တော်လှန်ရေး တပ်တော်၏ ဖွဲ့စည်း တည်ဆောက်ပုံ
ကျွန်ုပ်တို့ သိမြင်ခဲ့ပြီးသည့်အတိုင်းပင်၊ တော်လှန်ရေးပြောက်ကျားတပ်တော်တခုသည် ၎င်း၏စစ်ဆင်ရေးနယ်မြေ မည်သို့ပင်ဖြစ်စေ၊ အလွန်အရေးကြီးသော အရန်တာဝန် (လက်ထောက်တာဝန်) အမျိုးမျိုးအတွက် တိုက်ခိုက်ရေးသမားမဟုတ်သည့် အရပ်ဘက်အဖွဲ့အစည်း အပေါ် မှီခိုအားထားရမည်ဖြစ်သည်။
လက်နက်ကိုင်တိုက်ပွဲသည် အောင်ပွဲအတွက် အဓိကကျသော အချက်ဖြစ်သည့်အားလျော်စွာ၊ ဤအရပ်ဘက်အဖွဲ့အစည်း တစ်ခုလုံးသည် တပ်တော်အား အစွမ်းကုန် အထောက်အပံ့ပေးနိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်ကြသည်ကို နောင်တွင် ကျွန်ုပ်တို့ တွေ့မြင်ကြရမည် ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံကို တပ်မှူးတဦး က ဦးဆောင်ပြီး၊ ကျူးဘားနိုင်ငံ၏ အခြေအနေတွင်မူ ဒေသအသီးသီး သို့မဟုတ် နယ်မြေအသီးသီး၏ ခေါင်းဆောင်များကို ခန့်အပ်သည့် စစ်ဦးစီးချုပ် က ဦးဆောင်သည်။ ထိုနယ်မြေခေါင်းဆောင်များသည် မိမိတို့သက်ဆိုင်ရာ လှုပ်ရှားနယ်မြေများကို အုပ်ချုပ်ပိုင်ခွင့်၊ စစ်ကြောင်းမှူးများ ကို ခန့်အပ်ပိုင်ခွင့်နှင့် အခြားသော အဆင့်နိမ့်အရာရှိများကို ခန့်အပ်ပိုင်ခွင့် အာဏာများ ရှိကြလေသည်။
စစ်ဦးစီးချုပ်၏ လက်အောက်တွင် စစ်ဒေသမှူးများ ရှိမည်ဖြစ်ပြီး၊ ၎င်းတို့၏ လက်အောက်တွင် အရွယ်အစား အမျိုးမျိုးရှိသော စစ်ကြောင်းများရှိကာ စစ်ကြောင်းတခုစီကို စစ်ကြောင်းမှူးတဦးစီက ကွပ်ကဲမည်ဖြစ်သည်။ စစ်ကြောင်းမှူးများ၏ လက်အောက်တွင်မူ ဗိုလ်ကြီးများနှင့် ဗိုလ်များ ရှိကြမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပြောက်ကျားတပ်ဖွဲ့တွင် ၎င်းတို့မှာ အနိမ့်ဆုံး ရာထူး များ ဖြစ်သည်။ တနည်း အားဖြင့်ဆိုသော် "ဗိုလ်" (Lieutenant) အဆင့်သည် သာမန်ရဲဘော်တစ်ဦး၏ အထက်တွင်ရှိသော ပထမဆုံး အရာရှိ အဆင့်ဖြစ်သည်။
ဤသည်မှာ ပုံသေကားချပ် မဟုတ်ဘဲ စနစ်တကျ ဖွဲ့စည်းထားပြီး လက်နက်အင်အား တောင့်တင်းသော စစ်တပ်တစ်ခုကို အောင်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံတွင် အဖွဲ့အစည်းကို မည်သို့ ဖွဲ့စည်းခဲ့သည်ဟူသော လက်တွေ့ဖြစ်ရပ်တစ်ခုကို ဖော်ပြခြင်းသာ ဖြစ်သည်။ အခြားသော အခြေအနေများတွင်လည်း ကျွန်ုပ်တို့၏ အတွေ့အကြုံများကို ပုံသေနည်းအဖြစ် ယူဆ၍ မရနိုင်ပေ။
