ဤနေရာတွင်ပင် အဓိပ္ပာယ်မဲ့မှု ဆိုသည်မှာ ကိန်းဝပ်နေတော့သည်။ ထို "ရုပ်ရှင်ဒါရိုက်တာ" ပြောဆိုချက်များထဲတွင် အမှန်တရား လုံးဝမပါဝင်ဟု မဆိုလိုပါ။ အကြောင်းမှာ အဓိပ္ပာယ်မဲ့မှုဆိုသည်မှာ အမှန်တရား၏ မျိုးစေ့မှ ပေါက်ဖွားလာလေ့ရှိသောကြောင့် ဖြစ်သည်။
မှန်ပါသည်၊ အနုပညာသည် စစ်ပွဲထက် ပိုမိုအသက်ရှည်သည်။ သန်းပေါင်းများစွာသော စစ်သည်များ၏ ရုပ်အလောင်းများကို သဘာဝတရား၏ နေ့စဉ်ဖြစ်ပျက်မှုများက အမှုန့်ကြိတ် ဖျက်ဆီးပစ်လိုက်သည့် တိုင်အောင် အနုပညာလက်ရာများမှာမူ ရေရှည်တည်တံ့ မြင့်မားစွာ ကျန်ရစ်နေတတ်သည်။ သို့သော် ထိုဒါရိုက်တာ၏ အတ္တကြီးမားလှသော စိတ်ကူးထဲတွင်မူ သူ၏ အနုပညာလက်ရာသည် စစ်ပွဲ၏ စစ်မှန်သော အနက်အဓိပ္ပာယ်ဖြစ်သည့် သေဆုံးသွားသူ သုံးသန်း၊ လေးသန်း သို့မဟုတ် ခြောက်သန်းထက် ပို၍အရေးကြီးသည်ဟု ဆိုလိုနေခြင်းဖြစ်ကြောင်း ကျွန်တော် လုံးဝ သံသယ မဖြစ်မိပါ။
"သူတို့ကိုယ်သူတို့ ကိုယ်စားမပြုနိုင်ကြ သော သူများကို တစ်စုံတစ်ယောက်က ကိုယ်စားပြုပေးရမည်။" မိမိကိုယ်ကို လူတန်းစားတစ်ရပ်အဖြစ် မြင်နိုင်လောက်အောင် နိုင်ငံရေးအသိ မနိုးကြားသေးသော ဖိနှိပ်ခံလူတန်းစားများအကြောင်းကို မတ်စ် က ပြောခဲ့ဖူးသည်။
သို့သော် ထိုစကားသည် သေဆုံးသွားသူများနှင့် (ရုပ်ရှင်ထဲမှ) လူပို (Extras) များအတွက် ပို၍ပင် မှန်ကန်နေဦးမည်လား။ သူတို့၏ ကံကြမ္မာမှာ အဓိပ္ပာယ်ကင်းမဲ့လွန်းလှသဖြင့် သူတို့ရရှိသော တနေ့ တဒေါ်လာကို ညစဉ် အရက်သောက်ရင်း ဖြုန်းတီးပစ်ကြသည်။ ကျွန် တော်ကိုယ်တိုင်လည်း သူတို့နှင့်အတူ ထိုလုပ်ရပ်တွင် ဝမ်းမြောက်ဝမ်းသာ ပါဝင်ခဲ့မိပြီး ကျွန် တော် ၏ ဖြစ်တည်မှု အစိတ်အပိုင်းလေးတစ်ခုမှာလည်း သူတို့နှင့်အတူ သေဆုံးသွားသကဲ့သို့ ခံစားရသည်။
ကျွန် တော် ၏ အောင်မြင်မှုဆိုသည်မှာ သိမ်ဖျင်းလွန်းလှသည်ဟူသော ခံစားချက်က ကျွန်ုပ်အား ဝါးမြိုလာတော့သည်။ ကျွန် တော်တို့၏ (လူမျိုး) ပုံရိပ်ကို ကိုယ်စားပြုတင်ပြပုံတွင် အပြောင်းအလဲတခုခု ဖန်တီးနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့မိခြင်းမှာ ကျွန် တော် ၏ ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်သည်။
