မိခင်ဖြစ်သူ အသက်ရှင်လျက်ရှိကြောင်း သား ဖြစ်သူ သိခွင့် ရှိသည်ကိုပင် စစ်အုပ်စု နားလည် နိုင်စွမ်း မရှိ

by Hla Soewai - May 18 2026

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆီဗူးမြို့တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးအတွက် အာဆီယံခေါင်းဆောင်များ ပြင်ဆင်နေကြစဉ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း ထံမှ ပေးပို့လာသော စာတစောင်ကို ဖတ်ရှု ဖိုင်တွဲ နေချိန် ဖြစ်သည်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်သော ကိုထိန်လင်းသည် ၎င်း၏ မိခင်ဖြစ်သူ အသက်ထင်ရှားရှိနေသေးကြောင်း သက်သေပြ ပေးရန် အကူအညီတောင်းခံသည့် အသနားခံ စာ ပင် ဖြစ်သည်။

 

၎င်း၏မိခင်အား နေပြည်တော် တနေရာရာရှိ “သတ်မှတ်နေရာ” တခုသို့ ထောင်မှ ရွှေ့ပြောင်းလိုက်သည်ဟု ဆိုပြီးနောက်ပိုင်း၊ စစ်အုပ်စု ၏ သမ္မတသစ်အဖြစ် ကိုယ့်ဘာကိုယ် ခန့်အပ်ထားသူ မင်းအောင်လှိုင်တို့ဘက်က ပေါ့ပျက်ပျက် ထုတ်ပြန်ချက်များထက် ပိုမိုခိုင်မာသော သက်သေတခုခု ပြသလာစေရန် မက်ခရွန်အနေဖြင့် အနည်းဆုံး စစ်အုပ်စု ကို တွန်းအားပေး ရန် ကိုထိန်လင်းက လိုလားနေသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူအနေဖြင့် မိခင်ဖြစ်သူ ရှိနေမည့် နေရာ အတိအကျ ကို သိပိုင်ခွင့် ရှိသင့်သည်ဟု စဉ်းစားဉာဏ် ရှိသူတိုင်း တွေးမိမည်ဖြစ်သည်။ လက်ရှိတွင် စစ်အုပ်စု က သူမအပေါ် ပြုမူဆက်ဆံပုံမှာ လိုအပ်သည်ထက်ပို၍ ယုတ်မာရိုင်းစိုင်း နေခြင်းသည် လက်ရှိမြေပြင်အခြေအနေမှန်ကို သိရှိနားလည်ခြင်း မရှိသည်ကို အထင်အရှား ပြသနေသည်။ 

 

အာဆီယံက ၎င်းတို့ကို ဖယ်ကျဉ်ထားခြင်းမှာ “ခွဲခြားဆက်ဆံသည့် အစီအမံများ” ကြောင့်ဖြစ်သည်ဟု ဆိုကာ စစ်အုပ်စု က မကျေမနပ် အော်ဟစ် နေပြီး ၎င်းတို့ကိုယ်၎င်းတို့ သားကောင် ဖြစ် နေရရှာလေဟန် သရုပ်ဆောင်ခဲ့ချိန်တွင် ထိုအချက်မှာ အတိုင်းသား ပေါ်လွင်နေခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများနောက်ပိုင်း အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုက ထိုအချက်ကို “ကောင်းစွာ အသိအမှတ်ပြုထားကြသည်” ဟုလည်း ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပြင်ပတွင် စစ်အုပ်စုက ပြောကြားခဲ့သေးသည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲများကို အခြားဖက်တွင်မူ အယောင်ပြ ရွေးကောက်ပွဲသက်သက်အဖြစ်သာ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြသည်။

 

သမိုင်းကြောင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်လေ့ မရှိလှသည့် ကမ္ဘောဒီးယား၊ လာအိုနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့က မင်းအောင်လှိုင်အား “သမ္မတ” အဖြစ် ခန့်အပ်ခံရမှုအပေါ် ဂုဏ်ပြုခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုသုံး နိုင်ငံ လောက် နှင့် တော့ အာဆီယံနိုင်ငံအများစုဟု ဆိုရန် အလှမ်းဝေးလှပေသည်။

