ရှီကျင့်ဖျင်မှ ထရမ့်ကို ကလေးဆိုးကြီးလို ဆက်ဆံလိုက်

by Hla Soewai - May 25 2026

ထရမ့် သည် မိမိကိုယ်ကိုယ် လွတ်လပ်သောကမ္ဘာ၏ ခေါင်းဆောင်ဟု အမွှမ်းတင်နေသော်လည်း လွတ်လပ်သောကမ္ဘာကမူ ၎င်းကို မယုံကြည်တော့ပေ။ ၎င်းက လက်ကမ်းပြသည့်အခါ မည်သူမျှ အပြေးအလွှား လာမဆွဲကြသလို၊ ၎င်းက ခြိမ်းခြောက်သည့်အခါတွင်လည်း မည်သူမျှ တုန်လှုပ်ချောက်ချားခြင်း မရှိကြတော့။

 

ယခုအပတ်အတွင်း သမ္မတ ထရမ့် ဘီဂျင်း သို့ ရောက်ရှိလာပြီးနောက်၊ ရှီကျင့်ဖျင်က သူ့အား အင်အားကြီးနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတစ်ခုနှင့် ညီမျှသော ခမ်းနားထည်ဝါသည့် အစီအစဉ်များဖြင့် ကြိုဆိုဧည့်ခံခဲ့သည်။ သို့သော်လည်း တရုတ်ခေါင်းဆောင်သည် နိုင်ငံတော်အဆင့် ခရီးစဉ်အတွင်း အချို့သောလေ့လာသူများ မျှော်လင့်ထားသကဲ့သို့ ထရမ့် အား ဝေဖန်မှုများကို နှိပ်ကွပ်ခြင်းမပြုဘဲ၊ ၎င်းအား ပုတ်ခတ်နှိမ့်ချထားသည့် အရေးအသားများကို တရုတ်အင်တာနက်စာမျက်နှာများပေါ်၌ ပျံ့နှံ့သွားအောင် ခွင့်ပြုထားခဲ့သည်။ 

 

ရှီကျင့်ဖျင်သည် ထရမ့်၏ တဖွဖွချီးကျူးစကားများကို ထိုင်ဝမ်အရေး၌ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြတ်ပြတ်သားသား သတိပေးဆုံးမခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ အဆုံးသတ်တွင်မူ ရှီကျင့်ဖျင်သည် အနှစ်သာရရှိသော မည်သည့်အရာကိုမျှ ကမ်းလှမ်းခြင်းမရှိခဲ့ပေ— အီရန်စစ်ပွဲအတွက် ဖြေရှင်းချက်များ၊ ကြီးမားကျယ်ပြန့်သော ကုန်သွယ်ရေးသဘောတူညီချက်များ သို့မဟုတ် ရှားပါးမြေသားများ ရရှိနိုင်မည့် ကတိကဝတ်များ စသည်ဖြင့် မည်သည့်အရာကိုမျှ မကမ်းလှမ်းခဲ့။ ရှီကျင့်ဖျင်သည် ဤခရီးစဉ်ကို သက်တမ်းကုန်ဆုံးတော့မည့် သမ္မတအား အလိုလိုက်အကြိုက်ဆောင် ပေးသည့် သဘောဖြင့် သာ အသုံးချသွားခဲ့သည်။

 

 ထရမ့်အစိုးရ ပထမ သက်တမ်းတွင် မူ နိုင်ငံခြားခေါင်းဆောင်များသည် အမေရိကန်၏ အင်အား သြဇာအာဏာကို ရိုသေခန့်ညားသောအားဖြင့် သမ္မတအား မြှောက်ပင့်ပေါင်းသင်းခြင်းနှင့် အလိုလိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် အမေရိကန်၏ အင်အားကို ကြောက်ရွံ့ခဲ့ကြသလို ၎င်းအပေါ်တွင်လည်း မှီခိုအားထားခဲ့ကြသည်။ 

 