ကျွန် တော် သည် ဇာတ်ညွှန်းကို ဟိုနားဒီနား ပြင်ဆင်ခဲ့သည်၊ စကားပြောခန်း အနည်းငယ် ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့သည်။ သို့သော် ဘာအတွက်ကြောင့်လဲ။ ကျွန် တော် သည် ဤ "ဧရာမသတ္တဝါကြီး" ဖြစ် သော ဟောလိဝုဒ်ယန္တရား ကို လမ်းကြောင်းလွဲအောင် မလုပ်နိုင်ခဲ့သလို ဦးတည်ချက်ကိုလည်း မပြောင်းလဲနိုင်ခဲ့။
ကောင်းချင်ယောင်ဆောင်ထားသော ရုပ်ရှင် ခပ်ညံ့ညံ့ များထဲတွင် ခြောက်လှန့်နေသည့် ဝိညာဉ်တခုအလား၊ တိကျမှန်ကန်မှုအတွက် တာဝန်ခံရသော နည်းပညာအကြံပေးတစ်ယောက်အနေဖြင့် ထိုယန္တရားကြီး၏ လမ်းကြောင်းကို ပို၍ ချောမွေ့သွားအောင်သာ လုပ်ပေးခဲ့မိသည်။
ကျွန် တော့် တာဝန်မှာ ရုပ်ရှင်၏ နောက်ခံတွင် လှုပ်ရှားသွားလာနေသူများသည် ဗီယက်နမ်စစ်စစ်များ ဖြစ်နေစေရန်၊ ဗီယက်နမ်စကား စစ်စစ်များ ပြောနေစေရန်နှင့် မသေဆုံးမီ ခဏလေးအတွင်းမှာ ဗီယက်နမ်အဝတ်အစား စစ်စစ်များကို ဝတ်ဆင်ထားစေရန် သေချာအောင် လုပ်ပေးဖို့သာ ဖြစ်သည်။
လေယူလေသိမ်းနှင့် ဝတ်စုံ ဒီဇိုင်းမှာ အစစ်ဖြစ်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့သော ရုပ်ရှင်မျိုးတွင် တကယ့်ကို အရေးကြီးသည့် စိတ်ခံစားမှု သို့မဟုတ် အတွေးအခေါ်များမှာမူ အတုအယောင်များသာ ဖြစ်နေနိုင်သည်။
ကျွန် တော် သည် ကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝသော လူဖြူများက ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ဝတ်ဆင်မည့် အဝတ်အစား တခုတွင် ချုပ်ရိုးချုပ်သား မှန်ကန်အောင် လုပ်ပေးရသော အထည်ချုပ်အလုပ်သမား တယောက်ထက် မပို။ သူတို့သည် ကုန်ထုတ်လုပ်မှု အင်အားစုများကို ပိုင်ဆိုင်ထားကြသကဲ့သို့၊ ပုံရိပ်ကို ကိုယ်စားပြုတင်ပြခွင့် ကိုလည်း ပိုင်ဆိုင်ထားကြသည်။
ကျွန် တော် တို့ အများဆုံး မျှော်လင့်နိုင်သည်မှာကား အမည်မသိ သေဆုံးခြင်းသို့ မရောက်မီ အချိန်လေးအတွင်းမှာ စကားတခွန်းနှစ်ခွန်းလောက် ကြားဖြတ်ပြောခွင့်ရဖို့သာ ဖြစ်တော့သည်။
