ပင်လယ်ကွေ့စစ်ပွဲနှင့်အတူ ရေရှည်အပြောင်းအလဲဆီ ဦးတည်သွားမည့် အာရှဒေသ

by Hla Soewai - May 25 2026

မိုဒီ ပြောလာလျင် အိန္ဒိယပြည်သူတွေ နားထောင်လေ့ရှိပြီး၊ ယခုလည်း ကိုဗစ်တုန်းကလို စည်းကမ်းရှိရှိနှင့် အိမ်ကနေ အလုပ်လုပ်ဖို့၊ နိုင်ငံခြားခရီးတွေ လျှော့သွားဖို့ ထပ်ပြီး တောင်းဆိုလိုက်ပြန်သည်။

 

အီရန်စစ်ပွဲကြောင့် ပိုမိုဆိုးရွားလာသည့် စွမ်းအင်ပြတ်လပ်မှု များ နှင့် ရင်ဆိုင်လာနေရ၍ မိုဒီက ယခုလို တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်။ 

 

ရက်သတ္တပတ်တော်တော်ကြာအောင် အိန္ဒိယအစိုးရသည် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေကို မတက်အောင် ထိန်းထားပေးခဲ့သည်။ ထိုကဲ့သို့ ထိန်းထားနိုင်ရန် အတွက် နိုင်ငံပိုင် ရေနံကုမ္ပဏီများအား ပြည်ပကနေ ဈေးကြီးပေးဝယ်ရသည့် ရေနံစိမ်း အတွက်ကုန်ကျစရိတ်များကို အရှုံးခံပြီး ကြိတ်မှိတ်တောင့်ခံခိုင်းခဲ့သည်။

 

အိန္ဒိယတင်မက၊ လက်ရှိ အာရှနိုင်ငံအတော်များများသည်လည်း ပြည်သူများကို အသုံးစရိတ်များ လျော့ချ ကြဖို့ တောင်းဆိုနေကြရပြီး စွမ်းအင်ချွေတာရေးကို စောစောစီးစီး ကြိုတင်ပြင်ဆင်ခဲ့သည့် ထိုင်းနှင့် ဖိလစ်ပိုင် တို့တွင်ပင် ယခုအခါ စိုးရိမ်ရသည့် အခြေအနေဆိုးထဲကို ရောက်လာနေပြီ ဖြစ်သည်။

 

ပါကစ္စတန်နှင့် ဖိလစ်ပိုင်လိုမျိုး စက်သုံးဆီဈေးနှုန်းကို အစိုးရက ကန့်သတ်မထိန်းချုပ်ထားသည့် နိုင်ငံများတွင် တော့ ဆီဈေးနှုန်းများသည် အဆမတန် ထိုးတက်သွားခဲ့သည်။

 

ဈေးကြီးတာထက် ပိုပြီးစိုးရိမ်စရာကောင်းလာသည်က (အထူးသဖြင့် အာရှ ဖွံ့ဖြိုး ဆဲနိုင်ငံများတွင်) စက်သုံးဆီ လုံးဝပြတ်လပ်သွားနိုင်သည့် အခြေအနေပင် ဖြစ်သည်။ သတင်းများအရ အင်ဒိုနီးရှားနိုင်ငံတွင် သုံးပတ်စာသာ အရန်ဆီကျန်တော့ပြီး၊ ဗီယက်နမ် တွင် ဆိုက တလစာတောင် မပြည့်တော့။

 

