အုပ်ချုပ်ခံ သက်သက် များ လော

by Hla Soewai - May 25 2026

ထိုစကားလုံးအား အင်္ဂလိပ် ဘာသာ ဖြင့် subjects ဟု ခေါ်ဆိုသည်။ citizens ဆိုသည်က နိုင်ငံသား ကို ဆိုလိုသည်။ ထို ဝေါဟာရနှစ်ခုစလုံးသည် နိုင်ငံ တနိုင်ငံ အတွင်း မှီတင်း နေထိုင်သူများကို ရည်ညွှန်းသော်လည်း ၎င်းတို့၏ အခွင့်အရေး၊ တာဝန်နှင့် အစိုးရ (သို့မဟုတ်) အုပ်ချုပ်သူလူတန်းစားနှင့် ဆက်ဆံရေးပုံစံ အပေါ်မူတည်၍ အဓိကကွာခြားမှု ရှိနေသည်ကို ‌လေ့လာဆန်းစစ်ဖို့ လိုလာသည်။

 

Subjects ဆိုသည့် အုပ်ချုပ်ခံ နိုင်ငံသားများသည် ဘုရင်စနစ် သို့မဟုတ် အာဏာရှင်စနစ်အောက်တွင် နေထိုင်ပြီး အုပ်ချုပ်သူမင်းအပေါ် သစ္စာစောင့်သိရသူများ ဘဝ ဖြင့် နေထိုင်ကြရသည်။ 

 

အာဏာသည် အုပ်ချုပ်သူ အာဏာရှင်ထံတွင်သာ ရှိပြီး ပြည်သူများထံတွင် မရှိ၊ ပြည်သူများသည် invisible သာသာ ပြောရေးဆိုခွင့် တလုံးတပါဒ မျှ မရှိပဲ မှေးမှိန် ပျောက်ကွယ် နေကြရသည်။

 

 မွေးရာပါ အခွင့်အရေးများ ကိုလည်း အပြည့်အဝ ခံစားခွင့် မရှိ ဖြစ်‌ နေသည်။ အခွင့်အရေးဆိုသည်မှာ ဘုရင် သို့မဟုတ် အစိုးရက ပေးသနားမှသာ ရရှိသည့် "အခွင့်ထူး" မျိုးသာ ဖြစ်သည်။

 

အုပ်ချုပ်ခံ နိုင်ငံသား များသည် တိုင်းပြည် စီမံ ခန့်ခွဲ‌ ရေး ပိုင်းတွင် တလုံးတပါဒမျှ ဝင်‌ ရောက် ပြောဆို ပိုင်ခွင့် မရှိကြဘဲ အုပ်ချုပ်သူ များ၏ အမိန့်ကို နာခံရန်နှင့် သစ္စာစောင့်သိရန်သာ အဓိက တာဝန်ရှိသည်။ အုပ်ချုပ်ရေးပိုင်းကို ဝေဖန်ပိုင်ခွင့် သို့မဟုတ် ပြောင်းလဲပိုင်ခွင့် မရှိသလောက် ပင် ဖြစ်သည်။

 

Citizens ဆိုသည်မှာ ဒီမိုကရေစီစနစ် သို့မဟုတ် သမ္မတနိုင်ငံစနစ် အောက်တွင် နေထိုင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ရှင် တင်းပြည့် ကျပ် ပြည့် နိုင်ငံသား များ အဖြစ် ရပ်တည် နေကြသည်။

 

အာဏာသည် ပြည်သူများထံမှသာ ဆင်းသက်သည်။ အစိုးရဆိုသည်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များသာ ဖြစ်သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ပေးထားသည့် "လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး" များကို အပြည့်အဝ ခံစားခွင့်ရှိသည်။ ဥပမာ - လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့်၊ သွားလာခွင့်၊ မဲပေးခွင့် တို့ ဖြစ်သည်။

 