ထိုရုပ်ရှင်ဆိုသည်ကလည်း ကျွန် တော် တို့ဆင်နွှဲခဲ့ရသည့် စစ်ပွဲ၏ နောက်ဆက်တွဲ မျှသာဖြစ်ပြီး၊ အမေရိကန်တို့ မလွဲမသွေ ဆက်လက်ဆင်နွှဲဦးမည့် နောက်ထပ်စစ်ပွဲတခုအတွက် အစပျိုးဇာတ်လမ်း မျှသာ ဖြစ်ပေသည်။ ရုပ်ရှင်ထဲက ဇာတ်ပို့ဇာတ်ရံ များကို သတ်ဖြတ်ပြနေခြင်းသည် ကျွန် တော်တို့ကဲ့သို့သော တိုင်းရင်းသားဌာနေ ပြည်သူများအပေါ် တကယ်တမ်းကျူးလွန်ခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်သရုပ်ဖော်နေခြင်း သို့မဟုတ် နောက်ထပ်ဖြစ်လာမည့် စစ်ပွဲဇာတ်လမ်းတခုအတွက် ဇာတ်တိုက်လေ့ကျင့်နေခြင်း မျှသာ ဖြစ်သည်။
တချိန်တည်းမှာပင် ဤရုပ်ရှင်သည် အမေရိကန်တို့၏ စိတ်အာရုံကို ထုံဆေးကျွေးထားသည့် အလား ဖြစ်လာပြီး၊ ထိုကဲ့သို့သော ရက်စက်မှုမျိုးကို မကျူးလွန်မီနှင့် ကျူးလွန်ပြီးနောက် ဖြစ်ပေါ်လာမည့် အနည်းငယ်မျှသော စိတ်အနှောင့်အယှက်ဖြစ်မှုများကို ထုံထိုင်းသွားစေရန် ကြိုတင် ပြင်ဆင်ပေးနေခြင်းလည်း ဖြစ်သည်။
အဆုံးစွန်၌မူ တိုင်းရင်းသား ပြည်သူများကို အစပျောက်အောင် အမှန်တကယ် ချေမှုန်းဖျက်ဆီးပစ်သည့် နည်းပညာများသည် ဟောလိဝုဒ်လည်း အပါအဝင်ဖြစ်သော 'စစ်ဘက်-စက်မှုကုန်ထုတ် လုပ်ငန်းစုကြီး' ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ဟောလိဝုဒ်သည် တိုင်းရင်းသား ပြည်သူများကို ရုပ်ရှင်ပိတ်ကားပေါ်တွင် လုပ်ကြံဖျောက်ဖျက်ပစ်ခြင်းဖြင့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင် ထိုအချက်ကို ကျွန်တော် သဘောပေါက်သွားသည့်နေ့ကား ဇာတ်သိမ်းခန်း၏ အကြီးကျယ်ဆုံးသော ပြကွက်များကို ရိုက်ကူးရန် သတ်မှတ်ထားသည့်နေ့ပင် ဖြစ်သည်။
ထိုနေ့ နောက်ဆုံးမိနစ်ကျမှ ဒါရိုက်တာကြီး က ပိုလျှံနေသော ဓာတ်ဆီများနှင့် ယမ်းဘီလူး အမြောက်အမြားကို အသုံးပြုပြီး ဇာတ်ညွှန်းပြင်ကာ ဇာတ်ထုတ်ကို ရုတ်တရက် အမွှန်းတင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ လုပ်မည်ကို ကျွန်တော် ကြိုတင်မသိရှိခဲ့သော်လည်း ရှေ့တနေ့ကတည်းက အထူးပြုလုပ်ချက် များ ဖန်တီးပေးရသည့် ပညာရှင်များသည် 'သင်္ချိုင်းကုန်းကို ဖျက်ဆီးပစ်ရန် ပြင်ဆင်ထားကြ' ဆိုသည့် ဒါရိုက်တာကြီး၏ ညွှန်ကြားချက်ကို လက်ခံရရှိထားပြီး ဖြစ်သည်။
မူလဇာတ်ညွှန်းတွင် 'ကင်းကောင်" က ရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ချိန်၌ ဤသင်္ချိုင်းကုန်းကို ချန်လှပ်ထားခဲ့သော်လည်း၊ အခုတော့ ဒါရိုက်တာကြီးက နှစ်ဖက်စလုံး၏ စက်ဆုပ်ရွံရှာဖွယ် အောက်တန်းကျမှုကို သရုပ်ဖော်ချင်သဖြင့် နောက်ထပ် အခန်းတခန်း ထပ်တိုးချင်နေပြန်သည်။
