ဂေါ်ကီ ၏ အမေ(62)

by Hla Soewai - May 18 2026

"အိမ်ကို ပြန်အလာ ငါ ပထမဆုံးတွေ့တာ စီဇော့ဗ်ပဲ" ဟု ပါဗယ်က အန်ဒရေကို ပြောပြသည်။ "သူက ငါ့ကို လှမ်းမြင်တာနဲ့ လမ်းကိုဖြတ်ကူးပြီး လာနှုတ်ဆက်တာ။ ငါ့ကို ရဲတွေစောင့်ကြည့် နေကြလို့ အန္တရာယ်ရှိတဲ့လူ ဖြစ်နေလို့ ပိုပြီးသတိထားသင့်တယ်လို့ သူ့ကို ပြောလိုက်မိတယ်။ ဒါပေမဲ့ သူက 'ဘာမှမဖြစ်ပါဘူး!' လို့ ပြန်ပြောပြီး သူ့တူအကြောင်းကို မေးလိုက်ပုံများ မင်းကို ကြား စေချင်တယ်။ 

 

'ဖက်ဒ်ယာက ထောင်ထဲမှာ လူပီသစွာ နေထိုင်ခဲ့ရဲ့လား?' တဲ့။ ထောင်ထဲမှာ လူပီသစွာ နေထိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲလို့ ငါ က ပြန်မေးတော့ သူက 'အေး... သူ့ရဲဘော်တွေအပေါ် မပြောသင့်မပြောထိုက်တာတွေကို သူများ လျှောက်ပြောတာမျိုးတွေ မလုပ်ခဲ့ တာမျိုးကိုဆိုလိုတာလို့ ပြောတယ်။ ဖက်ဒ်ယာဟာ ရိုးသားပြီး အမြော်အမြင်ရှိတဲ့ လူငယ်တယောက်ပါလို့ ငါ က ပြောပြလိုက်တော့ သူ့မုတ်ဆိတ်မွေးကို သပ်ရင်းနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တာက - 'ငါတို့ စီဇော့ဗ် မျိုးရိုးထဲမှာ အသုံးမကျတဲ့ အမှိုက်ဆိုတာ မရှိစေရဘူးကွ' တဲ့။"

 

သူက အတွေး အခေါ် ကောင်းတဲ့ အဘိုးကြီးပဲဗျ၊" ဟု ရုရှား လေး က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "ကျွန်တော် သူနဲ့ မကြာ မကြာ စကားပြောဖြစ်တယ်။ သူက တကယ့်ကို တော်တဲ့ တောင်သူကြီးတယောက်ပါ။ ဒါနဲ့ ဖက်ဒ်ယာ ကိုရော မကြာခင် ပြန်လွှတ်ပေးကြမှာလား။"

 

"အေး... ဒီရက်ပိုင်းအတွင်းလောက် ထင်တာပဲ။ အားလုံးကို ပြန်လွှတ်ပေးမယ်လို့ ငါထင်တယ်။ အီဆေး ရဲ့ ထွက်ဆိုချက်ကလွဲလို့ သူတို့မှာ အခြား ဘာသက်သေမှ ရှိတာမဟုတ်ဘူး။ ပြီးတော့ အီဆေးကရော ဘာတွေများ ပြောနိုင်မှာမို့လို့လဲ"

 

အမေသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း သားဖြစ်သူကို ကြည့်လိုက်သည်။ အန်ဒရေမှာမူ လက်နှစ်ဖက်ကို နောက်ပစ်ချိတ်ထားလျက် ပြတင်းပေါက်နားတွင် ရပ်ကာ ပါဗယ်လ် ပြောပြနေသည်များကို နားထောင်နေ၏။ ပါဗယ်လ်သည်လည်း အခန်းထဲတွင် ဟိုမှသည် လျှောက်နေသည်။

 