နိုင်ငံသားတဦးအနေဖြင့် အခွင့်အရေးများကို ခံစားရသလို ဥပဒေကို လိုက်နာရန်၊ အခွန်ဆောင်ရန်နှင့် လိုအပ်လျှင် နိုင်ငံတော်ကို ကာကွယ်ရန် စသည့် တာဝန် များလည်း ရှိသည်။

 

Subject ဆိုသည်မှာ အုပ်ချုပ်သူ၏ "အမိန့်ကို နာခံရသူ" အဆင့်သာရှိပြီး၊ Citizen ဆိုသည်မှာ တိုင်းပြည်၏ "အရှင်သခင်/အစုရှယ်ယာရှင်" အဆင့်ရှိသူများ ဖြစ်ကြသည်။ နည်းပညာနှင့် လူ့အဖွဲ့အစည်း တိုးတက်လာသည်နှင့်အမျှ ကမ္ဘာပေါ်တွင် Subjects အဆင့်မှ Citizens အဆင့်သို့ ကူးပြောင်းလာကြခြင်း ဖြစ်သည်။

 

တရားဝင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ မြန်မာပြည်သူများသည် Citizens (နိုင်ငံသားများ) ဖြစ်ကြသည်ဟု ပြော၍ ရသည်။

 

သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိ ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးပုံစံအရ ပြည်သူများသည် Citizens တစ်ဦး၏ ရပိုင်ခွင့်များကို ဆုံးရှုံးနေရပြီး Subjects (သို့မဟုတ်) အာဏာရှင်အောက်က လက်အောက်ခံများကဲ့သို့ ဆက်ဆံခံနေရသည်။

 

Citizens တစ်ဦး၌ ရှိရမည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒပြခွင့်၊ ကန့်ကွက်ခွင့်များနှင့် တရားဥပဒေကြောင်းအရ အကာအကွယ်ရပိုင်ခွင့်များ ဆုံးရှုံးနေပြီး အာဏာရှင် တို့၏ ကျွန်ယုံများ အမိန့်ကို မလွှဲမရှောင်သာ နာခံနေရသည်။

 

တိုင်းပြည် အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ခြင်း မဟုတ် တော့ဘဲ လက်နက်ကိုင် အုပ်ချုပ်သူလူတန်းစားထံတွင်သာ ရှိနေသဖြင့် ပြည်သူများသည် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချပိုင်ခွင့် (သို့မဟုတ်) အစိုးရကို လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခွင့် ကင်းမဲ့နေသည်။ ရွေးကောက်ပွဲ ဆိုရာတွင်လည်း မိမိတို့ ယုံကြည် ကိုးစားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ ကို ရွေးချယ် ပိုင်ခွင့် မရှိဘဲ မဲပြားပေါ်တွင် ဖေါ်ပြထားသော ၎င်းတို့၏ ကျွန်ယုံ ကျွန်ကောင်းများကိုသာ ရွေးချယ် ပေးကြရသည်။ ပါဝင်ဆုံးဖြတ်ခွင့် ဆုံးရှုံးနေယုံ မျှမက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့် ကန့်သတ်ခံရခြင်း တရားဥပဒေ ဆိုသည်ကလည်း အာဏာရှင် အလိုကျ တရားစီရင်ရေး မျိုး ဖြစ်နေသည်။

 

လက်ရှိ စုံ-မ စနစ်ဖြင့် မော်တော်ယာဉ် များ လမ်းပေါ် သွားလာခွင့် ပြုသည် ဆိုသည့် အမိန့်အား မဲပြား ပေါ်တွင် ၎င်း၏ နာမည်လည်း မပါ၊ မည်သည့် နိုင်ငံရေး ပါတီ ကိုမျှလည်း ကိုယ်စားပြုခြင်း မရှိခဲ့သူက သမ္မတ ဟု ဆိုကာ အမိန့်အာဏာများ ပြဋ္ဌာန်းလာသည့် ဒဏ်ကို ခေါင်းငုံ့ကာ လိုက်နာနေကြရသည် မဟုတ်ပါလား။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကဲ့သို့သော ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ အထက်မှ အမိန့်ဖြင့် အတင်းအကျပ် ခိုင်းစေသည့် စနစ်မျိုးသည် ဆန္ဒမပါဘဲ နာခံရသည့် Subject ကဲ့သို့ ဆက်ဆံခံနေရသည်ကို အထင်အရှား တွေ့မြင် နိုင် ပေသည်။