ဤအခန်းတွင် မိမိကိုယ်ကိုယ်ဗုံးခွဲမည့် ပြောက်ကျားစစ်သည်တစုသည် အုတ်ဂူများကြားတွင် ကတုတ်ကျင်းသဖွယ် ပုန်းအောင်းနေကြမည်ဖြစ်ပြီး၊ ထိုအခါ ရှေးမတ်စ်က ရွာသူရွာသားတို့၏ ဘိုးဘွားဘီဘင်များ ကိန်းဝပ်ရာ သန့်ရှင်းမွန်မြတ်လှသည့် ထိုမြေနေရာပေါ်သို့ ဖော့စဖရပ် ဗုံးများ ကျဲချရန် အမိန့်ပေးကာ ၁၅၅ မီလီမီတာ အမြောက်ဆန်များဖြင့် လူရှင်ရော လူသေပါမကျန် အကုန်လုံးကို အစပျောက် ရှင်းထုတ်ပစ်မည် ဖြစ်သည်။
ကျွန်တော်သည် ဤဇာတ်ကွက် အသစ်အကြောင်းကို ရိုက်ကူးမည့်မနက်ကျမှ သိရခြင်းဖြစ်ပြီး၊ ထိုအချိန်သည် မူလက Arc Light - B-52 ဗုံးကြဲလေယာဉ်များဖြင့် ဗုံးမိုးရွာချခြင်း အခန်းကို ရိုက်ကူးရန် သတ်မှတ်ထားချိန် ဖြစ်သည်။
"မရတော့ဘူး" ဟု ဟာရီက ပြောသည်။ "အထူးပြုလုပ်တဲ့ အဖွဲ့က မနေ့ညကတည်းက သင်္ချိုင်းကုန်းကို မိုင်းထောင်လို့ ပြီးသွားပြီ။
"ငါတော့ အဲဒီသင်္ချိုင်းကုန်းကို သိပ်သဘောကျတာပဲ။ မင်း ဆောက်ခဲ့သမျှထဲမှာ အကောင်းဆုံးလက်ရာပဲ။"
"ကဲ. အဲ့တာဆိုလည်း.. ဒိန်းခနဲ ဒုန်းခနဲ မီးဟုန်းဟုန်းမတောက်ခင် ဓာတ်ပုံရိုက်ဖို့ မင်းမှာ မိနစ်သုံးဆယ်ပဲ အချိန်ရတော့မယ်။"
၎င်းသည် ကျွန်တော့် အမေအတွက် အထိမ်းအမှတ်အဖြစ် လုပ်ထားသည့် အုတ်ဂူအတု ရှိရာ သင်္ချိုင်းအတုတစ်ခုမျှသာ ဖြစ်သော်လည်း၊ ထိုသို့ ဖန်တီးထားမှုကို ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်အလိုလိုက် ဖျက်ဆီးပစ်တော့မည်ဟူသော အသိက ကျွန်တော်ကို မမျှော်လင့်ထားလောက်အောင် ပြင်းပြင်းထန်ထန် နာကျင်စေခဲ့သည်။
အမေ့ကိုရော ထိုသင်္ချိုင်းကိုပါ နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြုလိုသည့် ခံစားချက်မျိုး ရှိနေသူမှာ ကျွန် တော် တဦးတည်းသာ ဖြစ် နေသည်။ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားများ မနက်စာ စားနေကြဆဲဖြစ်၍ သင်္ချ်ုင်းပြင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေသည်။
