အဘယ့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် အစိုးရ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်နေရသနည်း

by Hla Soewai - May 18 2026

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ဧပြီလ ၃၀ ရက်နေ့တွင်  “ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး သူမရဲ့ အခြေအနေကို တရုတ်နိုင်ငံက အမြဲတစေ ဂရုတစိုက်ရှိနေပါတယ်” ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

 

စစ်အုပ်စုသည် သူမအား ဖမ်းဆီးလိုက်ချိန်ကစ၍ နိုင်ငံရေးအကျဉ်းသားအဖြစ် ပုံဖေါ် လာမည်စိုးပြီး လုပ်ကြံ ထား‌ သော စွဲချက် အမျိုးမျိုး ဖြင့်ခြင်း ရာဇဝတ်သားတစ်ဦးအဖြစ် ဖန်တီးထားခဲ့သည်။ သို့သော်လည်း သာမန် ရာဇဝတ်သား တဦးပင် ရရှိ‌ နေနိုင်သည့် မိသားစုနှင့်ပင် တွေ့ဆုံခွင့်ကို ပိတ်ပင်ခံထားရပြီး သူမအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည့် တိကျသည့်သတင်းအချက်အလက်ကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

 

ဒေါ်အောင်ဆန်းစုကြည်သည် “မိတ်ဆွေဟောင်း” ဖြစ်ကြောင်းနှင့် သူမ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း တရုတ်အစိုးရ၏ တရားဝင် ထုတ်ဖော်ပြောကြားချက်မှာ ပေါ့ပေါတန်တန် ပြောဆိုခဲ့ခြင်းမျိုး မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များသည် အရပ်သားခေါင်းဆောင် အပေါ် ရန်ငြိုးထား နေကြသည် ကို ကောင်းစွာ သိထားသော ကြောင့်ပင် ဖြစ်သည်ဟု ဧရာဝတီ သတင်း‌ဌာန က ယခုလို ရေးသားလာခဲ့သည်။

 

တရုတ်အစိုးရဖက်မှ ယခုလို တရားဝင် ထုတ်ဖေါ် ပြောဆိုလာသည့်အတွက် မင်းအောင်လှိုင် အဖွဲ့ အတွက် စိတ်မသက်မသာ ဖြစ်စေမည်မှာ သေချာသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်မှ အပြီးတိုင် ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်နေကြသည့် စစ်တပ်အတွင်းရှိ သဘောထားတင်းမာသူများနှင့် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်းရှိ အင်အားစုများအတွက်လည်း ပြတ်သားသော သတိပေးချက်တခု ဖြစ်လာခဲ့သည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက် ထွက်ပေါ်လာသည့် ညမှာပင် စစ်အုပ်စု က ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ ပြစ်ဒဏ်များကို ဆက်လက်ကျခံရန် “သတ်မှတ်နေရာ တခု” သို့ ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည် (သတင်းရင်းမြစ်များ၏ အဆိုအရ တပတ်ခန့်ကတည်းက ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်)။

 

ဤထုတ်ပြန်ချက်များ နာရီခြားပြီး ထွက်ပေါ်လာခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ခြေ နှစ်ခု ရှိနေသည်။

 

စစ်အုပ်စုသည် ၎င်းတို့ ထိုသို့ လုပ်မည်ကို တရုတ်အစိုးရနှင့် ကြိုတင်ညှိနှိုင်းထားခြင်း လော။ သို့မဟုတ်ပါက တရုတ်အစိုးရသည် ယခင်က သဘောတူထားသည့် မူဘောင်များမှ သွေဖည်သွားခြင်းမျိုး မရှိစေရန်အတွက် အလျင်အမြန် ဦးအောင် ထုတ်ပြန်လာခြင်းလော ဟူ၍ ဖြစ်သည်။

 

ဤအချက်သည် လတ်တလော ဖြစ်ပေါ်ခဲ့မှုများနှင့် ဆက်စပ် နေသည်ကို တွေ့ရသည်။ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စတင်ချိန်၌ တရုတ်အထူးသံတမန်က အဆိုပါရွေးကောက်ပွဲများသည် တရုတ်အစိုးရနှင့် စစ်အုပ်စု တို့အကြား ကြိုတင်ရရှိထားသော “သဘောတူညီချက်” အတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

 