ပါရှန်ပင်လယ်ကွေ့နိုင်ငံများ ဆီက သဘာဝဓာတ်ငွေ့ကို အဓိကအားထားနေရသည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူများသည် အချိန်အကြာကြီး မီးပျက်သည့် ဒုက္ခကို အလူးအလဲ ခံစားနေကြရသည်။ ကျေးလက်ဒေသ များရှိ ဆီဆိုင် များတွင် စက်သုံးဆီများ ပြတ်လပ်လာနေသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လယ်သမားတဦးဖြစ်သည့် မီဇာနု ရာမန်က ၎င်း၏ ဒုက္ခကို အခုလို ရင်ဖွင့်လာသည်။ "ကျွန်တော်တို့ မနက်အစောကြီး ၂ နာရီကတည်းက အိပ်ရာထပြီး တခါတလေ ဒီဇယ်ဆီ ၂ လီတာလောက် ရဖို့အတွက် ၂၄ နာရီလောက်အထိ စောင့်ရတတ်ပါတယ်"

 

ဘင်္ဂလားဒေ့ရှ် လယ်သမား မစ္စတာ ရာမန် ကြုံတွေ့နေရသည့် ဒုက္ခသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မည်မျှအထိ အထိနာနေသလဲ ဆိုသည်ကို အထူးမီးမောင်းထိုးပြနေပြ နေခြင်းပင် ဖြစ်သည်။

 

လယ်သမားများသည် ဒီဇယ်ဆီတင် သာ မကဘဲ စိုက်ပျိုးရေးသုံး မြေသြဇာတွေပါ ပြတ်လပ်သည့် ဒုက္ခနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံ များကနေ အဓိကထုတ်လုပ်သည့် 'ယူရီးယား' မြေသြဇာဈေးနှုန်းသည် စစ်ပွဲစတင်ကတည်းက ၅၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။

 

အာရှတစ်လွှားရှိ သန်းနဲ့ချီ သော စပါးစိုက်လယ်သမား များသည် ယခုအခါ မိုးစပါးစိုက်ပျိုးဖို့ ပြင်ဆင်နေကြပြီဖြစ် သော်လည်း ကုန်ကျစရိတ်များ မတန်တဆ များလာသည့် အတွက် စိုက်ပျိုးမည့် အစီအစဉ်များကို လျှော့ချနေကြသည်။

 

ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနအဖွဲ့ (IRRI) က ဒေါက်တာ အလီရှာ မာဇာဘာယက်ဗ် က အခြေအနေကို အခုလို သုံးသပ်ထားသည်။ "လက်ရှိအချိန်မှာတော့ ဆန်စပါးစိုက်ပျိုးတာဟာ အကျိုးအမြတ် မကျန်တော့မယ့် ပြဿနာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီစစ်ပွဲသာ ဆက်ပြီးဖြစ်နေဦးမယ်ဆိုရင်တော့ ဒါဟာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာ အထိ ဖြစ်လာပါလိမ့်မယ်။" 

 

စက်သုံးဆီနှင့် ရေနံဓာတုကုန်ကြမ်း များ ဈေးတက်၊ ပြတ်လပ်ကုန်သည့် အတွက် ဘင်္ဂလားဒေ့ရှ်ရှိ အထည်ချုပ်စက်ရုံများ၏ ကုန်ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်းလောက်အထိ ကျသွားသလို၊ ဂျပန်မုန့်ကုမ္ပဏီ များပင်ကုန်ကျစရိတ်လျှော့ချဖို့ မုန့်ထုပ်များကို အဖြူအမည်းအရောင် သုံးပြီး ထုတ်နေကြရသည်။ အာရှရှိ ပလတ်စတစ်စက်ရုံ များလည်း ကုန်ကြမ်းမရှိ၍ ကန်ထရိုက်စာချုပ်အတိုင်း ပစ္စည်းမသွင်းနိုင်တော့ သည် အထိ အခြေအနေ ဆိုးရွားနေသည်။

 