ယခုအခါ အုတ်ဂူများအကြားတွင် ဓာတ်ဆီများဖြင့် တလက်လက်တောက်နေသည့် ကတုတ်ကျင်းတိမ်တိမ်လေးများ ယှက်သန်းနေပြီး၊ အုတ်ဂူကျောက်စာတိုင်များ၏ ကျောဘက်တွင်မူ ဒိုင်နမိုက်ချောင်းများနှင့် ဖော့စဖရပ်စ် (မီးစုန်း) များကို တွဲချည်ထားကြသည်။ မြေပြင်ပေါ်တွင် မီးခိုးဗုံးအစုအဝေးများကို စိုက်ထူထားပြီး၊ ကင်မရာမြင်ကွင်းထဲ မဝင်စေရန် အုတ်ဂူများနှင့် ကျွန် တော် ၏ ခြေမျက်စိနှင့် ခြေသလုံးဗလာတို့ကို လာရောက် ပွတ်သီးပွတ်သပ်လုပ်နေသော ဒူးဆစ်ခန့်မြင့်သည့် မြက်ရိုင်းတောများဖြင့် ဖုံးကွယ်ထားသည်။
ကျွန် တော် သည် လည်ပင်းတွင် ကင်မရာကို လွယ်လျက်၊ အုတ်ဂူကျောက်စာတိုင်များပေါ်တွင် ဟာရီ ရေးထားခဲ့သော သေဆုံးသူတို့၏ အမည်နာမများကို ဖြတ်ကျော်ကာ လျှောက်လာခဲ့သည်။ ထိုအမည်များသည် လော့စ်အိန်ဂျလိစ် မြို့ ဖုန်းလမ်းညွှန် စာအုပ်ထဲမှ ကူးယူထားခြင်းဖြစ်၍ ၊ ယခု အချိန်အထိ အသက်ထင်ရှား ရှိနေနိုင်သော လူများ၏ အမည်များ ဖြစ်ကြသည်။
ထိုအထဲတွင် အမေ၏ အမည်တခုတည်းသာလျှင် ထိုနေရာနှင့် အမှန်တကယ် သက်ဆိုင်နေသည်။ ထို့ကြောင့် နှုတ်ဆက်စကားဆိုရန်အတွက် သူမ၏ အုတ်ဂူကျောက်စာတိုင်ရှေ့တွင် ကျွန် တော်ဒူးထောက်ထိုင်ချလိုက်သည်။ လွန်ခဲ့သော ခုနစ်လတာကာလအတွင်း ရာသီဥတုဒဏ်ကြောင့် အုတ်ဂူပေါ်တွင် ပြန်ကူးထားသော အမေ့ ဓာတ်ပုံမှာ တော်တော်ပင် ပျက်စီးယိုယွင်းနေခဲ့ပြီဖြစ်သလို၊ သူမ၏အမည်ကို ရေးထွင်းထားသည့် အနီရောင်ဆေးမှာလည်း အရောင်လွင့်ပြယ်နေခဲ့ပြီ ဖြစ်သည်။
အမေအကြောင်း တွေးမိသည့်အခါတိုင်း ဖြစ်လာလေ့ရှိသည့်အတိုင်းပင်... လွမ်းဆွတ်တမ်းတခြင်း စိတ်အစဉ်က သူမ၏ ခြောက်သွေ့ဖျော့တော့သော လက်ဖဝါးပြင်ဖြင့် ကျွန်ုပ်၏လက်ကို လာရောက်ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ အမေ့ဘဝသည် အလွန်တိုတောင်းခဲ့ရရှာသည်၊ အခွင့်အရေးဟူ၍လည်း အလွန်နည်းပါးခဲ့ရသည်၊ သူမ၏ ပေးဆပ်စွန့်လွှတ်မှုများကတော့ အလွန်ကြီးမားခဲ့ရရှာသည်။ သို့သော်လည်း ယခုအခါတွင်တော့ သူမသည် ဖျော်ဖြေရေးသက်သက်အတွက် နောက်ဆုံးအကြိမ်အဖြစ် စော်ကားမော်ကား ပြုလုပ်ခြင်းကို ခံရတော့မည် ဖြစ်သည်။
“မေမေ...” ကျွန်ုပ်၏ နဖူးကို အမေ့အုတ်ဂူကျောက်စာတိုင်ပေါ် တင်လျက် တီးတိုးရေရွတ်မိသည်။ “မေမေရယ်... သား အမေ့ကို သိပ်လွမ်းတာပဲဗျာ။”
