အမေရိကန် ဩဇာအာဏာ ကျဆင်းလာပြီ ဆိုသည့် ရှီ၏ အပြောကို ထရမ့် တုန့်ပြန်

by Hla Soewai - May 18 2026

တရုတ်ခေါင်းဆောင်နှင့် ဒုတိယ အကြိမ် ပြန်လည်မတွေ့ဆုံမီ နာရီပိုင်းအလိုတွင် သမ္မတ ထရန့်က အမေရိကန်ပြည်ထောင်စုသည် ‘ဆုတ်ယုတ်နေသော နိုင်ငံ’ တစ်ခုဖြစ်သည်ဟု ရှီကျင့်ဖျင်၏ ပြောကြားချက်အပေါ် ၎င်း၏ အမြင်ကို ယခုလို ထူးထူးဆန်းဆန်း တုန့်ပြန်လာခဲ့သည်။

 

ထရန့်က ရှီကျင့်ဖျင်၏ "ဆုတ်ယုတ်လာနေသော နိုင်ငံ" ဆိုသည့် အသုံးအနှုန်းမှာ ၁၀၀ ရာနှုန်း မှန်ကန်ကြောင်း၊ သို့သော် ထိုသို့ဖြစ်ရခြင်းမှာ ယခင် သမ္မတ အိပ်ငိုက် နေဖို့သာ သိ‌ သော Sleepy ဂျိုးဘိုင်ဒင် လက်ထက်က အခြေအနေကို ရည်ညွှန်းခြင်းသာ ဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ပြန်လည် ရေသားတုံ့ပြန်ခဲ့သည်။

 

ထိုစကား ကို ထရမ့်အား မည်သည့် အချိန်က ပြောခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

 

ကြာသပတေးနေ့က ပြည်သူ့ခန်းမဆောင်ကြီးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ‘သုစိဒိုက်ဒီးစ် ထောင်ချောက်’ (Thucydides Trap) ကို ရှောင်ရှားရန်လည်း ရှီက ပြောကြားခဲ့သည်။ ယင်းမှာ အင်အားကြီးနိုင်ငံဟောင်းတစ်ခုသည် အသစ်ထွက်ပေါ်လာသည့် အင်အားကြီးနိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံရ တော့မည် ဆိုသည့် အယူအဆ ကြောင့် စစ်ပွဲဆီသို့ ဦးတည်သွားတတ်သည်ဟူသော သဘောတရားပင် ဖြစ်သည်။

 

ရှီကျင့်ဖျင် ရည်ညွှန်းခဲ့သည့် အဆိုပါ 'ထောင်ချောက်' မှာ ရှေးဟောင်း ခေါမ စစ်သူကြီး 'သုစိဒိုက်ဒီးစ်' ပြုစုခဲ့သည့် ဒုတိယမြောက် ပဲလိုပွန်နီးရှန်းစစ်ပွဲ (ဘီစီ ၄၃၁ မှ ၄၀၄ အထိ) အကြောင်း သမိုင်း မှတ်တမ်းတွင် ပါရှိသည်ကို ရည်ညွှန်း ခဲ့ခြင်း ဖြစ်သည်။

 

အေသင်နှင့် စပါတာတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲမှာ အင်အားကြီးထွားလာသည့် နိုင်ငံ တနိုင်ငံက တည်ဆဲအင်အားကြီး နိုင်ငံ တနိုင်ငံ အပေါ် ခြိမ်းခြောက်လာသည်ဟု ယူဆသော ကြောင့် ဖြစ်သည်ဟု သုစိဒိုက်ဒီးစ်က အခိုင်အမာဆိုခဲ့သည်။ 'အေသင်၏ အင်အားကြီးထွားလာမှုက စပါတာကို ထိတ်လန့်ခြောက်ခြားစေခဲ့ပြီး ၎င်းတို့ကို စစ်ပွဲအတွင်းသို့ မဖြစ်မနေ တွန်းပို့ခဲ့သည်' ဟု သုစိဒိုက်ဒီးစ်က ရေးသားခဲ့သည်။

