုင်ခိုင်မာမာ ထိန်းချုပ်ထားနိုင်ခြင်းက အိမ်နီးချင်း အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်တို့အတွက် ဆက်ဆံရေးလမ်းကြောင်းသစ် ပွင့်လာခဲ့သည်။ ယင်းနှင့် အတူ အဆိုပါ အိမ်နီးချင်းနိုင်ငံ များ ဖက်က နယ်စပ်ဖြတ်ကျော်လုံခြုံရေး၊ စီးပွားရေးနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွေမှာ ဘယ်လိုမျိုး ပါဝင်ပတ်သက်ပြီး သြဇာလွှမ်းမိုးဖို့ ကြိုးစားလာကြမည်နည်း ဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မောင်းတော နှင့် တောင်ကုပ် မြို့များကို သိမ်းပိုက်နိုင်ခဲ့ချိန်က စပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိလာခဲသည့် အာရက္ခ တပ်တော်သည် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကဲ့သို့ အနီးတဝိုက် ရှိ အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၅ ဖွဲ့ကိုလည်း စစ်သင်တန်းများ ပေးခဲ့သည်။
လက်ရှိ တွင် တရုတ်သည် မည်သူမျှ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ကို တဦးတည်း မောင်ပိုင် စီးမထားနိုင်ရန် 'နှစ်လမ်းသွား ချဉ်းကပ်မှု" ဆိုသည့် မူဝါဒ ကို ကျင့်သုံးလာခဲ့သည်၊ MNDAA နှင့် TNLA ကဲ့သို့ အဖွဲ့များ၏ ခံယူချက် မခိုင်မာမှု ကို အခွင့် ကောင်းယူ ထိန်းချုပ်လာနိုင်ခဲ့သည်။
သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း အာရက္ခ တပ်တော် က နိုင်ငံငယ်တခုသဖွယ် အုပ်ချုပ်ရေးယန္တရားကို လျင်မြန်စွာ အခိုင်အမာ တည်ဆောက်လာနိုင်ခြင်းအပေါ် ဒေသတွင်း စီးပွားရေး ရည်မှန်းချက်များ ရှိနေသည့် ဘီဂျင်းသည် စိုးရိမ်မကင်း ဖြစ်လာစေသည်။ AA အား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ယူနိုင်ရန် ၎င်း၏ စီးပွားရေးဩဇာအာဏာကို အသုံးချလာလိမ့်မည်ဟု မျှော်လင့်ရသည်။
အာရက္ခ တပ်တော် အား တရုတ်က ငွေကြေး နှင့်လက်နက်များ ပံ့ပိုးကူညီမှုများ ပေးနေသည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ အငြင်းပွားစရာများ ရှိနေဆဲဖြစ်သည်။ သတင်း အချို့တွင် ငွေကြေးစီးဆင်းမှုများအပြင် ၂၀၁၉ ခုနှစ် စစ်တွေတိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် ၁၀၇ မမ ရော့ကတ်များအပါအဝင် တရုတ်နိုင်ငံထုတ် လက်နက်ခဲယမ်းများကို ရရှိနေကြောင်း ဖော်ပြကြသော်လည်း AA ဘက်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ထိုကဲ့သို့သော ပံ့ပိုးမှုမျိုး လုံးဝမရှိကြောင်း အခိုင်အမာ ပြောကြားထားသည်။
AA သည် တရားစီရင်ရေး၊ လူထု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပါအဝင် အုပ်ချုပ်ရေး ယန္တရားကို တိုးချဲ့ တည်ဆောက်လာနေသည်။ အိမ်နီးချင်း နိုင်ငံများကလည်း ရွေးကောက်ပွဲများ ဖြင့် မင်းအောင်လှိုင် သမ္မတ လုပ်လာသည်ကလွဲ၍ ရခိုင် တွင် ဆုံးရှုံးသွားသော နယ်မြေ တလက္မ မျှကိုပင် ပြန်သိမ်းနိုင်ခြင်း မရှိ၍ ဒေသတွင်း တည်ငြိမ်ရေးသည် မျှော်လင့်ထားသလို တိုးတက်မှု မရှိ ဖြစ်နေသည်ကို တွေ့လာကြသည်။
အာရက္ခတပ်တော်သည် လည်း နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရေး နှင့် ရင်းနှီးမြုပ်နှံမှုများ ရရှိရေး အတွက် အိမ်နီးချင်း နိုင်ငံများ နှင့် ပူးတွဲ ကြိုးပမ်းသွားရန် ရေရှည် ရည်မှန်းချက် တရပ် ချမှတ်လာခဲ့သည်။
အာရက္ခ တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အသစ် ခါလီလာ ရာမန် ထံသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။ လက်ရှိတွင် မင်းအောင်လှိုင်သည် ဟန်ပြ ရွေးကောက်ပွဲဖြင့် နိုင်ငံတွင်း အာဏာရှင်စနစ် ပိုမို ခိုင်မာအားကောင်းလာ အောင် မြှင့်တင်လာနေမှုသည် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ အကန့်အသတ်မရှိ ကြန့်ကြာသွားမည့် အန္တရာယ်ရှိလာသည်။ ထို့အတွက် ရခိုင်ပြည်နယ်တွင် အသစ်ပေါ်ထွက်လာနေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးယန္တရားများအတွင်း ရိုဟင်ဂျာများကို ထည့်သွင်းစဉ်းစားပေးရန် ရာမန် က အလေးအနက် ပြောကြားခဲ့ပြီး၊ အာရက္ခ တပ်တော် တွင် တာဝန် ရှိနေကြောင်း ထောက်ပြခဲ့သည်။