အရက်သမား ဗိုလ်မှူး၏ တခစ်ခစ် ရယ်မောလိုက်သံကို ကျွန်တော် ကြားလာရပြန်သည်။ ကျွန် တော်၏ စိတ်ကူးသက်သက်ပဲလား၊ သို့မဟုတ် ပတ်ဝန်းကျင်ရှိ ဆူညံသံအားလုံး အမှန်တကယ်ပင် ရပ်တန့်သွားခဲ့၍လား။ ကျွန် တော်သည် ထူးခြားဆန်းပြားစွာ ငြိမ်သက်သွားသည့် အချိန် အတွင်း မိခင်၏ ဝိညာဉ်နှင့် ကအမှန်တကယ်ပင် ဆက်သွယ်မိနေပြီဟု ထင်မှတ်ခဲ့မိသည်။
သို့သော် မိခင်က ကျွန်တော့်အား တစုံတခုကို တိုးတိုးလေး ကပ်ပြောတော့မည့် အချိန်မှာပင် ပြင်းထန်လှသော အသံကြီးတစ်ခုက ကျွန် တော်၏ နားစည်နှစ်ဖက်လုံးကို ဖြတ်တောက်ဆွဲထုတ် သွားခဲ့လေပြီ။
တချိန်တည်းမှာပင် မျက်နှာကို ဖြတ်ရိုက်လိုက်သော ရိုက်ချက်တခုက ကျွန် တော် ကို ဒူးထောက်နေရာမှ ဆွဲတင်လိုက်ပြီး လောင်မြိုက်နေသော အလင်းတန်းတခုအတွင်းသို့ လွှင့်ပစ်လိုက်ရာ၊ ကျွန် တော်မှာ အာရုံများဝေဝါးကာ သတိလစ်မတတ် ဖြစ်သွားခဲ့ရသည်။
ခန္ဓာကိုယ်တခုက လွင့်ပျံနေချိန်တွင် အခြားခန္ဓာကိုယ်တခုက ရပ်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ပိုင်းတွင်မူ ထိုဖြစ်ရပ်မှာ ပထမဆုံး ပေါက်ကွဲမှုကို ဖြစ်ပွားစေခဲ့သည့် ချို့ယွင်းနေသော ‘စနက်တံ’ ကြောင့် ဖြစ်ရသည့် မတော်တဆမှုတခုသာ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြသော်လည်း၊ ထိုအချိန်ကတည်းက ၎င်းမှာ မတော်တဆမှု လုံးဝမဟုတ်ဟု ကျွန်တော် ယုံကြည်ထား ပြီးသား ဖြစ်သည်။
ရိုက်ကွင်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် တာဝန်ရှိနိုင်သူဟူ၍ တပတ်စာ စားသောက်ဖွယ်ရာ မီနူးကအစ အသေးစိတ်ကိစ္စတိုင်းကို စေ့စပ်သေချာစွာ စီမံတတ်သူ ‘ဒါရိုက်တာကြီး’ သာ ရှိပေလိမ့်မည်။
သို့သော် ထိုသို့ မီး ဟုန်းဟုန်းတောက်လောင် ပေါက်ကွဲနေသည့် အချိန်တွင်မူ ကျွန် တော် ၏ တည်ငြိမ်နေသော စိတ်အခံက ဘုရားသခင်ကိုယ်တိုင်ကပင် ကျွန် တော်၏ အပြစ်ရှိ သော ဝိညာဉ်ကို ဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်နေခဲ့မိသည်။ ထိုတည်ငြိမ်နေသော စိတ်သဏ္ဍန် ၏ မျက်လုံးများမှတဆင့် ကျွန် တော်သည် ထိတ်လန့်တုန်လှုပ်ကာ အော်ဟစ်နေသော မိမိကိုယ်မိမိ ပြန်လည်မြင်တွေ့နေရပြီး၊ ထိုအတ္တသည် ပျံသန်းနိုင်စွမ်းမရှိသော ငှက်တကောင်ကဲ့သို့ လက်မောင်နှစ်ဖက်ကို ဖြန့်ကားကာ ရမ်းခါနေခဲ့သည်။