 သူ၏ မုတ်ဆိတ်မွှေးများမှာ ရှည်လာခဲ့ပြီဖြစ်ပြီး နက်မှောင်ပါးလွှာသော ဆံနွယ်စလေးများသည် ပါးပြင်တစ်ဝိုက်တွင် အလိပ်လိုက် အုံခဲကာ ပေါက်နေသဖြင့် သူ၏ ညိုမှောင်သော မျက်နှာသွင်ပြင်ကို အနည်းငယ် နူးညံ့သွားစေသည်။ သူ၏ နက်မှောင်သော မျက်လုံးများကမူ တည်ကြည်ခိုင်မြဲသော အမူအရာရှိနေဆဲပင်။

 

"ထိုင်ကြလေ" ဟု ပူပူနွေးနွေး ဟင်းလျာတစ်ခွက်ကို ချပေးရင်း အမေက ပြောလိုက်သည်။

 

ညစာစား နေစဉ် အန်ဒရေက ရိုင်ဘင်အကြောင်းကို ပါဗယ်အား ပြောပြလိုက်သည်။ အန်ဒရေ စကားအဆုံးတွင် ပါဗယ်က နှမြောတသစွာဖြင့် -

"ငါသာ အိမ်မှာရှိရင် သူ့ကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး။ သူ့ ခေါင်းထဲမှာ မကျေနပ်မှုတွေနဲ့ စိတ်ရှုပ်ထွေးမှု နေတာ ပဲ ရှိနေမှာပေါ့" ဟု ညည်းတွားလိုက်သည်။

 

"အင်းလေ..." ဟု အန်ဒရေက ရယ်မောရင်း ပြန်ပြောသည်။ "အသက်က လေးဆယ်ရှိနေပြီဖြစ်တဲ့ လူတယောက်ရဲ့ ရင်ထဲမှာ အစွဲအလမ်း ဆိုတဲ့ ဝက်ဝံ တွေနဲ့ သတ်ပုတ်လုံးထွေးလာခဲ့တာ ကြာပြီ ဆိုတော့အသစ်ပြန်ဖြစ်အောင် ပြောင်းလဲဖို့ဆိုတာ ခက်သားလား။"

 

ပါဗယ်လ်က သူ့ကို တည်ကြည်စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

 

"လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ စုပြုံပိတ်ဆို့နေတဲ့ အမှိုက်သရိုက်တွေကို အသိဉာဏ်အလင်းပွင့်မှုက ဖယ်ရှားပစ်နိုင်မှာမဟုတ်ဘူးလို့ မောင်ရင် ထင်နေတာလား"

 

"ချက်ချင်းကြီး လေထဲကို ဝုန်းခနဲ ပျံမတက်လိုက်ပါနဲ့ဦး ပါဗယ်လ်ရာ၊ မင်းရဲ့ အရှိန်က ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းစင်ကို သွားတိုက်မိပြီး အတောင်ပံတွေ ကျိုးသွားပါဦးမယ်" ဟု ရုရှားလေး က သတိ ပေးလိုက်သည်။

 

ထို့နောက် သူတို့နှစ်ဦးသည် အပြန်အလှန် ငြင်းခုံဆွေးနွေးကြလေတော့သည်။ ထိုသို့ ဆွေးနွေးရာတွင် အသုံးပြုသော စကားလုံးအသုံးအနှုန်းများမှာ အမေဖြစ်သူအတွက်မူ နားမလည်နိုင်အောင်ပင် ခက်ခဲလှသည်။ ညစာစားပွဲ ပြီးသွားသော်လည်း သူတို့၏ ပြင်းထန်သော အချေအတင် ဆွေးနွေးမှုက မပြီးဆုံးသေးဘဲ ခက်ခဲနက်နဲသော စကားလုံးကြီးများကို မိုးသီးမိုးပေါက်များသဖွယ် တစ်ယောက်ကိုတစ်ယောက် ပစ်ပေါက်နေကြဆဲပင်။ တစ်ခါတစ်ရံတွင်မူ သူတို့၏ စကားပြောဟန်မှာ အနည်းငယ် ပို၍ ရိုးရှင်းသွားတတ်သည်...။

 

