နယ်လ်ဆင် မင်ဒဲလား အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည့် ရီဗိုးနီးယား တရားခွင် (နိဂုံး)
ပြစ်မှုထင်ရှားစီရင်ရန် သံသယဖြစ်ဖွယ်ရှိနေသည့် တရားခံများအတွက်မူ၊ ၎င်းတို့၏ ထွက်ဆိုချက်များသည် တရားလိုဘက်က တင်ပြထားသော အားနည်းသည့် သက်သေအထောက်အထားများကို ပြန်လည်ချေပနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။ ထိုသက်သေများမှာ ၎င်းတို့အား ဖျက်ဆီးရေးလုပ်ငန်းများ သို့မဟုတ် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်များနှင့် တနည်းနည်းဖြင့် ဆက်စပ်နေစေရန် တင်ပြထားခြင်းဖြစ်သည်။
အချိုက အခြားသူများထက် ပိုမိုကောင်းမွန်စွာ ထွက်ဆိုနိုင်ခဲ့ကြသည်။ ၎င်းတို့ ခိုနားရာအိမ် တွင် အင်တင်နာတိုင် တခု စိုက်ထူနေသည်ကို မြင်ခဲ့ရသည်ဟု သက်သေတစ်ဦး၏ စွပ်စွဲခြင်းခံရသူ တရားခံ ရပ်စတီး ဘန်းစတိန်းသည် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး၊ ယဉ်ကျေးပျူငှာစွာနှင့် စိတ်အေးလက်အေးဖြင့် "ရှင်းလင်းပြတ်သားသော အဖြေများ" ကို ပေးနိုင်ခဲ့သည်။
ထိုကဲ့သို့ ထွက်ဆို နိုင်ခဲ့မှု ကြောင့်ပင် သူသည် အခြားတရားခံများကဲ့သို့ ကံကြမ္မာမျိုး မကြုံတွေ့ရဘဲ လွတ်မြောက်သွားခဲ့သည်။
အပိတ်လျှောက်လဲချက်များ မပြုလုပ်မီတွင် တရားသူကြီး ဒီဝက်သည် ဂျိမ်းစ် ကန်တာ အပေါ် စွဲဆိုထားသော စွဲချက်များကို ပလပ်ခဲ့သည်။ ကန်တာအပေါ် စွဲဆိုထားသည့် အမှုမှာ လုံးဝနီးပါး အထောက်အထား မခိုင်လုံကြောင်း တရားသူကြီးက အသိအမှတ်ပြုခဲ့သည်။ ကန်တာကို တရားစွဲဆိုခြင်းမှာ ရှေ့နေလောကရှိ တိုးတက်သော အမြင်ရှိသူများကို ခြိမ်းခြောက်ရန်အတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ပုံရပေသည်။
အစိုးရရှေ့နေ ပါစီ ယူတာ က ၎င်း၏ အပြီးသတ်လျှောက်လဲချက်တွင် "စွဲချက်တင်ထားတဲ့ အချက်တိုင်းကို သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာ သက်သေပြနိုင်ခဲ့ပြီလို့ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်။ ရရှိထားတဲ့ သက်သေတွေအရ ရဲတပ်ဖွဲ့ရဲ့ ကြားဖြတ်ဆောင်ရွက်မှုသာ မရှိခဲ့ရင် တောင်အာဖရိကနိုင်ငံဟာ သွေးချောင်းစီးတဲ့ ပြည်တွင်းစစ်ဒဏ်ကို ခံစားရနိုင်ခြေရှိနေတာ ရှင်းလင်းနေပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။
သုံးပတ်အကြာတွင် တရားသူကြီး ဒီဝက် စီရင်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ တရားခံများထဲမှ ရပ်စတီ ဘန်းစတိန်း တဦးတည်းသာ အပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။ တရားခံတဦးမှာ စွဲချက်လေးခုအနက် တခုတွင်သာ အပြစ်ရှိကြောင်း တွေ့ရှိရပြီး ကျန်တရားခံများအားလုံးမှာမူ စွဲချက်အားလုံးအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်းခံရသည်။