ရခိုင် ပြည်နယ် အတွင်း အိန္ဒိယ ၏ အရေးပါသော ရင်းနှီးမြုပ်နှံမှု များလည်း ရပ်တန့်နေသည်။ သို့သော်လည်း နေပြည်တော်ကို သံတမန်ရေးအရ ပစ်ပယ်ဖို့အထိ စွန့်စားရဲဦးမည် မဟုတ်ပေ။ တဖက်တွင်လည်း ထိုသို့ မစွန့်စားရဲ၍ ငါးနှစ်မျှ ရပ်တန့်ထားခဲ့ရသော ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTT) သည် အိန္ဒိယနှင့် အာရက္ခ တပ်တော် အကြား ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ ကူးပြောင်းရန် အရေးပါသော တွန်းအားများ ဖြစ်လာနေသည်။
အာရက္ခတပ်တော်သည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လုံခြုံရေး အရ အကာအကွယ် ပေးသွားမည်ဟု ကတိပြုထားခဲ့ပြီး ဖြစ်သည်။ အိန္ဒိယ ၏ အရှေ့ မျှော် မူဝါဒ နှင့်လည်း ဆက်စပ် နိုင်ရန် ကြိုးပမ်းလာခဲ့သည်။
အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးက ၂၀၂၆ ရွေးကောက်ပွဲ သည် မည်သို့မျှ တိုးတက်မှု ဖေါ်ဆောင်နိုင်မည် မဟုတ်ဆိုသည်ကို သဘောပေါက်လာကြပြီး၊ အာရက္ခ ဖက်ကလည်း ထိုနှစ်နိုင်ငံ၏ ထောက်ခံမှု မရပဲ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များ မည်သို့မျှ အကောင်အထည် ဖေါ်နိုင်မည် မဟုတ်ဆိုသည်ကို သိထားပြီး ဖြစ်သည်။
ဤအခြေအနေမျိုးတွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် state actors နှင့် non-state actors ဟု သတ်မှတ်ထားသည့် တင်းကျပ်သော ခွဲခြားမှုများကို ကျော်လွန်၍ မဟာဗျူဟာမြောက် လက်တွေ့ကျကျ စဉ်းစားလာကြတော့မည် ဖြစ်သည်။ ၎င်းတို့ အဖို့ကတရားဝင်နိုင်ငံရေးအာဏာ မည်သူ့ထံတွင် ရှိသည်ဆိုခြင်းထက်၊ လက်တွေ့တွင် နယ်မြေများကို မည်သူကထိန်းချုပ်ထားနိုင်သလဲ ဆိုသည့်အချက်အပေါ်တွင်သာ မူတည်လာသည်။
စစ်အုပ်စုနှင့် ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့်ပါ ဆက်သွယ်ဆောင်ရွက်နိုင်မည့် သံတမန်ရေးရာ လိုက်လျောညီထွေရှိမှု သည် အရေးပါသော အခြေခံအဆောက်အအုံများနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ကာကွယ်စောင့်ရှောက်ရန်အတွက် မရှိမဖြစ် လိုအပ်လိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေသော နိုင်ငံရေး အခင်းအကျင်းအပေါ် စနစ်တကျ တွက်ချက်ပြီး အပြောင်းအလဲများ လုပ်ဆောင်ရန် လိုအပ်လာပြီး၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ထောက်ခံလျက် စီးပွားရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်ထိန်းသိမ်းနိုင်မည့် အလွတ်သဘော သဘောတူညီချက်များကို တိုးမြှင့်ဖော်ဆောင်သွားကြရမည် သာဖြစ်သည် ဟု အိန္ဒိယ ရှိ Observer Research Foundation ၏ From Insurgent to Stakeholder: The Arakan Army’s Expanding Role ဆောင်းပါး တွင် ရေးသားထားသည်။
တရုတ်သည် စစ်အုပ်စု မှ အနှောက်အယှက် ပေးယုံသက်သက် ဗုံးကြဲတိုက်ခိုက်နေသည်က လွဲ၍ ရခိုင်တွင် မည်သို့မျှ ခြေကုပ် ယူ နိုင်တော့မည် မဟုတ်ဆိုသည်ကို သိထားပြီးဖြစ်၍ ၎င်းတို့၏ နှစ်လမ်းသွား မူအရ အာရက္ခ တပ်တော် နှင့် ထိတွေ့ဆက်ဆံသွားတော့မည် ဖြစ်သည်။
ယင်းသည် အိန္ဒိယ အတွက် လည်း စိန်ခေါ်မှုအရှိဆုံး ဖြစ်လာယုံမက အကျိုးသက်ရောက်မှု အကြီးမားဆုံးသော ဒေသ အဖြစ် ထွက်ပေါ်လာသည်။
ဤသို့ဖြင့် အာရက္ခ တပ်တော်သည် အိန္ဒိယ နှင့် တရုတ် အကြား ကောင်းစွာ ထိန်းညှိ လှုပ်ရှားသွားနိုင်မည့် အနေအထားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!