"ငါတို့ကတော့ ငါတို့သွားမယ့် လမ်းအတိုင်းပဲ တည့်တည့်မတ်မတ် ဆက်သွားရမယ်၊ ဘယ်ကိုလည်း မကွေ့သလို ညာကိုလည်း မစောင်းနိုင်ဘူး။" ဟု ပါဗယ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။"

 

"အဲဒီလိုဆိုရင်တော့ ငါတို့ကို ရန်သူလို သဘောထားမယ့် သန်းနဲ့ချီတဲ့ လူထုကြီးနဲ့ ထိပ်တိုက် တိုးတော့မှာပေါ့။"

 

"အဲဒါကိုတော့ ရှောင်လွှဲလို့ မရဘူးလေ။"

 

"ဒါဆိုရင်တော့ မင်း ပြောပြောနေတဲ့ လူထုအသိဉာဏ်ပွင့်လင်းရေး ဆိုတာကြီးက ဘာဖြစ်သွားရမလဲ အာစရိရယ်။"

 

အမေဖြစ်သူသည် သူတို့နှစ်ဦး၏ အငြင်းအခုန်ကို နားထောင်နေရင်း ပါဗယ်က လယ်သမားထုအပေါ် သိပ်ပြီး အလေးမထားကြောင်း၊ သို့သော် ရုရှား လေးကမူ လယ်သမားများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေပြီး လယ်သမားများအနေဖြင့်လည်း ကောင်းမြတ်သော သဘောတရားများကို နားလည်သဘောပေါက်လာအောင် သွန်သင် ဆုံးမရမည်ဖြစ်ကြောင်း ရှင်းပြရန် ကြိုးစားနေသည်ကို နားလည်သွားသည်။ 

 

အမေသည် အန်ဒရေ၏ ပြောစကားများကို ပို၍ နားလည်သဘောကျမိပြီး သူ မှန်သည်ဟုလည်း ထင်မိသည်။ သို့သော် အန်ဒရေ စကားပြောလိုက်တိုင်း ပါဗယ် စိတ်ဆိုးဝမ်းနည်းသွားမလားဆိုသည်ကို သိချင်စိတ်ဖြင့် အမေသည် နားစွင့်ရင်း၊ အသက်အောင့်ရင်းနှင့် သားဖြစ်သူ၏ အဖြေကို စိုးရိမ်တကြီး စောင့်မျှော်နေမိသည်။ သို့သော်လည်း သူတို့နှစ်ဦးသည် အသံကုန် အော်ဟစ်ငြင်းခုံနေကြသော်လည်း တဦးကိုတဦး စိတ်ဆိုးဒေါသထွက်အောင် တော့မလုပ်ကြပေ။

 

ရံဖန်ရံခါတွင် အ မေ ဖြစ်သူက “ဟုတ်လို့လား ပါဗယ် ရဲ့” ဟု မေးတတ်ပြီး၊ သူကတော့ ပြုံးလျက် “ဟုတ်ပါတယ် အမေ၊ ကျွန်တော် ပြောတဲ့အတိုင်းပါပဲ” ဟု ပြန်ဖြေတတ်သည်။

 

ထိုအခါ ရုရှား လေးက “ပြောစမ်းပါဦး ဆရာသမားရဲ့၊ မင်း အစားကောင်းကောင်းစားခဲ့ပေမဲ့ သေချာဝါးမစားတော့ အဖတ်တစ်ခုက လည်ချောင်းထဲမှာ တစ်ဆို့နေပြီထင်တယ်။ အာလုတ်ကလေးဘာလေး သွားကျင်းလိုက်ဦး” ဟု ဆိုလေသည်။

 

“လာနောက်မနေနဲ့” ဟု ပီဗဲလ်က ပြန်ပြောပြီး၊

 

 “မနောက်ပါဘူး၊ အသုဘ အိမ် ရောက်နေသလို 

တကယ့်ကို အလေးအနက် ပြောနေတာ" ဟု ဆိုသည်။

 

အမေ ကတော့ တိုးတိုးတိတ်တိတ် ရယ်မောရင်း ခေါင်းကို ခါယမ်းနေမိတော့သည်။

 

*****************************