ဖိလစ်ပိုင်တွင် ကုန်ဈေးနှုန်းများ တက်လာပြီး စီးပွားရေးတိုးတက်မှုနှုန်း သည် ကိုဗစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေကို ရောက်နေသည်။ ယင်းသည်အစပျိုးလာယုံ သာ ရှိသေးသည်။ စစ်ပွဲသာ ကြာရှည်လာမည် ဆိုက တောင်အာရှနိုင်ငံများ၏ စီးပွားရေးသည် တဟုန်ထိုး ကျဆင်းသွားဖို့ ရှိနေပြီး၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင်လည်း ယခု နှစ်ထဲ စား‌ သောက်ကုန် ဈေးနှုန်းများသည် ၁၀ ရာခိုင်နှုန်းထက်မက ပိုပြီးကြီးလာနိုင်သည်ဟု ပညာရှင် များက သတိပေး လာကြသည်။

 

ပြည်သူများ ဆီဈေး၊ မြေသြဇာဈေး သက်သာအောင် အစိုးရ များက ကြားကနေ ငွေကြေးအမြောက်အမြား စိုက်ထုတ်အရှုံးခံပေးနေရ၍ နိုင်ငံတော်ဘဏ္ဍာ များ အကြီးအကျယ် ထိခိုက်လာ‌ နေရသည်။ အိန္ဒိယဆိုက ဆီဈေးထိန်းဖို့ တရက် ဒေါ်လာသန်း ၁၅၀၊ အင်ဒိုနီးရှားက ဒေါ်လာသန်း ၆၀ စီ နေ့တိုင်း အကုန်ခံနေရပြီး ယင်းသည် ရေရှည်တွင် နိုင်ငံများ၏ GDP ၁ ရာခိုင်နှုန်းလောက်အထိ ဘဏ္ဍာငွေ ပြုန်းတီးမယ့် အခြေအနေ မျိုး ဖြစ်သည်။

 

အစိုးရများက ပိုက်ဆံ ထပ်ပြီး စိုက်ထုတ်ပေးဖို့ မတတ်နိုင် ဖြစ်လာသည့်အခါ ဆီဈေး၊ မြေသြဇာဈေးများကို လွှတ်ပေးလိုက်မည် ဆိုက ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြလာကြမည် ဖြစ်သည်။ ယခင်ကလည်း အိန္ဒိယတွင် ဆန္ဒပြပွဲ များ ကြောင့် မိုဒီ နောက် တွန့်သွားခဲ့ရဖူးသလို၊ သီရိလင်္ကာမှာ အစိုးရပြုတ်ကျခဲ့သလိုမျိုး ဖြစ်လာမည်ကို အာရှ ရှိ အစိုးရများ ကြောက်နေကြသည်။ လက်ရှိတွင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ကိုရီးယားတို့ တွင် ဆန္ဒပြပွဲများ စပြီး အုန်းအုန်းထလာနေပြီ ဖြစ်သည်။

 

အာရှအစိုးရများသည် စစ်ပွဲကြောင့် ဆီလျှော့သုံးခိုင်းရုံတင်မက နည်းလမ်းသစ်များ ရှာနေကြသည်။ ဆီဝယ်ယူ နိုင်မည့် လမ်းကြောင်းအသစ်များ ပြောင်းလာသည်။ (ဥပမာ-ထိုင်းက ဘရာဇီးနှင့် လစ်ဗျားဆီက ဝယ်ခြင်း)၊ ဇီဝလောင်စာများ ပိုသုံးလာမည် ဖြစ်၍ စင်ကာပူလို နိုင်ငံမျိုးက သဘာဝစွမ်းအင်များအား ငွေပုံအောကာ ရင်းနှီးမြှုပ်နှံ လာကြသည်။ ထိုအပြောင်းအလဲ များသည် စစ်ပွဲပြီးသွားခဲ့လျင်ပင် ရေရှည်အကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်သည်။

 

