အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှား မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိပ်သီးအစည်းအဝေး သို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရမလားဆိုသည့်အပေါ် နိုင်ငံတကာ၏ တွေးဆချက်များနှင့် စောင့်ကြည့်မှုများ မြင့်တက်လာနေသည်။
ဤတွေးဆချက်များသည် ပြီးခဲ့သည့် ကြာသပတေးနေ့က နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အီစကန္ဒာ အာဇီဇော့ဗ် နှင့် စစ်အုပ်စု ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ တို့ တွေ့ဆုံကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ပိုမိုကျယ်လောင်လာစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဆင့်မြင့်အစည်းအဝေးကြီးကို ရုရှားနိုင်ငံ၊ ကာဇန် မြို့တွင် ဇွန်လလယ်၌ ကျင်းပရန် ရှိ နေပြီး၊ သမ္မတ ဗလာဒီမီယာ ပူတင်က အာဆီယံခေါင်းဆောင်များကို ဖိတ်ကြားရန်နှင့် ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်ကြရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။
ရုရှားသည် စစ်အုပ်စု အား လက်နက် အများဆုံးရောင်းချနေသည့် နိုင်ငံဖြစ်သည်။ မင်းအောင်လှိုင်သည် ၂၀၂၂တွင် တကြိမ်၊ ၂၀၂၅ တွင် နှစ်ကြိမ် သမ္မတ ပူတင်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ၎င်းတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုအတွင်း ရုရှားသမ္မတက မင်းအောင်လှိုင်အား မြန်မာနိုင်ငံသည် မော်စကို၏ "ရေရှည်တည်တံ့ခိုင်မြဲပြီး ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်သည်" ဟု ပြောကြားခဲ့သည်။ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
အကယ်၍ ပူတင်က မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့မည်ဆိုပါက ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သော မတရား လိမ်လည်သည့် ရွေးကောက်ပွဲမှတဆင့် ၎င်းကိုယ်တိုင် သမ္မတအဖြစ် ရာထူးရယူခဲ့ပြီးနောက်ပိုင်း၊ စစ်အုပ်စု ခေါင်းဆောင်အတွက် ပထမဆုံးအကြိမ် တက်ရောက်သည့် နိုင်ငံတကာ ထိပ်သီးအစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။ (ထိုသို့ ဖြစ်မလာအောင် ဝိုင်းဝန်း ဟန့်တား ကြရ ပေတော့မည်။)
"အရပ်သား" အစိုးရအဖြစ် အမည်ပြောင်းလဲပြင်ဆင်ထားသည့် စစ်အုပ်စု အသစ်သည် အာဆီယံထိပ်သီးအစည်းအဝေးမှ မင်းအောင်လှိုင်ကို ဖယ်ကျဉ်ထားခြင်းအပေါ် ဆတ်ဆတ်ခါ နာသွားခဲ့ကြပြီး နောက်ပိုင်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး၊ ၎င်းမှာ အာဆီယံ၏ "ခွဲခြားဆက်ဆံမှု" ဖြစ်ကြောင်းနှင့် တန်းတူရည်တူ ကိုယ်စားပြုခွင့်ကို ငြင်းပယ်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
စစ်တပ်ထောက်ခံသူများကလည်း စစ်ကောင်စီ၏ ရပ်တည်ချက်ကို ထပ်ဆင့် သံယောင််လိုက်ခဲ့ကြပြီး၊ အာဆီယံအဖွဲ့အပေါ် ဝေဖန်ပုတ်ခတ်မှုများကို အရှိန်အဟုန်ပြင်းပြင်း ပြုလုပ်ခဲ့ကြသည့်အပြင် မြန်မာကို အာဆီယံမှ နှုတ်ထွက်ရန်ပင် တောင်းဆိုခဲ့ကြသည်။
ဤကဲ့သို့သော အခြေအနေများကြောင့် ရုရှားနိုင်ငံတွင် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြေ ရှိ၊ မရှိ ဆိုသည့်အချက်မှာ နေပြည်တော်တွင် စိတ်ဝင်စားမှု အထူးမြင့်တက်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်လာသည်။