 

အကယ်၍ သမ္မတ ထရမ့်သည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်ကို နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းပါက ဘီဂျင်း နှင့် ဝါရှင်တန် အကြား 'အလွန်အန္တရာယ်များသော အခြေအနေ' သို့ ရောက်ရှိသွားနိုင်သည်ဟု ရှီက လူသိရှင်ကြား သတိပေးလာခဲ့ပြီ ဖြစ်သည်။

 

အမေရိကန်၏ အင်အားသည် ဆုတ်ယုတ်နေပြီး တရုတ်၏ အင်အားမှာမူ တိုးတက်လာနေသည်ဟု ရှီကျင့်ဖျင်က ယုံကြည်ထားကြောင်း လူသိများသည်။ ရှီကျင့်ဖျင်၏ ထင်ရှားသော နိုင်ငံခြားရေးမူဝါဒမှာ ကမ္ဘာကြီးသည် 'ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးသော ပြောင်းလဲမှုကြီးများ' ကို ရင်ဆိုင်နေရသည်ဟူသော အယူအဆပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ယင်းမှာ အမေရိကန်က လွှမ်းမိုးထားသည့် ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာအခင်းအကျင်း နိဂုံးချုပ်သွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

 

ယခုအခါ အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများဖြင့် အကွဲအပြဲဖြစ်နေပြီး၊ မဟာမိတ်များနှင့် အစေး မကပ်တော့သည့်အပြင် ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ပွဲ ကြောင့် ထပ်မံနှစ်မြုပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤအချိန်သည် တရုတ်နိုင်ငံအတွက် ကမ္ဘာ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို လုယူရန် အခွင့်ကောင်းတခု ဖြစ်ပုံရသည်ဟု ယူဆလာသည်။

 

 သို့သော်လည်း ဘီဂျင်း သည် အဆိုပါပဋိပက္ခများအပေါ် လူသိရှင်ကြား ရပ်တည်ချက်မျိုး ပြသပြီး အခွင့်ကောင်းယူရန် ရှောင်လွှဲနေခဲ့သည်။ ဒေသတွင်း၌ ကာလရှည်ကြာ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ခဲ့သည့် အီရန်ဘက်မှ ခုခံကာကွယ်ပေးပြီး အမေရိကန်ကို တိုက်ရိုက်ရင်ဆိုင်မည့်အစား တရုတ်သည် သွယ်ဝိုက်သော ထောက်ပံ့မှုများကိုသာ ပေးအပ်ခဲ့ပြီး အခြေအနေကို ဘေးထွက်ကကြည့်နေခဲ့သည်မှာ များသည်ဟု အတ္တလန်တစ် မဂ္ဂဇင်းကြီးက သုံးသပ် ရေးသားလာခဲ့သည်။

 

တရုတ်သည် အခွင့်အခါကောင်းကို စောင့်ဆိုင်းနေပြီး၊ အမေရိကန်ပြည်ထောင်စု၏ မီးစာကုန် ဆီခမ်းသွားချိန်တွင် ဖြစ်ပေါ်လာမည့် ခေါင်းဆောင်မှု လဟာပြင်ကို ဝင်ရောက်ဖြည့်ဆည်းပေး နိုင်တော့မည်ဟု ယူဆထားသည်။

 

တရုတ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ အကြံပေးပုဂ္ဂိုလ်များက အမေရိကန်ကို 'အင်အားဆုတ်ယုတ်နေသော်လည်း အန္တရာယ်ရှိသော နိုင်ငံ' အဖြစ် မကြာခဏ ဖော်ပြလေ့ရှိကြသည်။ ဆိုလိုသည်မှာ မိမိတို့၏ အရှိန်အဝါ ကျဆင်းသွားမှုကို ဟန့်တားနိုင်ရန် ရုတ်တရက် ရန်လိုလာသည့် ကျားနာ တကောင်လို မာန်ဖီလာမည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် နိုင်ငံမျိုး ဖြစ်သည်ဟု သတ်မှတ်ထားပြီး ဖြစ်သည်။