ဒုတိယအကြိမ် အစိုးရသက်တမ်းအတွင်း၊ အထူးသဖြင့် အီရန်စစ်ပွဲ စတင်ကတည်းကမူ ၎င်းတို့၏ တွက်ချက်ပုံများမှာ မသိမသာ ပြောင်းလဲသွားခဲ့သည်။ အဓိက အားဖြင့် မျက်နှာချိုသွေး မြှောက်ပင့် ဆက်ဆံ နေ၍လည်း အကျိုး မရှိတော့ဟု ယူဆလာကြခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာတဝန်းရှိ အခြားသော ခေါင်းဆောင်များနည်းတူ ရှီကျင့်ဖျင်သည်လည်း သက်တမ်း ကန့်သတ်ချက်ရှိနေသည်မှာ ထရမ့်တွင်သာ မဟုတ်ဘဲ ၎င်း၏ အမေရိကန်နိုင်ငံကိုယ်တိုင်ပင် ဖြစ်သည်ဟု စတင်ယူဆလာခဲ့ပြီ ဖြစ်သည်။

 

ထရမ့်၏ အီရန်စစ်ပွဲသည် အမေရိကန်၏ အင်အားကို ပြသရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဖြစ်ထွန်းစေခဲ့သည်။ အမေရိကန်သည် မိမိထက် များစွာအင်အားနည်းသော အစိုးရစနစ်ကို ဖြုတ်ချရန် သို့မဟုတ် ၎င်း၏ နျူကလီးယား ခြိမ်းခြောက်မှုကို ဖယ်ရှားရန် ပျက်ကွက်ခဲ့သည့် ဖြစ်စဉ်အတွင်း မိမိ၏ လက်နက်တိုက်ရှိ လက်နက်ခဲယမ်းများကို အကုန်အစင် သုံးစွဲခဲ့ရသည်အထိ ဖြစ်သွားခဲ့သည်။

 

ထိုသို့ ဖြစ်သွားခဲ့ရသဖြင့် ပစိဖိတ်ဒေသရှိ မဟာမိတ်များအနေဖြင့် ၎င်းတို့ကိုယ်ကို ကာကွယ်ပေးရန်အတွက် လုံလောက်သော လက်နက်ခဲယမ်းများ ကျန်ရှိပါဦးမလားဟု သံသယဝင် စိုးရိမ်လာကြခြင်းမှာ အကြောင်းရင်း ခိုင်လုံလှပေသည်။ The Wall Street Journal သတင်းစာ၏ ဖော်ပြချက်အရ လက်ရှိတွင် ပင်တဂွန် သည် ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသော အရေးပေါ်စီမံချက်များကို အကောင်အထည်ဖော်ရန် စစ်လက်နက်အင်အား မလုံလောက်မည် ကို စိုးရိမ်ပူပန်နေရပြီ ဖြစ်သည်။

 

စစ်ပွဲကို ထောက်ခံသူများက ဤစစ်ပွဲသည် တရုတ်၏ အားအထားရဆုံးသော မဟာမိတ်တဦးကို ဖယ်ရှားပစ်ခြင်းအားဖြင့် တရုတ်နိုင်ငံကို အထိနာ စေလိမ့်မည်ဟု အကြောင်းပြ ပြောဆိုခဲ့ကြသည်။ သို့သော်လည်း အီရန်၏ ခြိမ်းခြောက်မှုကို အများဆုံး ခံနေရသည့် ပင်လယ်ကွေ့နိုင်ငံများသည် အမှန်တကယ်တွင်မူ တရုတ်နိုင်ငံဘက်သို့သာ ဦးလှည့်သွားခဲ့ကြသည်။ The Washington Post သတင်းစာက ပထမဆုံး ဖော်ပြခဲ့သည့်အတိုင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအတွက် ပြင်ဆင်ထားသော ထောက်လှမ်းရေး အကဲဖြတ်ချက်တခုတွင် ထိုပင်လယ်ကွေ့နိုင်ငံများသည် ၎င်းတို့၏ ရေနံအခြေခံအဆောက်အအုံများနှင့် စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန် လိုအပ်သည့် စနစ်များကို ဘီဂျင်း ထံမှ စတင်ဝယ်ယူနေပြီဖြစ်ကြောင်း သတိပေးထားသည်။ ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသ၌ တရုတ်၏ ရပ်တည်ချက်ကို အားနည်းသွားအောင် မလုပ်နိုင်ခဲ့ရုံသာမကဘဲ ၎င်းကို ပိုမိုခိုင်မာတောင့်တင်းအောင်ပင် ပြုလုပ်ပေးခဲ့မိရက်သား ဖြစ်သွားခဲ့သည်။

 