မင်းအောင်လှိုင်သည် သမ္မတအဖြစ် တာဝန်ယူခဲ့သည်မှာ တလကျော်မျှသာ ရှိသေးသော်လည်း အမေရိကန်ပြည်ထောင်စု၊ အနောက်နိုင်ငံအစိုးရများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစု၏ ပယ်ကျဉ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ထို့ကြောင့် ရုရှားနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်သည် ၎င်းအတွက် သမ္မတအဖြစ် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ မော်စကိုသည် စစ်အုပ်စု ၏ အဓိကမဟာမိတ်အဖြစ် ရပ်တည်နေခြင်းကြောင့် သမ္မတ ပူတင်အနေဖြင့် ၎င်းအား ဖိတ်ကြားရန် အလားအလာ ပိုမိုများပြားကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားကြသည်။
မြန်မာသည် လက်ရှိတွင် ရုရှား ဆိုင်ရာ အာဆီယံ၏ ညှိနှိုင်းရေးမှူး (၂၀၂၄-၂၀၂၇ ခုနှစ်အထိ) အဖြစ် တာဝန်ယူထားပြီး၊ ဤအခန်းကဏ္ဍကြောင့် (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ပတ်သက်နေခြင်းလည်း ဖြစ်သည်။
မင်းအောင်လှိုင် တက်ရောက်ခွင့် ရ၊ မရ ဆိုသည်မှာ မရေမရာဖြစ်နေဆဲ ဖြစ်သော်လည်း စစ်အုပ်စု သည် ရုရှားကို ဦးစားပေးအဖြစ် သတ်မှတ်ထားသည်။ လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ၎င်းသည် ရုရှားသို့ ၅ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး သမ္မတ ပူတင်နှင့် ၃ ကြိမ် တွေ့ဆုံခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည့် အကြိမ်အရေအတွက်ထက်ပင် ပို၍ များနေသည်။
ယခုအခါ ၎င်းအား ဖိတ်ကြားခံရနိုင်ခြေရှိ နေခြင်း ကြောင့် အာဆီယံ အဖွဲ့ကြီးအတွက် သံတမန်ရေးရာအရ အကြီးအကျယ် အကျပ်ရိုက်လာခဲ့သည်။ စစ်အုပ်စုအနေဖြင့် ဘုံသဘောတူညီချက် (၅) ချက်ကို ပြောင်ပြောင်တင်းတင်း လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းနှင့် လက်ရှိအချိန်အထိ စစ်ရေးအရ ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းတို့ကြောင့် အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်များကို ၎င်းတို့၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်အား ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။
မိမိအမြင်အရ ဆိုလျင် ရုရှားက မင်းအောင်လှိုင်အား ဖိတ်ကြားမည် ဆိုလျင် မလေးရှား၊ အင်ဒိုနီရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများ က အဆင့်နိမ့်ချပြီး နိုင်ငံခြားရေး ဝန်ကြီး အဆင့်လောက်သာ စေလွှတ်မည့် အလားအလာလည်း ရှိနေသည်။
ရုရှားသည် ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုကို ခံထားရသဖြင့် အာဆီယံ အဖွဲ့ကြီးနှင့် စီးပွားရေး၊ သံတမန်ရေးအရ ပိုမိုနီးကပ်ရန် လိုအပ်နေသည်။ ထို့ကြောင့် စစ်အုပ်စု ကြောင့် အာဆီယံအဖွဲ့ကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသည့် တွက်ချက်မှုမျိုးလည်း ရုရှားဘက်တွင် ရှိနိုင်သည်။ မင်းအောင်လှိုင်ကို မဖိတ်ဘဲ ချန်ထားမည် ဆိုက မြန်မာ နှင့် ဆက်ဆံရေးသည် မည်သို့မျှ ထိခိုက်မည် မဟုတ်ဆိုသည်ကိုလည်း သိထားပြီး ဖြစ်သည်။
နှစ်သိမ့်သည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး အဆင့် လောက်သာ ဖိတ်ခေါ်နိုင်သည်။ သို့မဟုတ်ပါကလည်းမင်းအောင်လှိုင်ကို "အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်" အနေဖြင့် မဟုတ်ဘဲ၊ ရုရှားသမ္မတ၏ "အထူးဧည့်သည်တော်" အနေဖြင့် ဖိတ်ကြားပြီး သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်လာနိုင်သည်။
ဖိတ်ကြားဖို့က အာဆီယံနိုင်ငံများ၏ တုံ့ပြန်မှုကို ရုရှားက မည်သို့ရင်ဆိုင်ကျော်လွှားမည်နည်း ဆိုသည့်အချက်အပေါ်တွင်မူ တည်နေသည်။
ထို အဖြေကို လာမည့် သီတင်းပတ်များ အတွင်း ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ပြည်သူများ၏ တရားသော စစ် မုချ အောင်ရမည်!!!