ကြီးမားလှသော မီးလျှံတံတိုင်းကြီးတစ်ခုက ထိုငှက် ၏ရှေ့မှောက်တွင် ဝုန်းကနဲ ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး၊ ပြင်းထန်လှသော အပူလှိုင်းတစ်ခုက သူအပေါ်သို့ ရိုက်ခတ်လာပြန်ရာ သူရော ကျွန် တော် ပါ မည်သည့်အာရုံခံစားမှုကိုမျှ မရှိတော့ဘဲ ထုံကျင်သွားခဲ့ရတော့သည်။
တွယ်ရာမဲ့ ဖြစ် နေသော ကြီးမားလှသည့် စပါးကြီး မြွေတကောင်က ကျွန် တော် တို့အား အသက်ရှူကျပ်မတတ် ရစ်ပတ်စွပ်နှောင်လိုက်ပြီး၊ ကျွန် တော် တို့ ခန္ဓာကိုယ် နှစ်ခုကို အားပြင်းပြင်းဖြင့် တခုတည်းအဖြစ် ရောက်အောင် ပြန်လည်ဖိသိပ်လိုက်ရာ ကျွန်ုပ်၏ ကျောပြင် မြေကြီးပေါ်သို့ မကျမချင်း သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ကျွန်ုပ်၏ ခန္ဓာကိုယ်အသားစများမှာ ယခုအခါ ဆားသိပ်၊ မီးဖုတ်ပြီး နူးအိသွား သော အသား ကဲ့သို့ ခံစားနေရကာ၊ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးမှာလည်း မီးဟုန်းဟုန်း တောက်လောင်နေပြီး ကျွန် တော့် ထံသို့ ခေါင်းဆယ်လုံး ရှိ ဘီလူးမျက်နှာ များကဲ့သို့ တိုးဝှေ့ရုန်းကန် လာနေကြသည့် မီးခိုးမည်း သားရဲကြီးများထံမှ ထွက်ပေါ်လာသော ‘ဓာတ်ဆီချွေးနံ့များ’ ဖြင့် နံစော်နေတော့သည်။
ကျွန်တော် ဒယိမ်းဒယိုင်ဖြင့် မတ်တပ်ရပ်လိုက်စဉ် အခြားပြင်းထန်လှသော အသံကြီးတခုက ကျွန်တော်၏ နားတွင်း၌ ပိတ်ဆို့နေသော တိတ်ဆိတ်မှုကို ထပ်မံဖြို ခွဲလိုက်ပြန်သည်။ ဥက္ကာခဲကဲ့သို့ လွင့်စင်လာသော မြေစာခဲများနှင့် ကျောက်ခဲများက တဝုန်းဝုန်းဖြင့် ဘေးမှ ဖြတ်သွားကြသဖြင့် ကျွန် တော့်မှာ လက်မောင်တဖက်ဖြင့် ခေါင်းကို ကာလိုက်ပြီး အင်္ကျီကို နှာခေါင်းနှင့် ပါးစပ်ပေါ်သို့ ဆွဲအုပ်လိုက်ရသည်။ မီးလျှံများနှင့် မီးခိုးလုံးများကြားတွင် ကျဉ်းမြောင်းသော လမ်းကလေးတလမ်း ရှိနေသည်ကို မြင်လိုက်ရသဖြင့်၊ မျက်ရည်များ ဝေဝါးကာ ကျပ်ခိုးများကြောင့် စပ်ဖျဉ်းနေသော မျက်လုံးများကို အတင်းဖြဲရင်း အသက် လုကာ နောက်တကြိမ် ထပ်ပြေးရပြန်သည်။