ဘီဂျင်း သည် ကြီးကြီးမားမား အားစိုက်ထုတ်စရာမလိုဘဲ အမေရိကန်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေသည့် အမှားများ မှတဆင့် အကျိုးအမြတ်များ ရရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ရေနံအရန်သင့် သိုလှောင်မှုများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားမှုများကြောင့် အမေရိကန်က မီးမွှေးခဲ့သော စွမ်းအင်အကျပ်အတည်း ဒဏ်မှ သက်သာရာရစေမည့် အခွင့်အလမ်းများကို ထိုင်း၊ ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့ထံ ကမ်းလှမ်းပေးနိုင်ခဲ့သည်။

 

 စစ်ပွဲအဆုံးသတ်ရန်အတွက် အီရန်အပေါ် သံတမန်ရေးအရ ဖိအားပေးမည့်အစား၊ တရုတ်သည် ဤပဋိပက္ခကို တမင်တကာ သက်ဆိုးရှည်စေခဲ့သည်။ သို့မှသာ ရေကြောင်းကုန်သွယ်မှု သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်ဖြစ်ရမှုများအတွက် အမေရိကန်ကိုသာ ဆက်၍ အပြစ်တင် နေကြမည် ဖြစ်သည်။ တချိန်တည်းမှာပင် တရုတ်သည် မိမိကိုယ်ကိုယ် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းအခြေပြု လုပ်ထုံးလုပ်နည်းများကို သစ္စာရှိရှိ ထိန်းသိမ်းစောင့်ရှောက်သူ၊ ပိုမိုတည်ငြိမ်ရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိသူ၊ ပြီးလျှင် အမေရိကန်ကိုယ်တိုင်ပင် ယခုအခါ မှီခိုအားထားနေရသည့် အင်အားကြီးနိုင်ငံတခုအဖြစ် ပုံဖော်ပြသလျက် ရှိသည်။

 

တရုတ်နိုင်ငံသည် ယခုကဲ့သို့သော အခြေအနေမျိုးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း၊ အမေရိကန်အား မီးစာကုန် ရေခမ်းသွားအောင် ခွင့်ပြုထားခြင်းအားဖြင့် ရှီကျင့်ဖျင်က “တနိုင်ငံလုံး ကိုယ့်ကိုယ်ကိုယ် အားကိုးအားထားပြုမှု” ဟု ခေါ်ဆိုသည့် စီမံချက်ကို ဖော်ဆောင်ရန်အတွက် အချိန် ရလာခဲ့သည်။ ထိုစီမံချက်သည် နည်းပညာပိုင်းအရ အနောက်နိုင်ငံများကို အမီလိုက်ရန်နှင့် အနာဂတ်တွင် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည့် အခါမျိုးတွင် မိမိကိုယ်ကိုယ် ကြိုတင်ကာကွယ် နိုင်မည့် ခံစစ်တံတိုင်းကို ခိုင်ခံ့အောင် တည်ဆောက်ရန် အချိန်ကို ဆွဲယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

တရုတ်၏ မဟာဗျူဟာအတိုင်းပင် အီရန်နိုင်ငံကလည်း ကျင့်သုံးလုပ်ဆောင်နေသည်။ ထရမ့်သည် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တခု ရရှိလုနီးပါး ဖြစ်နေပြီဟု မိမိစိတ်ကူးဖြင့် ပုံကြီးချဲ့ပြောဆိုခြင်းအားဖြင့်၊ စစ်ပြေငြိမ်းရေး လိုသည့် ၎င်း၏ ဆန္ဒကို ထပ်တလဲလဲ အရိပ်အမြွက် ပြသလျက်ရှိသည်။

 

 သို့သော်လည်း အီရန်ဘက်ကမူ ထရမ့် လက်မခံနိုင် လောက်သည့် တောင်းဆိုချက်များဖြင့် သာ တုံ့ပြန်လာခဲ့သည်၊ ယင်းတောင်းဆိုချက်များထဲတွင် အမေရိကန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စစ်လျော်ကြေးပေးရန် ပင် ပါဝင်လာသည်။

 

တချိန်တည်းမှာပင် အီရန်သည် ၎င်းတို့၏ ဘန်ကာများနှင့် လှိုဏ်ဂူများအပေါ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ၍ ဖြစ်ပေါ်ခဲ့ရသည့် အပျက်အစီးပုံများအောက်တွင် မြုပ်နှံနေခဲ့သော လက်နက်စနစ်များကို ပြန်လည်တူးဖော်နိုင်ခဲ့ပြီ ဖြစ်သည်။ The New York Times သတင်းစာ၏ ဖော်ပြချက်အရ ထောက်လှမ်းရေး အကဲဖြတ်ချက်များ၌ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား တလျှောက်ရှိ ဒုံးကျည်စခန်း ၃၃ ခုအနက် ၃၀ ခုကို ပြန်လည်အသုံးပြုနိုင်ရန် ပြုပြင်မွမ်းမံပြီးစီးခဲ့ပြီဟု ဆိုသည်။ 