တရုတ်သံတမန်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ ကြိုတင်သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုကြသည်။ ဧပြီလ ၂၅ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြကြပြီး၊ ထိုသို့တွေ့ဆုံခဲ့ခြင်းမှာ တရုတ်အစိုးရ၏ နောက်ဆက်တွဲ ပြောဆိုချက်များအရ ဖြစ်နိုင်ခြေ အလွန်များသည့် အခြေအနေတခုလည်း ဖြစ်သည်။

 

တရုတ်တို့၏ သံတမန်ရေးရာ အသုံးအနှုန်းတွင် “မိတ်ဆွေဟောင်း” ဆိုသည့် ဂုဏ်ထူး ကို အလွယ်တကူ ပြောဆိုလေ့ မရှိပေ။ အဆိုပါ အသုံးအနှုန်းကို တရုတ်အစိုးရနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နိုင်ငံရေး သို့မဟုတ် စီးပွားရေး ဆက်ဆံရေးများကို တည်ဆောက်ပေးခဲ့သည့် ပုဂ္ဂိုလ်များအတွက်သာ သီးသန့် အသုံးပြုခြင်း ဖြစ်သည်။

 

ဥပမာအားဖြင့် - အမေရိကန်-တရုတ် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျာ သည် ယနေ့တိုင် တရုတ်တို့၏ စံပြ “မိတ်ဆွေဟောင်း” တစ်ဦးအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လက်ရှိ၌ ထိုကဲ့သို့ အထူးသတ်မှတ်ခံရသူ ထင်ရှားကျော်ကြားသူ နှစ်ဦးသာ ရှိသည် - ၎င်းတို့မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သည်။

 

ဦးသန်းရွှေသည် မြန်မာ့ပိုင်နက်ကို ဖြတ်သန်းသွားသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် ဤဘွဲ့ထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပိုက်လိုင်းများသည် ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က တရုတ်သမ္မတ ဟူကျင်ထောင်းဖော်ထုတ်ခဲ့သည့် “မလက္ကာ ရေလက်ကြား အကျပ်အတည်း” ဟု လူသိများသော မဟာဗျူဟာမြောက် လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

 

တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု အများစုမှာ မလက္ကာ ရေလက်ကြားကိုသာ မှီခိုနေရကြောင်း ဟူကျင်ထောင်းက သတိပြုမိခဲ့သည်။ အဆိုပါ ကျဉ်းမြောင်းသော ရေလမ်းကြောင်းမှာ ပြိုင်ဘက်အင်အားကြီးနိုင်ငံများ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) ၏ ပိတ်ဆို့မှုကို ခံရနိုင်ခြေရှိပြီး၊ ၎င်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် စွမ်းအင်လုံခြုံရေးအတွက် အလွန်စိုးရိမ်ရသည့် အားနည်းချက်တစ်ခုဖြစ်သည်ဟု ၎င်းက ယူဆခဲ့သည်။

 

ထိုသို့ စိုးရိမ်ပူပန်လာမှု များကို လျှော့ချရန်အတွက် တရုတ်အစိုးရသည် မြန်မာ့ပိုက်လိုင်းစီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး "ရပ်ဝန်းနှင့် ပိုးလမ်းမ" (BRI) အခြေခံအဆောက်အအုံများကို တိုးချဲ့ခြင်းနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ရေတပ်အင်အား တိုးချဲ့ခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။

 

ရခိုင်ပြည်နယ်၊ မဒေးကျွန်းပေါ်ရှိ ပိုက်လိုင်းများ၊ ဆိပ်ကမ်းနှင့် ရေနံသိုလှောင်ရုံ စသည့် အဆောက်အအုံများ ပေါ်ပေါက်လာစေရန် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် ဦးသန်းရွှေသည် တရုတ်အစိုးရ၏ "မိတ်ဆွေဟောင်း" ဆိုသော ဂုဏ်ပုဒ်ကို တည်ဆောက်နိုင်ခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရလာသောအခါ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုင်ငံတော်စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် အမေရိကန်နှင့် အနောက်နိုင်ငံ မဟာမိတ်များထံသို့ အစောပိုင်းတွင် မျှော်လင့်အားကိုးခဲ့သည်။

 

သို့သော် ထိုအကူအညီများမှာ နှေးကွေး‌ နေချိန်၊ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေး အကျပ်အတည်းကြောင့် အနောက်နိုင်ငံများ၏ ပြင်းထန်သော သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ တုံ့ပြန်မှုများ ကို ကြုံတွေ့ခဲ့ရသည်။ ကူညီဖို့ မည်သူကမျှ ဦးဆောင်ဦးရွက် မပြောရဲ၊ မလုပ်ရဲသည့် အဖြစ် ရောက်လာခဲ့သည်။