တရားသူကြီး ဒီဝက်က ပြစ်ဒဏ်ချမှတ်ခြင်းကို နောက်တနေ့ နံနက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း တရားခွင်သို့ လာရောက်နားထောင်သူ လူအုပ်ကြီးအား အသိပေးခဲ့သည်။
တရားသူကြီး ဒီဝက်၏ စာမျက်နှာ ၇၂ မျက်နှာပါဝင်သော သက်သေအထောက်အထားများနှင့် တွေ့ရှိချက် အကျဉ်းချုပ်တွင် "Spear of the Nation (နိုင်ငံ တော် ၏ လှံတံ)" အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရာ၌ နယ်လ်ဆင်မင်ဒဲလားသည် အဓိကဦးဆောင်လှုပ်ရှားသူဖြစ်ခဲ့သည်မှာ "သံသယဖြစ်ဖွယ်မရှိ" ကြောင်းနှင့် "Operation Mayibuye (မေယီဘူယဲ စစ်ဆင်ရေး)" သည် တောင်အာဖရိကအစိုးရကို အလုံးစုံ တော်လှန်ပုန်ကန်ရန် ရည်ရွယ်သည့် အသေးစိတ် ပြောက်ကျားစစ် အစီအစဉ်တစ်ခုဖြစ်ကြောင်း ကောက်ချက်ချ ဖော်ပြထားလေသည်။
ပြစ်ဒဏ်မချမှတ်မီ စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်တခု ရှိနေသေးသည်။ ပြစ်ဒဏ်လျှော့ပေါ့ပေးရန်အတွက် တရားခံ အကျိုးဆောင်များဘက်မှ ကမ္ဘာကျော် အရောင်းရဆုံးစာအုပ် တအုပ်ဖြစ်သည့် Cry, the Beloved Country ကို ရေးသားခဲ့သူ စာရေးဆရာ အလန် ပေတန် အား သက်သေအဖြစ် ထွက်ဆိုခွင့် ပြုရန် ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ ပေတန်သည် တောင်အာဖရိက၏ အင်အားချည့်နဲ့နေပြီဖြစ်သော လစ်ဘရယ်ပါတီမှ လေးစားခြင်းခံရသည့် လူဖြူတစ်ဦးဖြစ်ပြီး တောင်အာဖရိကတွင်သာမက တကမ္ဘာလုံး၌ပါ ထောက်ခံသူ အများအပြားရှိသူဖြစ်သည်။
ပေတန်က “ကျွန်တော့်နိုင်ငံကို ချစ်လို့ ” အခုလို ထွက်ဆိုပေးရန် တာဝန်ရှိသည်ဟု ခံစားရကြောင်းနှင့် တရားခံများ၏ အသက်ကို ချမ်းသာပေးခြင်းသည် “ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း” တရားခွင်တွင် ပြောကြားခဲ့သည်။
ပေတန်သည် တရားခံများ ကျူးလွန်ခဲ့သည့် အပြုအမူများအတွက် တောင်းပန်ခဲ့ခြင်း မရှိသော်လည်း သူတို့ကို “မိမိတို့၏ လူမျိုးအပေါ် အလွန်အမင်း သစ္စာစောင့်သိသော” သတ္တိခဲများအဖြစ် တင်စားပြောဆိုခဲ့သည်။ သူတို့အနေဖြင့် “ခေါင်းငုံ့ခံပြီး အညံ့ခံခြင်း သို့မဟုတ် လက်နက်ကိုင် တော်လှန်ခြင်း” ဆိုသည့် လမ်းနှစ်ခုမှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ကြောင်း သူက ဆိုခဲ့သည်။
အလန် ပေတန် သက်သေထွက်ဆိုနေစဉ်အတွင်း တရားသူကြီး ဒီဝက် ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်က ချပြီးသား ဖြစ်နေ၍ ဂရုတစိုက် နားထောင်ခြင်း ရှိ၊ မရှိ တပ်အပ် သေချာ မပြောနိုင်အောင် ဖြစ်နေသည်။ သို့သော် တရားခံများ၏ အသက်ကို ချမ်းသာပေးရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် သံတမန်ရေးအရ လျို့ဝှက် ဆက်သွယ်မှုများ စသည့် ပုံစံမျိုးစုံ ဖြင့် နိုင်ငံတကာမှ ဖိအားပေးမှုများသည် သီတင်းပတ်ပေါင်းများစွာကတည်းက တိုးပွားလာနေခဲ့ပြီ ဖြစ်သည်။