 

ဗီယက်နမ်နှင့် ဘရူနိုင်းတို့ကမူ ရေငုံနှုတ်ပိတ် နေခဲ့ကြသည်။ သို့သော် တီမောလက်စ်တေ က စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကမူ နေပြည်တော်မှ စစ်အစိုးရအား အာဆီယံအသိုင်းအဝိုင်း၏ ပြင်ပတွင်သာ ဆက်ရှိနေစေရန် သေချာအောင် လုပ်ဆောင်နေကြသည်။

 

အာဆီယံအဖွဲ့အနေဖြင့် ၅ နှစ်တိုင်တိုင် ဝေဝေဝါးဝါးဖြင့် အချိန်ဆွဲနေခဲ့သော်လည်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် က မြန်မာနိုင်ငံတွင် "မည်သည့်တိုးတက်မှုမျှ မရှိခဲ့" ဟု မကျေမနပ် ပြောကြားခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား နာမည်ပျက် စာရင်းသွင်းထားမှုကို ဆက်လက်အတည်ပြုခဲ့ကြသည်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က “ကျွန်တော်တို့ အနေနဲ့ စိတ်မသက်မသာ ဖြစ်နေရဆဲပါပဲ၊ ဘာလို့လဲဆိုတော့ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေပြီး အုပ်ချုပ်ခံ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေလည်း ဖြစ်ပွားနေတုန်းမို့လို့ပါ” ဟု ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင် ဖန်တီးထားသော ပြည်တွင်းစစ်၏ အခြေအနေကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် တင်ပြရလျှင် — လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်စဉ်အချက်အလက် စီမံကိန်း (ACLED) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ချိန်မှ ၂၀၂၆ ခုနှစ် အစောပိုင်းအထိ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကြမ်းဖက်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ၉၅,၀၀၀ ခန့် ရှိနေပြီ ဖြစ်သည်။

 

ထို့အပြင် ပြီးခဲ့သည့်နှစ်အတွင်း ပဋိပက္ခများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး တလလျှင် ပျမ်းမျှ လူဦးရေ ၁,၅၅၀ ခန့် သေဆုံးနေရကာ၊ လူဦးရေ ၂၈.၆ သန်းကျော်မှာလည်း အကြမ်းဖက်မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

 

ယခုအခါ အသက် ၈၀ အရွယ်ရှိပြီဖြစ် သော ဒေါ်အောင်ဆန်းစုကြည်သည် မည်သို့ မည်ပုံ ဖြတ်သန်း ကျော်လွှား နေရသည်ကို သားဖြစ်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သိပိုင်ခွင့် ရှိသည်။

 

သူမအနေဖြင့်လည်း ဆေးဝါးကုသမှု ခံယူခွင့်ရှိသည်။ သူမ၏ ဂုဏ်သတင်း အဆင့်အတန်းအရ ထိုသို့သော အခွင့်အရေးကို ရရှိရန် အပြည့်အဝ ထိုက်တန်လှသည်။ အာဏာရရှိစဉ်အတွင်း ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ ဝေဖန်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသော်လည်း ဤအခွင့်အရေးကို ရရှိသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

 

ထိုသို့သော အခြေအနေမျိုးတွင်ပင် — ၂၀၁၇-၁၈ ခုနှစ်အတွင်းက မူဆလင် ရိုဟင်ဂျာများအပေါ် နှိမ်နင်းမှု၌ မင်းအောင်လှိုင်နှင့် ၎င်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိကို သည်ဟိဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ တရားသူကြီးများက ဆက်လက် စဉ်းစားသုံးသပ်နေကြဆဲ ဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်သည့် အပြီးသတ် စီရင်ချက်ကို လာမည့် လအနည်းငယ်အတွင်း ချမှတ်လိမ့်မည်ဟု မျှော်လင့်ရသည်။

 