ဤဖော်ပြချက်သည် တဖြည်းဖြည်း တိုးတက် ဖြစ်ပေါ်ပေါ် လာမှု များ နှင့်အတူ လက်နက်ကိုင် တပ်ဖွဲ့တခုကို မည်သို့ စနစ်တကျ ဖွဲ့စည်းနိုင်သည်ဆိုသည်ကို ရိုးရှင်းစွာ ပြသနေခြင်း ဖြစ်သည်။ ရာထူးအဆင့်အတန်းများက အဓိကမကျသော်လည်း အရေးကြီးသည့်အချက်မှာ - မိမိကွပ်ကဲရသော လက်တွေ့တိုက်ပွဲဝင်ရမည့် အင်အားစုနှင့် မညီညွတ်သည့် မည်သည့်ရာထူးမျိုးကိုမျှ အပ်နှင်းခြင်း မပြုရန်ပင် ဖြစ်သည်။
စွန့်လွှတ်စွန့်စားမှုနှင့် တိုက်ပွဲဝင်မှု ဟူသည့် မှတ် ကျောက် တင်ထားခံရခြင်း မရှိသူ မည်သူ့ကိုမျှ ရာထူးတိုးမြှင့်ပေးခြင်း မပြုသင့်ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ကျင့်တရားနှင့် တရားမျှတမှုကို ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။
ဤဖော်ပြချက်သည် တိုက်ပွဲကြီးများကို ဆင်နွှဲနိုင်စွမ်းရှိနေပြီဖြစ်သော ကောင်းစွာဖွံ့ဖြိုးပြီးသည့် တပ်မတော်တစ်ခုနှင့် သက်ဆိုင်သည်။ ပြောက်ကျားအဖွဲ့၏ ပထမအဆင့်တွင်မူ ခေါင်းဆောင်သည် မိမိနှစ်သက်ရာ ရာထူးကို ယူနိုင်သော်လည်း လက်တွေ့တွင် အင်အားစုအနည်းငယ်ကိုသာ ကွပ်ကဲရဦးမည် ဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံ၏ အရေးအကြီးဆုံး လက္ခဏာ တရပ်မှာ စည်းကမ်းဖောက်ဖျက်မှုအတွက် အပြစ်ပေးခြင်း ဖြစ်သည်။
စည်းကမ်းရှိမှုသည် ပြောက်ကျားတပ်ဖွဲ့၏ အခြေခံအုတ်မြစ် ဖြစ်ရမည် (ဤအချက်ကို ထပ်တလဲလဲ အလေးပေးပြောကြားလိုပါသည်)။ ကျွန်ုပ်တို့ အစောပိုင်းက ပြောခဲ့သကဲ့သို့ပင် စည်းကမ်းသည် မိမိကိုယ်တိုင် ကျကျနန စဉ်းစားဆင်ခြင်ပြီးမှ ဖြစ်ပေါ်လာသော အတွင်းစိတ်ယုံကြည်ချက်မှ အခြေခံရမည် ဖြစ်သည်။ ထိုအခါမှသာ အတွင်းစည်းကမ်းရှိသော လူသားတစ်ယောက် ဖြစ်လာပေမည်။ စည်းကမ်းဖောက်ဖျက်မှု တခုခု ဖြစ်ပေါ်လာပါက ကျူးလွန်သူသည် မည်သည့်ရာထူးရှိရှိ ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်ပြီး နောင်တရလောက်အောင်ပင် (နာကျင်စေလောက်အောင်ပင်) ထိရောက်စွာ အပြစ်ပေးရမည် ဖြစ်သည်။
ဤအချက်သည် အလွန်အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် ပြောက်ကျားရဲဘော်တဦးသည် ပုံမှန် စစ်တပ်မှ စစ်သည်တဦးနှင့်မတူဘဲ ပင်ပန်းဆင်းရဲမှုနှင့် အပြစ်ဒဏ်အပေါ် ခံစားရပုံချင်း ကွဲပြားသောကြောင့် ဖြစ်သည်။ ပြောက်ကျားတိုက်ခိုက်ရေးသမားတဦးအတွက် ထောင်ဒဏ် ၁၀ ရက် ကျခံရခြင်းဟူသော ပြစ်ဒဏ်သည် အလွန်ထူးကဲလှသည့် အနားယူချိန်ကြီးတခု ဖြစ်နေတတ်သည်။
