တကမ္ဘာလုံး ကို သုံးကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့သော ပုဂ္ဂိုလ်

by Hla Soewai - May 18 2026

မင်းအောင်လှိုင်သည် တကမ္ဘာလုံး ကို တုန်လှုပ် ခြောက်ခြား စေခဲ့သည့် ဖြစ်ရပ်ကြီး သုံး ခု ဖြင့် ကိုင်လှုပ် နိုင်ခဲ့သူ ဖြစ်သည်။

 

ပထမ ဖြစ်ရပ်ကြီးကား နိုင်ငံရေး နှင့် ဆိုင်နေသည်။

 

၂၀၂၀ ရွေးကောက်ပွဲ အမီ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အား နိုင်ငံရေးအရ အကျပ်အတည်း ကျစေရန် ပြည်တွင်းရှိ ပြင်းထန်သော မျိုးချစ်စိတ်နှင့် ဘာသာရေး အစွန်းရောက်ဝါဒီများ၏ ထောက်ခံမှုကို ရရှိရန် ဖန်တီးလာခဲ့သည်။ လူထုအား စစ်တပ်၏ အခန်းကဏ္ဍသည် နိုင်ငံရေးတွင် မရှိမဖြစ် လိုအပ်ကြောင်း ပြသခြင်း ဖြင့် ၎င်းတို့ အပေါ် အားကိုးလာအောင် ကြိုးစားလာခြင်း ဖြစ်သည်။

 

၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကို အကြောင်းပြ၍ စစ်တပ်က "နယ်မြေရှင်းလင်းရေး" ဆိုသည့် ခေါင်းစဉ်ဖြင့် အင်အားအလွန်အကျွံသုံးကာ တုံ့ပြန်ခဲ့သည်။

 

ရလ‌ဒ် အဖြစ် ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် တသန်းနီးပါး ခန့် ခိုလှုံနေကြရပြီး ကမ္ဘာအကြီးမားဆုံး ဒုက္ခသည် စခန်း ကြီး အဖြစ် ထွက်ပေါ်လာခဲ့ရပြီး ကုလ သမဂ္ဂ အပါအဝင် အလှုရှင် နိုင်ငံများ အတွက် ကြီးစွာ သော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာခဲ့ရသည်။

 

ဒုတိယ မြောက် လုပ်လာသည်က ကြောက်ရွံ့လာမှု ကြောင့် ဖြစ်သည်။ မင်းအောင်လှိုင်သည် ရိုဟင်ဂျာ လူမျိုး တုန်း သန့်စင်မှု ကြီး ကျုးလွန်ခဲ့ပြီး လေးနှစ်နီးပါးခန့် အကြာတွင် ၅၂ သန်းသော ပြည်သူများက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြင့် ရွေးချယ် တင်မြှောက်ခဲ့သည့် ဒီမိုကရေစီ အစိုးရ ကို လက်နက် အားကိုးဖြင့် မဲသမာမှု လုပ်သည်ဟု စွပ်စွဲကာ ဖြုတ်ချပြီး လူထု ခေါင်းဆောင်များကို မတရား ဖမ်းဆီး ထောင်ချခဲ့၍ တကမ္ဘာလုံး ပွက် လော ရိုက်သွားခဲ့ကြရပြန်သည်။ ယင်းနှင့် အတူ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်း တောက်လောင်လာ၍ ဒေသတွင်း တည်ငြိမ်မှု ကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့ပြန်သည်။

 

တတိယ ဖြစ်ရပ်ကား မတော် လောဘ နှင့် သက်ဆိုင်‌ နေသည်။

 