တရားသူကြီး ဒီဝက် က တရားခံများကို မတ်တပ်ရပ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စီရင်ချက်ကို ဖတ်ကြားလေသည်။ "ကျွန်ုပ်အနေနဲ့ အမြင့်ဆုံးပြစ်ဒဏ် (သေဒဏ်) ကို မပေးဖို့ ဆုံးဖြတ်လိုက်တယ်" ဟု တရားသူကြီးက ဆိုသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ယင်းပြစ်ဒဏ်မှာ "ကျူးလွန်သည့်ပြစ်မှုအတွက် သင့်တော်သည့် ပြစ်ဒဏ်" ပင် ဖြစ်ပေလိမ့်မည်။
သို့သော် ကမ္ဘာ့အလယ်တွင် ရှိနေမည့် တောင်အာဖရိက၏ အနာဂတ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။ "တရားစွဲဆိုခံထားရသူ အားလုံးအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ကတော့ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ပဲ ဖြစ်တယ်" ဟု ဆိုသည်။
အကယ်၍ သေဒဏ်ချမှတ်ခံရပါက အယူခံမဝင်ရန် ဆုံးဖြတ်ထားကြသည့် နယ်ဆင်မင်ဒဲလားနှင့် အခြားတရားခံများသည် ထိုစကားကို ကြားသည်နှင့် ပြုံးရွှင်သွားကြသည်။ သူတို့ အသက်ရှင်ခွင့် ရကြပြီဖြစ်သည်။ မင်ဒဲလားက သူ့ကို ထောက်ခံအားပေးသူများဘက်သို့ လှည့်ကာ လက်မထောင်ပြလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် တရားခံများကို ဗန်ကားတစ်စီးပေါ်သို့ အတင်းအကျပ် တင်ဆောင်သွားကြသည်။ ဆယ်စုနှစ် နှစ်ခုကျော်ကြာမည့် ထောင်ဒဏ်ကို စတင်ရန် ထွက်ခွာသွားစဉ် တရားရုံးအပြင်ဘက် လမ်းမများပေါ်ရှိ ထောက်ခံသူများက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။ မင်ဒဲလားက ဗန်ကားပြတင်းပေါက် သံတိုင်များကြားမှ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မြှောက်ပြရင်း ပြန်လည် တုံ့ပြန်ခဲ့သည်။
နယ်ဆင်မင်ဒဲလားသည် နောက်ထပ် ၁၈ နှစ်တာကာလကို ကိပ်တောင်းမြို့ အနီးရှိ ရော့ဘင်ကျွန်း ပေါ်က အကျဉ်းထောင်တွင် ကုန်ဆုံးခဲ့ရသည်။ သူသည် ထုံးကျောက်ကျင်းတွင် အလုပ်လုပ်ခဲ့ရပြီး ခြောက်လလျှင် စာတစောင်နှင့် လူတွေ့တကြိမ်သာ ခွင့်ပြုချက်ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အာဏာပိုင်များက မင်ဒဲလားနှင့် အခြားရီဗိုနီးယား တရားခံလေးဦးကို ကိပ်တောင်းမြို့ ဆင်ခြေဖုံးရှိ အကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ခဲ့လေသည်။
၁၉၈၅ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ အပြောင်းအလဲ၏ လေပြည်လေညင်းများ စတင်တိုက်ခတ်လာခဲ့ပြီး ရီဗိုးနီးယား တရားခွင်မှ တရားခံများအနက် ပထမဆုံးတဦးမှာ ထောင်မှလွတ်မြောက်လာခဲ့သည်။ ထိုအချိန်က သမ္မတ ပီ.ဒဗလျူ.ဘိုသာ က မင်ဒဲလားအား အပေးအယူတစ်ခု ကမ်းလှမ်းခဲ့သည် - ၎င်းမှာ အကြမ်းဖက်မှုကို စွန့်လွှတ်ကြောင်း ကြေညာပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူ၍ ဖြစ်သည်။