 

အမေရိကန်သည် မိမိကိုယ်ကို ပျက်စီးစေမည့် အကြောင်းတရားမျိုးစေ့များကို အတွင်း၌ပင် ပျိုးထောင်ထားပြီးသား ဖြစ်၍ သူ့ အရှိန် နှင့်သူ သွားလိမ့်မည်၊ ထို့အတွက်ကြောင့် နိုင်ငံတကာတွင် အင်အားကြီးစိုးနိုင်ရန်အတွက် အသေချာဆုံး လမ်းစမှာ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်ဘဲ စိတ်ရှည်သည်းခံခြင်းသာဖြစ်သည်ဟု တရုတ်က ယုံကြည်နေခြင်း ဖြစ်သည်။

 

အမေရိကန်၏ ဆုတ်ယုတ်မှုသည် ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု တရုတ်နိုင်ငံက လောင်းကြေးထပ်ထားသည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုသည် ယခင်ကလည်း ဝါတာဂိတ် အရှုပ်တော်ပုံနှင့် ဗီယက်နမ်စစ်ပွဲအပြီး ကာလများကဲ့သို့ အလွန်အမင်း စိတ်ဝမ်းကွဲမှုများနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေသည့် ဆိုးရွားသော အခြေအနေများမှ ပြန်လည် နာလန်ထူနိုင်ခဲ့ဖူးသည် ဆိုသည့် အချက်ကို မေ့လျော့နေပုံရသည်။

 

အိမ်နီးချင်းနိုင်ငံများသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ ပိုမိုမှီခိုလာရသည်နှင့်အမျှ ၎င်းတို့အပေါ် ပိုမိုရိုသေခန့်ညား (သို့မဟုတ် လိုက်လျော) လာလိမ့်မည်ဟူသော ဘီဂျင်း ၏ ယူဆချက်မှာလည်း သေချာစွာ စစ်ဆေးအကဲဖြတ်မှု ချို့တဲ့နေသည်။

 

ဘီဂျင်း ၏ ကြီးထွားလာသော စစ်ရေး စွမ်းရည် နှင့် စီးပွားရေးအရှိန်အဝါတို့ ရှိနေလင့်ကစား၊ ဂျပန် နှင့် ထိုင်ဝမ် တို့သည် ထိုင်ဝမ်အရေး၊ စင်ကာကူး/တျောက်ယွီ ကျွန်းစုများနှင့် ပတ်ဝန်းကျင်ရေပြင်များကို ထိန်းချုပ်ရန် တရုတ်၏ ရည်မှန်းချက်အပေါ် ဆက်လက်အံတုနေဆဲဖြစ်သည်။ အကယ်၍ အခြားအာရှနိုင်ငံများကလည်း ဘီဂျင်း၏ အညံ့ခံရန် တောင်းဆိုချက်များကို ထိုနည်းတူပင် ငြင်းဆန်အံတုလာကြမည်ဆိုပါက တရုတ်၏ 'စိတ်ရှည်သည်းခံခြင်း ဗျူဟာ' သည် ယခင်ကလောက် ခိုင်မာ တော့မည် မဟုတ်ပေ။

 

တဖက်တွင်လည်း တရုတ်၏ ပြည်တွင်းစီးပွားရေး အများစုမှာ ယက်ကန် ယက်ကန် ဖြစ် လာနေသည်။ ဘီဂျင်းသည် ထုတ်ကုန်လုပ်ငန်းနှင့် နည်းပညာကဏ္ဍတို့တွင် ပြင်းပြင်းထန်ထန် ရင်းနှီးမြှုပ်နှံမှုများကြောင့် ယင်းလုပ်ငန်းများ၌ လွှမ်းမိုးမှုရရှိခဲ့သော်လည်း၊ ကုန်စည်ထုတ်လုပ်မှုပမာဏမှာ ဝယ်လိုအားထက် များစွာကျော်လွန်သွားသည့်အတွက် စီးပွားရေး ကျုံ့လာသည့် သံသရာ အတွင်း ဝဲလည်နေသည်။