 

တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်လည်း အီရန်သည် ၎င်း၏ မြေအောက်ဒုံးကျည် သိုလှောင်ရုံများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် အီရန်သည် ဒုံးကျည် သို့မဟုတ် ဒုံးပစ်စင် အသစ် တခု တလေမျှ ထပ်မံဝယ်ယူစရာမလိုဘဲ မူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ဦးမော့လာနိုင်ခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန် သမိုင်းတစ်လျှောက်တွင် သက်တမ်းကုန်ဆုံးတော့မည့် ခေါင်းဆောင်များကြောင့် ကြုံတွေ့ရတတ်သည့် အန္တရာယ် အကျိုးဆက်များဖြင့် အမြဲလို ပြည့်နှက်နေခဲ့သည်။ ၎င်းတို့၏ ရာထူးသက်တမ်းသည် အဆုံးသတ်ဆီသို့ တရွေ့ရွေ့ နီးကပ်လာသည်နှင့်အမျှ၊ သမ္မတများသည် ၎င်းတို့၏ သမိုင်းဝင် အောင်မြင်မှုဇာတ်လမ်းနှင့် ထိုက်တန်မည့် နောက်ဆုံးဇာတ်ဝင်ခန်း ကို ရေးသားရန် စိတ်အားထက်သန်လာကြသည်။ 

 

ထို့ကြောင့် ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော လုပ်ရပ်များကို လုပ်ဆောင်ရန် ကြိုးပမ်းကြသလို၊ ဖြေရှင်းရန် ခက်ခဲနက်နဲလှသော ပြဿနာရပ်များကို ကိုင်တွယ်ရန်လည်း ကြိုးစားကြသည်။

 

 သို့သော်လည်း မိမိတို့၏ အရေးပါမှုကို သက်သေပြရန် ထိုသို့ အသည်းအသန် အပြေးအလွှား ကြိုးပမ်းမှုများအတွင်း၊ ၎င်းတို့သည် ကမ္ဘာ့အခြားနိုင်ငံများအတွက် မိမိတို့ မည်မျှအရေးမပါတော့ကြောင်းကိုသာ သက်သေပြမိရက်သား ဖြစ်သွားကြသည်။ 

 

ယခုအခါ ထရမ့်သည် ထိုကဲ့သို့သော ကံကြမ္မာဆိုးကို ရင်ဆိုင်နေရပြီဖြစ်ပြီး ယင်း၏ နောက်ဆက်တွဲအကျိုးဆက်များသည် ၎င်း၏ သမ္မတသက်တမ်းထက်ပင် များစွာကျော်လွန်၍ သက်ရောက်လာနေသည်။ ပျက်ပြားသွားသော သဘောတူညီချက်တိုင်း၊ မည်သည့်ရလဒ်မျှ ထွက်မလာသော ထိပ်သီးအစည်းအဝေးတိုင်းနှင့် အကောင်အထည်မဖော်နိုင်ဘဲ လေလုံးထွားခဲ့မှုတိုင်းက ပြိုင်ဘက်နိုင်ငံများ ကြိုတင်တွက်ဆ သံသယဝင်ထားသည်များကို ပိုမိုခိုင်မာစေခဲ့သည်။ 

 

သက်တမ်းကုန်ဆုံးတော့မည့် စူပါပါဝါနိုင်ငံကြီးတစ်ခုသည် ကမ္ဘာ့မျက်မှောက်၌ မိမိကိုယ်ကိုယ် အင်အားကုန်ခမ်းအောင် လုပ်ဆောင်နေပြီး၊ ကမ္ဘာကြီးကမူ ၎င်းကို ဂရုမစိုက်တော့ဘဲ ရှေ့သို့သာ ဆက်လက်လှမ်းချီသွားနေပြီ ဖြစ်သည်။

 

(၂၀၂၆ မေလ ၁၆ ရက်နေ့ထုတ် The Atlantic မဂ္ဂဇင်းပါ Xi Jinping Was Only Humoring Trump ဆောင်းပါးကို ပြန်လည် တင်ပြသည်။)