အာရှ နိုင်ငံများ ထိုကဲ့သို့ ပြဿနာများ ကြုံနေရသော်လည်း ဩစတြေးလျနှင့် တရုတ်က အမြတ်ထွက်နေသည်။ ဩစတြေးလျသည် ဂျပန်၊ မလေးရှား၊ စင်ကာပူတို့နှင့် သဘာဝဓာတ်ငွေ့ အရောင်းအဝယ် စာချုပ်အသစ်များ ချုပ်ဆိုနိုင်ခဲ့ သလို၊ တရုတ်ကလည်း ဆိုလာပြားတွေ ပိုရောင်း ထွက်လာတော့ မည့်အပြင် နိုင်ငံထဲတွင် ရေနံအများကြီး သိုလှောင်ထားနိုင်သည့် အတွက် အကျပ်အတည်း ကျနေသည့် တခြားနိုင်ငံ များအပေါ် သံတမန်ရေးအရ သြဇာပြနိုင်သည့် အနေအထား ဖြစ်လာသည်။

 

တရုတ်သည် ယခင်က ပိတ်ပင်ထားသည့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ) တင်ပို့မှုကို ယခုလထဲတွင် ပြန်ခွင့်ပြုလိုက်သည်။ ထိုဆီများကို ၎င်းတို့နှင့် ပလဲနံပ သင့်သည် ဗီယက်နမ်နှင့် လာအိုတို့ထံ ပထမဆုံး ပို့ပေးမှာ ဖြစ်သလို၊ အမေရိကန် ဘက်တော်သား ဖြစ်သည့် ဩစတြေးလျနိုင်ငံပင်လျှင် လေယာဉ်ဆီ လိုအပ်နေ၍ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဘီဂျင်းအထိ သွားပြီး တရုတ်နှင့် စာချုပ်ချုပ်ခဲ့ရသည်အထိ တရုတ်သည် စွမ်းအင်ဈေးကွက်တွင် သြဇာ ညောင်းလာနေသည်။

 

အကျပ်အတည်းကြုံလာရ၍ အာရှနိုင်ငံ များသည် အချင်းချင်း ပို၍ ပူးပေါင်းလာကြသည်။ အာဆီယံနိုင်ငံများက အရေးပေါ်ဆီသိုလှောင်ရုံ အတူတကွဆောက်ရန် တိုင်ပင်နေကြသလို၊ ADB ဘဏ်ကလည်း ဒေါ်လာဘီလီယံ ၅၀ အကုန်ခံပြီး အာရှ တခွင်လုံးရှိ မီးလိုင်းများကို အချင်းချင်းချိတ်ဆက်ဖို့ ပြင်ဆင်နေသည်။ 

 

ယင်းသည် ရေရှည်တွင် မီးခဏခဏပျက် မှု နှင့် ဆီဈေးကြီး လာမည်ကို ဖြေရှင်းပေးနိုင်မည် ဖြစ်၍ "ဒီစနစ်မျိုးသာ အရင်ကတည်းက ရှိနေရင် ပြီးခဲ့တဲ့ နှစ်လအတွင်း ဒီလောက် ထိ ဒုက္ခ ရောက်မှာမဟုတ်ဘူး" ဟု ပညာရှင်များက မှတ်ချက်ချခဲ့သည်။

 

ယခင် အချိန်များက အာရှနိုင်ငံ များသည် ဘေးအိမ်နီးချင်းနိုင်ငံများကို မယုံ၍ လျှပ်စစ်မီးလိုင်းချင်း ချိတ်ဆက်ဖို့ ငြင်းခဲ့ကြသည်။ ယခု အခါတွင် တော့ ကိုယ်နှင့် မဆိုင်သည့် အဝေး တနေရာက စစ်ပွဲကြောင့် တနိုင်ငံလုံး ဆီပြတ်၊ မီးပျက် ဒုက္ခရောက်လာရသည့် အခါတွင်တော့ "အချင်းချင်း ရန်ဖြစ် နေတာတွေက အသေးအဖွဲလေးပါလား" ဆိုပြီး သဘောပေါက်ကာ ပူးပေါင်းဖို့ လက်ခံလာကြသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

 

(၂၀၂၆ မေလ ၁၄ ရက် နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိလာသည့် The Gulf war will change Asia for good ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)