သို့သော်ငြားလည်း မင်းအောင်လှိုင်၏ အဖွဲ့သည် “အဖွဲ့ဝင်နိုင်ငံ အနည်းငယ်က မြန်မာအစိုးရအပေါ် ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံသည့် အစီအမံများနှင့် တန်းတူညီမျှ ကိုယ်စားပြုခွင့်ကို ပယ်ကျဉ်ထားခြင်းများကို ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်” ဟု ထုတ်ပြန်ကာ အရှက်မရှိ ရဲရဲဝံ့ဝံ့ပင် ပြောဆိုခဲ့သေးသည်။

 

ထိုသို့ ပယ်ကျဉ်ထားခြင်းမှာ အာဆီယံအနေဖြင့် အနည်းဆုံး လုပ်ဆောင်ပေးနိုင်သည့်၊ လုပ်လည်းလုပ်သင့်သည့် အရာမျှသာ ဖြစ်သည်။

 

၎င်းတို့က “မြန်မာအစိုးရသစ်အပေါ် အပြုသဘောမဆောင်သော ဆက်ဆံမှုများ” ရှိနေသည့်တိုင် “မြန်မာနိုင်ငံအနေဖြင့် သည်းခံမှုကို ကျင့်သုံးခဲ့သည်” ဟုပင် လျှောက်လဲ ပြောဆိုခဲ့ပြန်သည်။ သို့သော် ၎င်းတို့၏ အစိုးရဆိုသည်မှာ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမှ ဖယ်ရှားကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုကသာ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟူသော အချက်ကိုမူ ထည့်သွင်းပြောဆိုရန် မေ့လျော့နေခဲ့ကြသည်။

 

သူမ အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတခု ဖြစ်ခဲ့သည်ဟု အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက သတ်မှတ်ထားကြသော်လည်း၊ လက်ရှိ ၎င်းတို့ ကို ဆက်လက် ဆက်ဆံနေသည့် ပုံစံမျိုးသည် “မိမိတို့၏ ဒီမိုကရေစီ အခွင့်အရေးများကို ကျင့်သုံးခဲ့ကြသည့် မြန်မာပြည်သူလူထု၏ စစ်မှန်သော ဆန္ဒ သဘောထားကို လျစ်လျူရှုရာ ရောက်လိမ့်မည်” ဟု စစ်တပ်က ဘာကြောင့်မှန်းမသိ တွေးထင်နေခဲ့သည်။

 

မင်းအောင်လှိုင်နှင့် သူ၏ ကြံရာပါ တစ်သိုက်သည် အပြင်လောကနှင့် ကင်းကွာပြီး ၎င်းတို့ ဖန်တီးထားသည့် ကိုယ်ပိုင်ကမ္ဘာလေးထဲတွင်သာ နေထိုင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့ကို မည်သည့် ပုံစံဖြင့်မဆို အသိအမှတ်ပြုလိုက်ခြင်းသည် ပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်ထားသည့် ရက်စက်ယုတ်မာမှုများကို တရားဝင် ဖြစ်သွားရုံသာ ရှိလိမ့်မည်မှာ အထင်အရှားပင်။ 

 

ထို့ကြောင့် ဤကိစ္စရပ်မှာ နောက်ထပ် ပြန်လည်သုံးသပ် ပြင်ဆင်ရန် လိုအပ်ဦးမည့် ကိစ္စတခု ဖြစ်သော်လည်း၊ ICJ ရုံးက အပြီးသတ် စီရင်ချက် မချမချင်းနှင့် ကိုထိန်လင်း တယောက် ၎င်း၏ မိခင်ထံမှ သတင်းစကား တစ်ခုခု မကြားရမချင်းတော့ မည်သို့မျှ ဖြစ်လာနိုင်ဦးမည် မဟုတ်ပေ။

 

ပြည်သူတို့၏ တရားသော စစ် မှ မုချ အောင်ရမည်!!!

 

(The Diplomat စာစောင်တွင် ဆောင်းပါးရှင် Luke Hunt ၏ Myanmar’s Junta Cries Foul as Kim Aris Pleads For Proof His Mother Is Alive ကို ပြန်လည် တင်ပြသည်။)