မေလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေး အား တရားစွဲဆိုမှု သည် မနီလာမြို့တော်တွင် ရှေ့ဆက် လှုပ်ခတ်သွားမည့် စိတ်လှုပ်ရှားဖွယ် သီတင်းပတ်၏ အစပျိုးသာ ဟု ဆိုရမည် ဖြစ်သည်။
မေလ ၁၃ ရက်နေ့တွင်မူ ဒူတာတေးကို ထောက်ခံသည့်အထက်လွှတ်တော်အမတ် များသည် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဝိုင်းရံပိတ်ဆို့မှုကို ခံနေရသည်ဟု ဆိုကာ ဆီးနိတ် အဆောက်အအုံအတွင်း၌ ပုန်း အောင်းနေခဲ့ကြသဖြင့် အခြေအနေများမှာ ပိုမို တင်းမာ လာခဲ့သည်။
ဖိလစ်ပိုင် တွင် ယခင်က ဖြစ်ပွားခဲ့သော နိုင်ငံရေးအရ ရှုပ်ထွေးလှသော စံနှုန်းများနှင့် ယှဉ်လျှင်ပင် ယခုလိုထူးခြားဆန်းပြားလှသည့် ဗရုတ်သုတ်ခ ဖြစ်ရပ်များသည် ၂၀၂၈ ခုနှစ်မှစ၍ နိုင်ငံကို မည်ကဲ့သို့သော ခေါင်းဆောင်မှုမျိုးက ဆက်ခံဦးဆောင်မည်နည်း ဆိုသည့် အရေးနှင့် သက်ဆိုင်နေသည်။
အာဏာရှင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ၏ သမီးဖြစ်သူ မစ္စက် ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတွင် သြဇာအာဏာအကြီးမားဆုံးသော နိုင်ငံရေးမျိုးနွယ်စုကြီး နှစ်စုအနက် တစုကို ကိုယ်စားပြုသူ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် သူမသည် အခြားသြဇာကြီး မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး ဖခင်ဖြစ်သူမှာ အကျင့်ပျက်ခြစားကာ ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်တစ်ဦး ဖြစ်ခဲ့သော ဖာဒီနန် “ဘွန်ဘွန်” မားကို့စ် နှင့် နိုင်ငံရေး အရ ပူးပေါင်းခဲ့သည်။ ဘွန်ဘွန်သည် ထိုသို့ ပူးပေါင်းခဲ့မှု ကြောင့် သမ္မတရာထူးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ သိသိသာသာကြီး ပျက်ပြားသွားခဲ့သည်။
အောက်လွှတ်တော်တွင် ခိုင်မာသော အများစုမဲကို ရရှိထားသည့် မားကို့စ် ၏ ထောက်ခံသူများအတွက်မူ ယခု တရားစွဲဆိုမှု ဖြင့် မစ္စက် ဒူတာတေးနှင့် သူမ၏ မျိုးနွယ်စုကို အပြီးအပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် ပစ်ရန် အခွင့်အရေး ရလာခဲ့သည်။
ယခုအခါ အထက်လွှတ်တော်အနေဖြင့် မစ္စက်ဒူတာတေး ကို ရုံးတင်စစ်ဆေးရတော့မည် ဖြစ်သည်။ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ရန် အထက်လွှတ်တော်၏ သုံးပုံနှစ်ပုံ အများစုမဲ လိုအပ်ပြီး၊ အကယ်၍ ပြစ်မှုထင်ရှားပါက သူမအနေဖြင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားမည် ဖြစ်သည်။
သို့သော်လည်း အထက်လွှတ်တော်အပေါ် သမ္မတ၏ လွှမ်းမိုးနိုင်စွမ်းမှာ အားနည်းနေဆဲ ဖြစ်သည်။ လက်ရှိအချိန်အထိတော့ မစ္စက်ဒူတာတေးသည် နောက်ထပ် နှစ်နှစ်အကြာတွင် ကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံ၏ အမြင့်ဆုံး သမ္မတရာထူးကို ဆက်ခံရန် ရေပန်းအစားဆုံး ဖြစ်နေဆဲ ဖြစ်သည်။
၂၀၂၄ အတွင်း မစ္စက် ဒူတာတေးက အကယ်၍ သူမအပေါ် အန္တရာယ် တစုံတရာ ကျရောက်လာပါက မားကို့စ်၊ ၎င်း၏ဇနီးနှင့် ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌတို့ကို လုပ်ကြံသတ်ဖြတ်ရန် လူသတ်သမား တဦးကို ကြိုတင်ငှားရမ်းထားပြီးဖြစ်ကြောင်း ကြုံးဝါးခဲ့ဖူးသည်။