 

အနောက်နိုင်ငံ မဟာမိတ်ဟောင်းများက ယခု အချိန်တွင် အနီးကပ် ဆက်ဆံခြင်းမျိုးသည် political correctness မဟုတ်ဟု ခံယူ လာ ချိန်တွင် တော့ သူမသည် လက်တွေ့ကျကျဖြင့် တရုတ်နိုင်ငံဘက်သို့ ဦးလှည့်ခဲ့သည်၊ တရုတ် နှင့် မဆက်ဆံပဲ နေ၍ မရ ဆိုသည် နှင့် တရုတ်ဘက်ကလည်း ၎င်းတို့၏ ဧရာမ အခြေခံအဆောက်အအုံ စီမံကိန်းများကို အကောင်အထည်ဖော်ရန် လိုလားနေချိန် ဖြစ်သည်။

 

သို့သော်လည်း သူမသည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို သေချာစွာ စိစစ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကြွေးမြီထောင်ချောက်အတွင်း သက်ဆင်းမသွားစေရန် အစဉ်တစိုက် ညှိနှိုင်းဆောင်ရွက်ခဲ့ကာ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်အတွက် စီမံကိန်းအချို့ကို အောင်မြင်စွာ လျှော့ချပြင်ဆင်နိုင်ခဲ့သည်။

 

နှစ်ရှည်လများ စေ့စေ့စပ်စပ် ညှိနှိုင်းခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိလာခဲ့ပြီး သဘောတူညီချက် ၃၃ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထို အထဲတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်း၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ အကျိုးတူလုပ်ငန်းများ၊ စက်မှုဇုန်များ၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူ ဘောင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ (ဆန်၊ ပဲမျိုးစုံ) တင်ပို့ရေး သဘောတူညီချက်များနှင့် မွေးမြူရေးကဏ္ဍ အတွက် အကူအညီများ။ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် ယွမ်ငွေအသုံးပြုမှုကို အားပေးရန်။ နည်းပညာနှင့် ဒစ်ဂျစ်တယ် အခြေခံသည့် “စမတ်စီးတီး” စီမံကိန်းများ၊ ဂြိုဟ်တုနည်းပညာနှင့် အိုင်တီ (IT) ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်။ ပညာသင်ဆုများ၊ မီဒီယာပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်မှုရှိစေရန် ပူးတွဲတရားဥပဒေစိုးမိုးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ အစရှိသည် တို့ ဖြစ်သည်။

 

ထို “မီဂါ စီမံကိန်း” များ သည် လာမည့် ဆယ်စုနှစ်နှစ်ခုစာအတွက် မြန်မာ-တရုတ် ဆက်ဆံရေး၏ အခြေခံမူဘောင်ကို ထိရောက်စွာ ချမှတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံအတွက် အရေးပါသော အခြေခံအဆောက်အအုံ မြှင့်တင်မှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း၊ တဖက်တွင်လည်း တရုတ်နိုင်ငံအပေါ် မဟာဗျူဟာမြောက် မှီခိုအားထားနေရမည်လား ဟု စိုးရိမ်ရသည့် အန္တရာယ်များလည်း တပါတည်း ကပ်ပါလာခဲ့သည်။

 

တရုတ်ကို ပစ်ပယ်၍ မရမှန်း သိရှိလာမှု နှင့် အတူ နိုင်ငံခြား ရေး မူဝါဒ ကို ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို စနစ်တကျ အခြေချနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က သေချာစွာ တွက်ချက်အားထုတ်ခဲ့မှု၏ ရလဒ်ဖြစ်ပါသည်။ လေ့လာသူများက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာဆိုင်ရာ အကျိုးစီးပွားများကို ဦးစားပေးလျက် စေ့စေ့စပ်စပ် စီစစ်ပြီးမှသာ သဘောတူခဲ့ခြင်းဖြစ်ကြောင်းနှင့် တရုတ်အစိုးရကလည်း ထိုလုပ်ဆောင်ချက်အပေါ် လေးစားမှုရှိခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။

 