အဘယ်ကြောင့်ဆိုသော် ထို ၁၀ ရက်လုံးလုံး မည်သည့်အလုပ်မျှ လုပ်စရာမလိုဘဲ စားရုံသာစားရမည်ဖြစ်ပြီး၊ စစ်ကြောင်းချီတက်ရခြင်းလည်းမရှိ၊ အလုပ်ကြမ်းလုပ်ရခြင်းလည်းမရှိ၊ ပုံမှန်ကင်းစောင့်ရခြင်းလည်းမရှိဘဲ မိမိအလိုရှိသလောက် အိပ်စက်ခြင်း၊ အနားယူခြင်းနှင့် စာဖတ်ခြင်းစသည်တို့ကိုသာ ပြုလုပ်ရသောကြောင့် ဖြစ်သည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် ပြောက်ကျားစစ်ဆင်ရေး အခြေအနေမျိုးတွင် လွတ်လပ်ခွင့်ကို ပိတ်ပင်ချုပ်ချယ်သည့် ထောင်ချခြင်း ကဲ့သို့သော နည်းလမ်းကို အပြစ်ပေးရန်အတွက် မသုံးသင့်ကြောင်း ထင်ရှားလှပေသည်။
ရဲဘော်တစ်ဦးချင်းစီ၏ တိုက်ပွဲဝင်စိတ်ဓာတ် အလွန်မြင့်မားပြီး မိမိကိုယ်မိမိ လေးစားတန်ဖိုးထားစိတ် ပြင်းထန်သည့် နေရာမျိုးတွင်မူ ၎င်းတို့၏ 'လက်နက်ကိုင်ဆောင်ခွင့်' ကို ပိတ်ပင်လိုက်ခြင်းကသာ စစ်မှန်သော အပြစ်ဒဏ်တစ်ခု ဖြစ်လာနိုင်ပြီး ကောင်းမွန်သော တုံ့ပြန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဤနည်းလမ်းသည်သာ ထိရောက်မှုရှိသော အပြစ်ပေးစနစ် ဖြစ်ပေသည်။
အောက်ပါ ရင်နင့်စရာ ဖြစ်ရပ်ကလေးက ဥပမာတခုပင် ဖြစ်သည်။ စစ်ပွဲ၏ နောက်ဆုံးရက်များအတွင်း လာ့စ်ဗီလာ့စ် ပြည်နယ်ရှိ မြို့တစ်မြို့ကို သိမ်းပိုက်ရန် မြို့လယ်ရှိ ရန်သူ့စခန်းများကို အသည်းအသန် တိုက်ခိုက်နေချိန်တွင် ကုလားထိုင်တလုံးပေါ်၌ အိပ်ပျော်နေသော လူတယောက်ကို ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်။
၎င်းကို စစ်မေးသောအခါတွင် ထိုသူက မိမိမှာ ကျည် မတော်တဆ ထွက်သွားခဲ့၍ လက်နက်အသိမ်းခံထားရသဖြင့် အိပ်နေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းအား ပြစ်ဒဏ်ပေးခံရမှုအပေါ် ဤကဲ့သို့ တုံ့ပြန်ရိုးထုံးစံမရှိကြောင်းနှင့် မိမိ၏လက်နက်ကို ဤနည်းဖြင့် မဟုတ်ဘဲ တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာတွင် ပြန်လည် အရယူသင့်ကြောင်း ပြောခဲ့သည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ဆန်တာကလာရာ မြို့ကို နောက်ဆုံးအကြိမ် အလုံးအရင်းနှင့် စစ်ဆင်တိုက်ခိုက်မှု စတင်ချိန်တွင် ကျွန်ုပ်တို့သည် ရှေ့တန်းဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ထိုနေရာတွင် သေအံ့ဆဲဆဲ ဖြစ်နေသော လူတယောက်က ကျွန်ုပ်အား လက်ကမ်းနှုတ်ဆက်ရင်း