သို့သော် မင်ဒဲလားက ထိုကမ်းလှမ်းချက်ကို အောက်ပါအတိုင်း ငြင်းပယ်ခဲ့သည် - "လွတ်လပ်သူ အချင်းချင်းသာ ဆွေးနွေးညှိနှိုင်းခွင့်ရှိသည်။ အကျဉ်းသားတဦး အနေဖြင့် မည်သည့်စာချုပ်ကိုမျှ ချုပ်ဆိုနိုင်ခြင်း မရှိပေ။"
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အာဏာရ အမျိုးသားပါတီ အစိုးရသည် လူမျိုးပေါင်းစုံပါဝင်သော အစိုးရတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် မင်ဒဲလားနှင့် လျှို့ဝှက်ဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် မင်ဒဲလားကို ပြန်လွှတ်ပေးရန် လျှို့ဝှက်ညှိနှိုင်းမှုများ ဆက်တိုက်ရှိနေခဲ့သော်လည်း အခြားသူများအားလုံး လွတ်မြောက်သွားချိန်တွင် မင်ဒဲလားတစ်ဦးတည်းသာ အကျဉ်းထောင်ထဲ၌ ကျန်ရစ်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်မူ သမ္မတ အက်ဖ်.ဒဗလျူ.ဒီကလပ် က တစ်ကမ္ဘာလုံးက စောင့်မျှော်နေသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည် - ၎င်းမှာ နလ်လ်ဆင် မင်ဒဲလား လွတ်မြောက်တော့မည် ဟူသော သတင်းပင် ဖြစ်ပါသည်။
နောက်တနှစ်တွင် မင်ဒဲလားသည် အေအန်စီ (ANC) ပါတီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၉၄ ခုနှစ် ဧပြီလတွင် တောင်အာဖရိကရှိ လူမျိုးပေါင်းစုံတို့ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့် ရလာခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် အေအန်စီ (ANC) က မဲအရေအတွက် ၆၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် နယ်လ်ဆင်မင်ဒဲလားသည် တောင်အာဖရိကနိုင်ငံ၏ ပထမဦးဆုံးသော လူမည်းသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ ရာထူးလက်ခံခဲ့လေသည်။
အကယ်၍သာ ထိုစဉ်က မင်ဒဲလားသည် သေဒဏ်ပေးခြင်း ခံခဲ့ရမည်ဆိုလျှင် (အမှန်တကယ်လည်း သေဒဏ်ကျခံရနိုင်ခြေ ရှိခဲ့သည်) တောင်အာဖရိက၏ သမိုင်းကြောင်းသည် မည်မျှအထိ ကွဲပြားခြားနားသွားမည်နည်းဟု ကျွန်ုပ်တို့ တွေးတောမိနိုင်သည်။ သူ၏ နေရာတွင် အစားထိုးဝင်ရောက်လာမည့် မည်သည့်ခေါင်းဆောင်မျိုးမဆို မင်ဒဲလားကဲ့သို့ အစဉ်အလာကြီးမားမှု၊ ခွင့်လွှတ်လိုစိတ်ရှိမှု သို့မဟုတ် လှုံ့ဆော်စည်းရုံးနိုင်စွမ်းရှိမှုတို့၏ ထက်ဝက်ခန့်မျှပင် ရှိလိမ့်မည်ဟု မြင်ယောင်ကြည့်ရန်ပင် ခက်ခဲလှသည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် ဤကမ္ဘာလောကကြီးသည် ယခုထက်ပို၍ များစွာ တန်ဖိုးမဲ့ သွားပေလိမ့်မည်။
**************