၎င်းမှာ မိမိ၏ အာဏာတည်မြဲရေးအတွက်သာ တရုတ်၏ တောင်းဆိုချက်များကို ပစ္စလက်ခတ် လိုက်လျောနေသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အလဲအထပ် လုပ် ချဉ်းကပ်ခဲ့ပုံ နှင့် သိသိသာသာ ကွာခြားနေသည်။

 

တရုတ်အစိုးရသည် အခြေအနေကို ပါးနပ်စွာ ရှုမြင်ထားပြီး ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ မိတ်ဆွေဟောင်း ဒေါ်အောင်ဆန်းစုကြည်သာ အဆိုပါ စီမံကိန်းများကို ဦးဆောင် အကောင်အထည်ဖော်မည်ဆိုပါက မြန်မာပြည်သူလူထု၏ ထောက်ခံမှုကို ရရှိနိုင်ခြေရှိသည်ဟူ၍ ဖြစ်သည်။

 

လူထု၏ လုံးဝထောက်ခံမှုမရရှိသော မင်းအောင်လှိုင် အဖွဲ့က စီမံကိန်းများကို အတင်းအကျပ် အကောင်အထည်ဖော်မည် ဆိုက လူထု၏ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။

 

ထို့ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ‌ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆွေဟောင်းကြီး ဟု ပြောဆို ခဲ့မှု နှင့် အတူ CMEC စီမံကိန်းနှင့် ဒေသတွင်းတည်ငြိမ်ရေးကို အခြေခံလျက် “ပိုမိုကျယ်ပြန့်၊ ခိုင်မာပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး” ဆိုကာ တိုက်တွန်းပြောဆိုလာသည့်အခါ၊ ၎င်းတို့၏ မိတ်ဆွေဟောင်းအပေါ် ထားရှိသည့် ပြောင်းလဲလာသော သဘောထားမှာ အလေးထားစောင့်ကြည့်ရမည့် အဆုံးအဖြတ်ပေးနိုင်သော အချက်ပင် ဖြစ်သည်။

 

တရုတ်နိုင်ငံ၏ ထောက်ခံမှုကို အားကိုးနေရသည့် စစ်ဗိုလ်ချုပ်များအတွက်မူ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ဖယ်ရှားပစ်ရန် ဆက်၍ အခက်ကြုံ နေဦးမည်သာ ဖြစ်သည်ဟု ဆောင်းပါးနိဂုံးတွင် ဖေါ်ပြထားသည်။

 

အကယ်၍ ဒေါ်နယ် ထရမ့်သည်သာ ယခုလို အချိန်မျိုးတွင် သူမအား လွှတ်ပေးရန် တောင်းဆိုခဲ့မည် ဆိုက အခြေအနေများ လျှင်မြန်စွာ ပြောင်းလဲ ကောင်း ပြောင်းလဲသွားနိုင်ပေသည်။

 

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီး ဖြစ်နေခြင်း၊ နိုဘဲလ် ငြိမ်းချမ်းရေးဆု ရထားသူ ဖြစ်နေခြင်း၊ ၎င်း၏ ရန်သူတော်ကြီး သမ္မတ အိုဘာမားကပင် "My Hero" ဟု တလေးတစား ထုတ်ဖေါ် ပြောဆိုခဲ့မှု များ ကြောင်း ထိုသို့ ပြောဆိုရမည့် အရေးကို ခေါင်းထဲက ဖယ်ထုတ်ထားခဲ့ခြင်းသာ ဖြစ် ပေသည်။

 

သို့သော် ထရမ့်က ၎င်း၏ တရုတ်ပြည် ခရီးစဉ်အတွင်း ဖမ်းဆီးထောင်ချခံထားရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်၏ အမှုကို တင်ပြဆွေးနွေးသွားမည်ဟု ပြောခဲ့သည်။

 

မင်းအောင်လှိုင် အဖို့ နောက်လ ထဲတွင် အရှက်ကွဲဖို့ ကြုံလာရပြန်သည်။ ယင်းသည် ရုရှားနှင့် အာဆီယံတို့၏ မိတ်ဘက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမည့်လ ဇွန် ၁၇-၁၉ တွင် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ သမ္မတ ဗလာဒီမာပူတင်နှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံဖို့ ရှိနေပြီး ရုရှားအနေဖြင့် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့၏ သပိတ်မှောက်မှုကို မခံရစေရန်အတွက် အာဆီယံ၏ မူဝါဒကို ကျော်လွန်ပြီး မင်းအောင်လှိုင် တဦးတည်းကို ဖိတ်ကြားရန် ခဲယဉ်းလှသည်။ 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!