 

အီရန် စစ်ပွဲ ကြောင့် စက်သုံးဆီ၊ မြေဩဇာနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းသည် အဓိကသီးနှံ စိုက်ပျိုးထုတ်လုပ်သူ ‘တောင်သူများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပို့ကုန်တင်ပို့သူများ’ အထွေထွေ အကျပ်အတည်း ကြီး နှင့် ရင်ဆိုင် နေရပြီး နိုင်ငံတွင်း စားနပ်ရိက္ခာ အကျပ် အတည်း ကြီး နှင့် ကြုံလာရနိုင် ကြောင်း CNN သတင်း ဆောင်းပါးက ထောက်ပြထားသည်။

 

သို့သော်လည်း အာဏာရှင် တို့ အဖို့က လူထုကို ဗုံးကြဲ တိုက်ခိုက် နေမှု များသည် ယခင်လို လေယာဉ် တစီး မျှပင် မဟုတ်တော့ပဲ အတွဲလိုက်ပင် ဖြစ်လာသည်ကို ကြည့်ပါက လက်ရှိ စက်သုံးဆီများ အကျပ်အတည်း ဖြစ်လာ‌ နေသည့် အရေး သည် ၎င်းတို့ နှင့် မည်သို့မျှ မဆိုင်၊ မည်သည်အရေးကို သာ ဦးစား ပေးနေသည် ဆိုသည်က သိသာ ထင်ရှားနေပေသည်။ ဤသည်ကလည်း ရှေး ခေတ် မြန်မာ မင်း များ ကဲ့သို့ ပြည်သူများကို ၎င်းတို့၏ အုပ်ချုပ်ခံ၊ ၎င်းတို့ လမ်းပြမှ အလင်းပွင့်ကြရမည့် လမ်းပေါ်က ကျွန်သာသာ များ ဆိုကာ ဈေးအကြီးဆုဲး ယမကာ များ ကို မှီဝဲ သုံး ဆောင်ရင်း ရာစု နှစ် တဝက်ကျော် စွဲမြဲစွာ ခံယူထားသည့် mentality ကြောင့်ပင် ဖြစ်သည်။

 

မြန်မာပြည်သူများသည် ဂုဏ်သိက္ခာအရလည်းကောင်း၊ ဥပဒေကြောင်းအရလည်းကောင်း "Citizens (နိုင်ငံသားများ)" သာ ဖြစ်ကြသည်။ သို့သော် လက်ရှိကြုံတွေ့နေရသည့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင်မူ "Subjects" များကဲ့သို့ အခွင့်အရေးမဲ့စွာဖြင့် အတင်းအကျပ် အုပ်ချုပ်ခြင်းကို ခံနေရသည့် အခြေအနေ အောက်တွင် အသက်တချောင်းကို ရှာကြံ မွေးမြူနေကြရ ပေသည်။

 

ထို့ကြောင့် ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးနှင့် အရပ်ရပ်သော နိုင်ငံရေးလှုပ်ရှားမှုများသည် မိမိတို့၏ ဆုံးရှုံးသွားသော နိုင်ငံသားအခွင့်အရေးများကို ပြန်လည်ရယူပြီး Subjects ဘဝမှ Citizens ဘဝသို့ စစ်စစ်မှန်မှန် ပြန်လည်ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေကြခြင်း ပင် ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!