အထက်တွင် ကျွန်ုပ်ဖော်ပြခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်ပြောပြခဲ့သည်။ သူက မိမိအနေဖြင့် လက်နက်ကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ထိုလက်နက်ကို ကိုင်ဆောင်ခွင့်ကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ထို့နောက် မကြာမီအချိန်မှာပင် သူသည် ကွယ်လွန်သွားခဲ့လေသည်။
ဤသည်မှာ လက်နက်ကိုင်တိုက်ပွဲကို အစဉ်တစိုက် ဆင်နွှဲခြင်းဖြင့် ကျွန်ုပ်တို့၏ တပ်ဖွဲ့ဝင်များ ရရှိလာကြသော တော်လှန်ရေးစိတ်ဓာတ် အဆင့်အတန်းပင် ဖြစ်သည်။ လူအများစုမှာ ကြောက်ရွံ့ စိုးရိမ်စိတ်များ ရှိနေဆဲဖြစ်ပြီး၊ တကိုယ်ကောင်းဆန်သော စိတ်အခံများက တော်လှန်ရေးဩဇာ သက်ရောက်မှုကို ဟန့်တားနှောင့်နှေးစေတတ်သည်။ တိုက်ပွဲအစောပိုင်း ကာလများတွင်မူ ဤကဲ့သို့သော စိတ်ဓာတ်မျိုး ရရှိရန်မဖြစ်နိုင်ပေ။ သို့သော်လည်း အလုပ်ကို စိုက်လိုက်မတ်တတ် လုပ်ဆောင်ခြင်းနှင့် စံနမူနာကောင်းများ အစဉ်တစိုက် ပြသခြင်းတို့မှတစ်ဆင့် ထိုစိတ်ဓာတ်အဆင့်အတန်းသို့ နောက်ဆုံးတွင် ဆိုက်ရောက်သွားနိုင်မည် ဖြစ်သည်။
ညဉ့်နက်သန်းခေါင် ကင်းစောင့်ရခြင်းများနှင့် အဓမ္မ ခရီးရှည်ချီတက်ခိုင်းခြင်းများကို ပြစ်ဒဏ်အနေဖြင့် အသုံးပြုနိုင်သော်လည်း၊ ထိုကဲ့သို့သော ခရီးရှည်ချီတက်မှုများသည် လက်တွေ့တွင် အသုံးမဝင်လှပေ။ အကြောင်းမူကား ၎င်းတို့သည် ပြစ်ဒဏ်ပေးရန် သက်သက်မှအပ အခြားအကြောင်းပြချက်မရှိဘဲ လူကိုသာ အလဟဿ ပင်ပန်းနွမ်းနယ်စေပြီး၊ အတူလိုက်ပါရသော ကင်းစောင့် စစ်သည်များကိုလည်း ပင်ပန်းနွမ်းနယ် စေသောကြောင့် ဖြစ်သည်။
ထို့အပြင် ကင်းစောင့်တပ်သားများသည် တော်လှန်ရေးစိတ်ဓာတ် အကန့်အသတ်သာရှိသေးသည့် ပြစ်ဒဏ်ကျခံနေရသူများကို စောင့်ကြပ်ကြည့်ရှုနေရသဖြင့် ပိုမို၍ စိတ်အနှောင့်အယှက် ဖြစ်ရသေးသည်။
ကျွန်ုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော တပ်ဖွဲ့များ၌မူ အပြစ်အနည်းငယ် ကျူးလွန်ပါက မုန့်နှင့် ဆေးလိပ် ဖြတ်တောက်ပြီး ချုပ်နှောင်ထားသည့် ပြစ်ဒဏ်ကို ပေး၍၊ ပိုမိုကြီးလေးသော အပြစ်များအတွက်မူ အစားအစာ လုံးဝ ဖြတ်တောက်သည့် ပြစ်ဒဏ်ကို ပေးခဲ့သည်။ ထိုပြစ်ဒဏ်မှာ ပြင်းထန်လွန်းလှသော်လည်း ရလဒ်မှာမူ အလွန်ပင် ကောင်းမွန်လှသည်။ သို့သော် ဤပြစ်ဒဏ်မျိုးကို အလွန်ထူးခြားသော အခြေအနေများတွင်သာ အသုံးပြုရန် အကြံပြုလိုသည်။
*************