သို့သော်လည်း အတွင်းသိများ၏ အဆိုအရ အဆိုပါ ခြိမ်းခြောက်မှုမှာ စွပ်စွဲချက် (၄) ခုအနက် အားအနည်းဆုံးအချက် ဖြစ်သည်ဟု ယူဆကြသည်။ အားအကောင်းဆုံး စွပ်စွဲချက်များမှာ အကျင့်ပျက်ခြစားမှုနှင့် အရင်းအမြစ်မပြနိုင်သည့် ကြွယ်ဝချမ်းသာမှု (မတရားရယူထားသော ပိုင်ဆိုင်မှု) များ နှင့် စပ်လျှင်း သော တရားစွဲဆိုချက်များ ဖြစ်သည်ဟု ဆိုသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီ ၏ ထုတ်ပြန်ချက်အရ မစ္စက်ဒူတာတေးနှင့် ခင်ပွန်းဖြစ်သူတို့၏ ဘဏ်အကောင့်များအား ဖိလစ်ပိုင်ပီဆို ၆.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၁၀) ခန့်ကို သံသယဖြစ်ဖွယ် လွှဲပြောင်းထားမှုများကို စုံစမ်း ဖော်ထုတ်ရရှိထားကြောင်း သိရသည်။
ယခုအခါ မစ္စက် ဒူတာတေး၏ အပေါင်းအပါများသည် အဖွဲ့ဝင် ၂၄ ဦးပါဝင်သော အထက်လွှတ်တော်တွင် အရေးသာရန် ကြိုးပမ်းနေကြသည်။ စွပ်စွဲချက် မတင်သွင်းမီလေးတွင် ဒူတာတေး၏ မဟာမိတ်ဖြစ်သူ အလန် ပီတာ ကာယေတာနို သည် အထက်လွှတ်တော်ဥက္ကဋ္ဌကို ရာထူးမှ ဖယ်ရှား ရေး အတွက် လိုအပ်သော မဲအရေအတွက်ကို ရရှိရန် စည်းရုံး နိုင် ခဲ့သည်။
ထို့နောက် ၎င်းသည် ရိုဒရီဂို ဒူတာတေး လက်ထက်က ရဲချုပ်ဖြစ်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် တရားဥပဒေမဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ကြီးကြပ်ကွပ်ကဲခဲ့သူ ဆီနိတ်တာ ရော်နယ် “ဘာတို” ဒီလာ ရိုဆာ အား အကာအကွယ်ပေး စောင့်ရှောက်ခွင့်ကို ချက်ချင်းပင် ခွင့်ပြုပေးခဲ့သည်။ (မစ္စတာ ဒူတာတေးသည် လက်ရှိတွင် လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မုဒိမ်းမှု စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၌ ရုံးတင်စစ်ဆေးခံရန် သည်ဟိဂ်မြို့တွင် ရောက်ရှိနေသည်။)
မေလ ၁၁ ရက်နေ့က အထက်လွှတ်တော် ညီလာခံခန်းမအတွင်း၌ မစ္စတာ ဒီလာ ရိုဆာသည် မစ္စတာ ကာယေတာနိုအား ဥက္ကဋ္ဌအဖြစ် မဲပေးရွေးချယ်နိုင်ရန်အတွက် ပုန်းအောင်းနေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အစိုးရ အေးဂျင့်များက ၎င်းအား ICC ၏ ဖမ်းဝရမ်းအတိုင်း ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့နောက် မေလ ၁၃ ရက် ညနေပိုင်းတွင် ဆီးနိတ် အဆောက်အအုံအတွင်းမှ သေနတ်သံများ ကြားခဲ့ရသည်။ အဆောက်အအုံအတွင်းရှိ ဒူတာတေး လိုလားသော ဆီနိတ်တာများက ၎င်းတို့သည် အစိုးရအေးဂျင့်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည်ဟု ပြောဆိုခဲ့ကြသည်။
သို့သော်လည်း သမ္မတ မားကို့စ်က အစိုးရ၏ မည်သည့်စစ်ဆင်ရေးမျှ မရှိကြောင်း ရုပ်မြင်သံကြားမှ တဆင့် ငြင်းဆိုခဲ့သည်။ ယင်းဖြစ်ရပ်သည် လုပ်ကြံဖန်တီးထားသော အကျပ်အတည်းတခုနှင့် တူနေသည်။ လက်ရှိတွင် ကာယေတာနို လက်အောက်ရှိ ဆီးနိတ်အဆောက်အအုံ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များကပင် ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ပြီး— မည်သူ့ကို ဦးတည်ပစ်ခတ်ခဲ့သည် သို့မဟုတ် တကယ်တမ်းပစ်ခတ်ခြင်း ဟုတ်မဟုတ် ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်အတွင်း ဒီလာ ရိုဆာမှာမူ လှစ်ကနဲဆို ပျောက်ကွယ်သွားခဲ့သည်။