 

စီးပွားရေးတိုးတက်မှု နှေးကွေးလာပြီး ပြည်တွင်းကြွေးမြီများမှာလည်း မြင့်တက်လျက်ရှိသည်။ ပိုမိုမြင့်မားသော နည်းပညာအခြေခံ စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်းသည် လူငယ်အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်မားလာခြင်းအပါအဝင် လူမှုရေးဆိုင်ရာ ဖိအားများ ပေါ်ထွက်လာပေမည်။

 

ထို့အပြင် နိုင်ငံ၏ ပျမ်းမျှလူ့သက်တမ်း ရှည်ကြာလာမှုနှင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုတို့ကြောင့် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေနည်းပါးပြီး ပင်စင်စားဦးရေ ပိုမိုများပြားလာမည့် လူဦးရေဆိုင်ရာ အကျပ်အတည်း နှင့်လည်း ရင်ဆိုင်ရဖို့ ရှိနေသည်။ ထိုအလားအလာများသည် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် အမျိုးသားလုံခြုံရေး အစီအစဉ်များကို ရှုပ်ထွေးခက်ခဲစေသည်။

 

သို့သော်လည်း တရုတ်ခေါင်းဆောင်များသည် အမေရိကန် ရင်ဆိုင် နေရသော စိန်ခေါ်မှုများမှာ ၎င်းတို့ထက် ပိုမိုဆိုးရွားသည်ဟု ဆက်လက်ယုံကြည်နေကြဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ကျဆင်းမှုကို ကိုယ်တိုင်အရှိန်မြှင့် တက်သုပ် ရိုက် နေပြီး၊ ယင်းအခြေအနေသည် ကမ္ဘာ့အခင်းအကျင်းအသစ်တွင် တရုတ်နိုင်ငံအတွက် ပို၍ အချက်အခြာ ကျပြီး အင်အားကြီးမားသော အခန်းကဏ္ဍကို ရရှိရန် ဖန်တီးပေးလိမ့်မည်ဟု ၎င်းတို့က ရေရှည်အတွက် လောင်းကြေးထပ်ထားကြသည်။ 

 

ထို အလောင်းကစား အောင်မြင်မည်၊ မအောင်မြင်ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု၏ နောက်ထပ်လုပ်ဆောင်မည့် ခြေလှမ်းများအပေါ်တွင် များစွာမူတည်နေပေသည်ဟု ရေးသားထားသည်။

 

သမိုင်းတွင် ကွန်မြူနစ် နိုင်ငံ တနိုင်ငံက ကမ္ဘာဒီ မိုကရေစီ နိုင်ငံကြီး တနိုင်ငံ ကို ထိုသို့ ပြောဆိုရဲသည်ကို ပထမ ဆုံး အကြိမ် ကြားခဲ့ရခြင်းလည်း ဖြစ်သည်။

 

ထရမ့် အဖို့ ၎င်း၏ အဓိက ပြိုင်ဖက် ဖြစ်သူထံမှ ထိုသို့ အပြောမျိုး ခံလိုက်ရ၍ စိတ်ကူးယဉ်အိမ်မက်ထဲကနေ နိုးထပြီး မျက်မှောက် အမှန်တရားကို ရင်ဆိုင်နိုင်ရန် လှုပ်နှိုး ခံလိုက်ရခြင်း မျိုး ဖြစ်ပါစေ ဟု သာ ဆုတောင်းရပေတော့မည်။

 

(နယူးယောက် တိုင်းမ် နှင့် အတ္တလန်တစ် မဂ္ဂဇင်း ဆောင်းပါးများကို ကိုးကားသည်။)