နောက်ထပ် ပေါက်ကွဲမှုတခုက ကျွန် တော် ကျောပြင်ကို လာရောက်ရိုက်ပုတ်လိုက်ပြီး၊ သင်္ချိုင်းဂူမှ အုတ်ဂူကျောက်စာတိုင်တခုလုံး ခေါင်းပေါ်မှ ဝဲပျံကျော်ထွက်သွားခဲ့ကာ၊ မီးခိုးဗုံးတလုံးကလည်း လမ်းပေါ်တွင် လိမ့်ကာ လာနေသဖြင့် မီးခိုးရောင် တိမ်တိုက်ကြီးတခုက ကျွန် တော် ၏မျက်စိကို ဖုံးကွယ်သွားခဲ့သည်။
ကျွန် တော် သည် အပူရှိန်ပြင်းသော နေရာများကို ရှောင်ကွင်းရင်း လမ်းရှာခဲ့ရကာ၊ လေကောင်းလေသန့် ရှိရာသို့ မရောက်မချင်း တဟွတ်ဟွတ် ချောင်းဆိုးရင်း အသက်ရှူကြပ်နေခဲ့ရသည်။ မျက်စိကန်းနေဆဲဖြစ်သော်လည်း လက်များကို ယမ်းခါကာ၊ အောက်ဆီဂျင်ကို အငမ်းမရ ရှူသွင်းရင်း ဆက်လက်ပြေးနေခဲ့မိသည်။ ၎င်းမှာ လူမိုက်တယောက် အမြဲလို ခံစားချင်သလိုလို၊ မခံစားချင်သလို လို ဖြစ်နေတတ်သည့် ... ‘မိမိကိုယ်မိမိ အသက်ရှင်နေသေးသည်’ ဟူသော အသိပင် ဖြစ်သည်။
ထိုခံစားချက်မှာ ဘယ်သောအခါမှ မရှုံးနိမ့်ဖူးသည့် လောင်းကစားသမားကြီးဖြစ်သော ‘သေမင်း’ နှင့်အတူ ‘ရုရှားကစားနည်း’ (သေနတ်ထဲ ကျည်တတောင့်တည်းထည့်၍ နားထင် ၌ တေ့ကာ ကစားရသော ဂိမ်း) ကို ကစားပြီး အသက်ရှင်လွတ်မြောက်လာမှသာ ရရှိနိုင်မည့် ခံစားချက်မျိုး ဖြစ်သည်။
ကျွန်တော် လုံးဝမယုံကြည်ခဲ့ဖူးသော ဘုရားသခင်ကို ကျေးဇူးတင်စကား ပြောဆိုတော့မည့် အချိန်မှာပင် (အကြောင်းမူကား၊ နောက်ဆုံးတွင်တော့ ကျွန်ုပ်သည် လူကြောက်တစ်ယောက်သာ ဖြစ်သောကြောင့်တည်း) တံပိုးမှုတ်သံကဲ့သို့သော ကျယ်လောင်လှသည့် အသံဗလံကြီးက ကျွန် တော်ကို နားကွဲမတတ် ဆွံ့အသွားစေခဲ့သည်။ ထိုတိတ်ဆိတ်မှုကြီးထဲတွင် ကမ္ဘာမြေကြီးသည် ပျောက်ကွယ်သွားခဲ့လေပြီ — ကမ္ဘာမြေဆွဲအားဟူသော ကော်ရည်ကြီးမှာလည်း ပျော်ဝင်ပျက်စီးသွားခဲ့ပြီ — ကျွန် တော် သည် ကောင်းကင်ယံထက်သို့ တွန်းပို့ခြင်း ခံလိုက်ရပြီး၊ ကျွန် တော်၏ ရှေ့မှောက်တွင် တောက်လောင်နေသော သင်္ချိုင်းမြေ၏ ပျက်စီးယိုယွင်းမှုကြီးသည် ကျွန်တော် နောက်ပြန်လွင့်စဉ်သွားသည်နှင့်အမျှ ဝေးကွာကျန်ရစ်ခဲ့တော့သည်။ ကမ္ဘာလောကကြီး တခုလုံးသည် ဝေဝါးနေသော မြူခိုးများအဖြစ် ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးတွင်တော့ နှုတ်ဆိတ်နေသော အမှောင် ကမ္ဘာအတွင်းသို့ အရည်ပျော် ဝင်ရောက်သွားခဲ့ရတော့သည်။
**************