ဤသည်ကား တကမ္ဘာလုံးအား အွန်လိုင်းမှ တဆင့် နည်းမျိုးစုံ ဖြင့် လိမ်လည် လှည့်ဖျားနေသော ကျားဖျန့် ခေါ် ငွေလိမ်ဂိုဏ်းများကို တရုတ်၊ ထိုင်း နယ်စပ်များ တွင် အလုံးအရင်း နှင့် ပေါ်ပေါက်လာသည်အထိ မျက်ကွယ် ပြု အား‌ ပေး အား မြှောက် ပြု ထားခဲ့ခြင်း ပင် ဖြစ်သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ နှင့် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း အခြေစိုက်စခန်း အများစုသည် စစ်တပ်၏ လက်အောက်ခံ သို့မဟုတ် စစ်တပ်နှင့် မဟာမိတ်ဖြစ်သော နယ်ခြားစောင့်တပ် (BGF) များ ထိန်းချုပ်သည့် နယ်မြေများ အတွင်း တွင်သာ တည်ရှိ နေခြင်း ဖြစ်သည်။

 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် စစ်အုပ်စုသည် နိုင်ငံခြားငွေ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ရရှိသော အခွန်အခများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်ကြေးများသည် စစ်ကောင်စီအတွက် အရေးပါသော "ဝင်ငွေအရင်းအမြစ်" တခု ဖြစ်လာခဲ့သည်။

 

ဒေါ်လာ ဘီလီယံ ပေါင်း များစွာ အကျိုး အမြတ် ရနေသည့် ငွေလိမ်ဂိုဏ်းများ တွင် ဝင်ရောက်လုပ်ကိုင်ရန် အာရှ၊ အာဖရိက နှင့် တောင်အမေရိက ရှိ နိုင်ငံသား များ သိန်း နှင့် ချီ ၍ ဖျားယောင်း သွေးဆောင်ခံခဲ့ကြရပြီး ဖမ်းဆီး နှိပ်စက်ကာ အတင်းအဓမ္မ ခိုင်း‌ စေ ခဲ့ကြ၍ တကမ္ဘာလုံး အုတ် အော် သောင်းနင်း ဖြစ်ခဲ့ကြရသည်။

 

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်နိုင်ငံ တခုတည်း၌ပင် ထိုကဲ့သို့သော လိမ်လည်မှုများကြောင့် ဆုံးရှုံးခဲ့ရသည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိခဲ့သည်။

 

ထို့အပြင် အဆိုပါ လိမ်လည်မှုဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသူများ၊ လုပ်ကိုင်နေသူများနှင့် သားကောင်ဖြစ်ခဲ့ရသူများထဲတွင် ၎င်း၏ နိုင်ငံသား အရေအတွက် များပြားလာခြင်းအပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက စိတ်အနှောင့်အယှက် ဖြစ်လာသည့်အတွက် နယ်စပ် ဒေသရှိ လက်ဝေခံ တပ်များ စေလွှတ် တိုက်ခိုက်ခဲ့၍ နယ်‌ မြေ အ‌ မြောက်အမြား လက်လွှတ် ဆုံး ရှုံးသွား ခဲ့ရသည်။

 

ယခု အချိန်ထိ ငွေလိမ်ဂိုဏ်းများ တွင် ပါဝင် ပတ်သက်နေသူ များကို တဦးတလေမျှပင် ဖမ်းဆီး တရားစွဲဆိုခြင်းမျိုး မရှိသေးသော်လည်း မင်းအောင်လှိုင် အုပ်စုက အွန်လိုင်းငွေလိမ်လုပ်ငန်း များတွင် လုပ်ကိုင်ရန် သားကောင်များ အဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း သို့မဟုတ် အကြမ်းဖက်အကျပ်ကိုင်ခြင်းများ ပြုလုပ်သူများကို သေဒဏ်ပေးရန် အဆိုပြုထားသည့် ဥပဒေကြမ်းတစ်ရပ်ကို မြန်မာနိုင်ငံက ကြာသပတေးနေ့ (မေလ ၁၄ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

"အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း" သည် ပြီးခဲ့သည့်လတွင် ၎င်းကိုယ်၎င်း အရပ်သား သမ္မတအဖြစ် တင်မြှောက်ခဲ့သည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့မှ ပထမဦးဆုံး တင်သွင်းလိုက်သည့် ဥပဒေပြုရေးဆိုင်ရာ မူကြမ်း ဖြစ်သည်။

 

ဒေါ်နယ် ထရမ့် ၏ တရုတ်ပြည် ခရီးစ‌ဉ် အတွင်း ယခုလို ထုတ်ပြန် လာခြင်းသည် တိုက်ဆိုင်မှု သာ ဖြစ်သည်ဟု ယုံကြည်သူ နည်းပါးလှသည်။

 

အဆိုပါ ဥပဒေ ကြမ်းတွင် ထုံးစံ မပျက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကော်မတီအသစ်တရပ် ဖွဲ့စည်းမည် ဆိုလာ၍ ၊ ၎င်းတို့နှင့် နိုင်ငံတကာ မှ ထိတွေ့ဆက်ဆံလာ‌ စေမည့် တချက်ခုတ် နှစ်ချက်ပြတ် စီစဉ်လိုက်ခြင်းလည်း ဖြစ်သည်။

 

ပြည်ပရောက် နိုင်ငံသားများ နေရပ်သို့ ငွေပြန်ပို့ရန် စစ်တပ်က ဖိအားပေးသည့် စည်းမျဉ်းများ ချမှတ်ခဲ့ပြီးနောက်၊ ပြည်ပ ရောက် အလုပ်သမား များ၏ ပြန်လည် လွှဲပို့ ငွေများသည် စစ်အုပ်စု အတွက် ပြည်ပဝင်ငွေ အများဆုံးရရှိရာ အရင်းအမြစ်များ ဖြစ်လာကြောင်း Bloomberg News က ကြည့်ရှုခွင့်ရရှိခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြနေသည်ဟု ဆိုသည်။

 

အများပြည်သူသို့ ထုတ်ပြန်ထားခြင်းမရှိသည့် အဆိုပါ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် လုပ်သားများ၏ လွှဲပို့ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံ ရှိခဲ့ပြီး၊ ယင်းမှာ နိုင်ငံခြားဝင်ငွေ စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့် ရှိသည်။ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၆၇၀ သန်းသာ ရှိခဲ့ရာမှ ယခုကဲ့သို့ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

 

ထိုငွေ များဖြင့် ၎င်းတို့အဖို့ ‌လေယာဉ်ဆီများကို ‌ဈေးကြီးပေးပြီး ဝယ်ယူ နိုင်ပြီး ဒရုန်းများ ဝယ်ယူ ဖို့လည်း လုံလောက် သော ငွေကြေး ပမာဏ လည်း ဖြစ်လာသည်။

 

တဖက်တွင်တော့ အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်များ ပြည်ပသို့ အစုလိုက် အပြုံလိုက် ထွက်ခွာနေ ခြင်း ကြောင့် ပြည်တွင်းတွင် အလုပ်သမား ရှားပါးလာနေသည့် အတွက် ပြည်ပမှ လာရောက် ရင်းနှီး မြုပ် နှံ ဖို့ မဖြစ်နိုင်သလောက် အခြေအနေများ ဖြစ်ပေါ်လာနေသည်။

 

ထိုသို့ ပြည်တွင်း တွင်သာ မက ပြည်ပ ကိုပါ ဒုက္ခလှလှကြီး ပေးနေသော ငရဲခွေးကြီးက လွတ်နေဆဲပင် ဖြစ်သည်။ ထိုသို့သော ငရဲခွေးကြီးက ကမ္ဘာအလယ်တွင် သံတမန်ရေး အရ နာလံ ပြန်ထူ နိုင်အောင် ကြိုးပမ်း နေခြင်းကလည်း လွန်စွာမှ အံ့ဘွယ် ကောင်းလှသည့် စိတ်ကူးစိတ်သန်း ပင် မဟုတ်ပါလား။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!