မစ္စက် ဒူတာတေး၏ အထက်လွှတ်တော် ရုံးတင်စစ်ဆေးမှု စတင်သည့်အခါ ယင်းသည် ဥပဒေကြောင်းအရ ပြစ်မှုထင်ရှားမှုကို အဓိကထားမည်မဟုတ်ဘဲ နိုင်ငံရေး ကစားကွက်သက်သက်သာ ဖြစ်လာ ပေလိမ့်မည်။ ထို့ကြောင့် ပြစ်မှုထင်ရှား စီရင်ချက်ချနိုင်ရန်မှာ မသေချာလှပေ။
အချို့သော ဆီနိတ်တာများသည် ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်း ရန်ပုံငွေများနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံအောက်တွင် နာမည်ပျက်နေကြသဖြင့် ၎င်းတို့ကိုယ်တိုင် ထောင်မကျစေရန်အတွက် မစ္စက် ဒူတာတေးဘက်မှ ရပ်တည်ကာ အားပေးကူညီကြဖွယ် ရှိနေသည်။ အခြားသူများကမူ မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူလူထု၏ သဘောထားရေစီးကြောင်းကို အကဲခတ် ချိန်ဆကြမည် ဖြစ်သည်။
မစ္စက် ဒူတာတေးအား ဝေဖန်သူများကမူ သူမ ကျူးလွန်ခဲ့သည်ဆိုသော အကျင့်ပျက်ခြစားမှုများ၏ ပမာဏနှင့် အသေးစိတ်အချက်အလက်များကို ချပြလိုက်နိုင်ပါက ပြည်သူလူထု၏ သဘောထားသည် သူမအပေါ် ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ယူဆကြသည်။
ထို့ကြောင့်လည်း ကာယေတာနိုအနေဖြင့် ရုံးတင်စစ်ဆေးမှုဖြစ်စဉ်ကို ကြန့်ကြာအောင် ပြုလုပ်ခြင်း သို့မဟုတ် ဝေဝါးရှုပ်ထွေးအောင် ဖန်တီးခြင်းမျိုး လုပ်ဆောင်လာခြင်း ဖြစ်မည်။
ဖွဲ့စည်းပုံ အရ သမ္မတသက်တမ်း တကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည့် မားကို့စ်၏ လက်ထက်တွင် ဆွေမျိုးကောင်းစားရေးနှင့် အပေါင်းအပါများ၏ အကျိုးစီးပွားရှာမှုများ ရှိနေသော်လည်း၊ သမ္မတသည် အကြမ်းဖက်မှုဘက်သို့ မလိုက်ဘဲ တရားဥပဒေစိုးမိုးရေးဘက်သို့သာ ဦးတည် နေသည်။ ၎င်းသည် ဖခင်ဖြစ်သူကြောင့် အမည်းစက်စွန်းထင်ခဲ့ရသော မားကို့စ် မျိုးနွယ်စု၏ အမွေအနှစ်ကို ပြန် ၍ အဖတ်ဆယ်မည်ဟု ခံယူထားသည်။
ထို့ကြောင့် မိမိကဲ့သို့ပင် အလားတူ မျှော်မှန်းချက်မျိုးရှိသည့် ဆက်ခံသူတစ်ဦးကို မြင်တွေ့ရရန် ၎င်းက မျှော်လင့်နေလိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သူမ၏ ဝန်ထမ်းများကို လက်ပ်တော့ပ်နှင့် ပစ်ပေါက်လေ့ရှိပြီး တကြိမ်တွင်မူ တရားရုံးအရာရှိတစ်ဦး၏ မေးရိုးကို လက်သီးဖြင့် ထိုးခဲ့ဖူးသည်ဟု ဆိုကြသော မစ္စက် ဒူတာတေး ၏ မျိုးရိုးစဉ်ဆက် အာဏာရှင်ပုံရိပ်မှာမူ လက်နက်၊ အကြမ်းဖက်မှုနှင့် ကလဲ့စားချေသည့် နိုင်ငံရေးတို့အပေါ်တွင်သာ အခြေခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းသွားနိုင်ရန် လုံးဝဥဿုံ ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခု တွေ့လာနေရသည်။
(၂၀၂၆ မေ လ ၁၃ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "Drama in the Philippines after the vice-president is impeached" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)